အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

ဓမ္မသစ်ကျမ်း

တ​မန်​တော်​ဝတ္ထု 2 Myanmar Standard Bible (MSB)

ပင်​တေ​ကုတ္တေ​ပွဲ

1. ပင်​တေ​ကုတ္တေ​ပွဲ​နေ့​ရောက်​သော​အ​ခါ ထို​သူ​အ​ပေါင်း​တို့​သည် တစ်​နေ​ရာ​တည်း​၌ စု​ဝေး​နေ​ကြ​၏။

2. ထို​အ​ခါ ပြင်း​ထန်​သော​လေ​တိုက်​ခတ်​သံ​နှင့်​တူ​သည့် အ​သံ​သည် ကောင်း​ကင်​မှ ရုတ်​တ​ရက်​ပေါ်​ထွက်​လာ​၍ သူ​တို့​ထိုင်​နေ​သော​အိမ်​တစ်​အိမ်​လုံး​ကို ဖုံး​လွှမ်း​လေ​၏။

3. ထို့​နောက် ဖြာ​ထွက်​သည့်​မီး​လျှံ​ကဲ့​သို့​သော​လျှာ​များ​သည် သူ​တို့​ရှေ့​၌​ပေါ်​ထွက်​လာ​၍ သူ​တို့​တစ်​ဦး​စီ​အ​ပေါ်​တည်​လေ​၏။

4. ထို​အ​ခါ သူ​တို့​အား​လုံး​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက် ဝိ​ညာဉ်​တော်​သည် သူ​တို့​အား ပြော​နိုင်​စွမ်း​ပေး​တော်​မူ​သည့်​အ​တိုင်း အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ဖြင့် စ​တင်​ပြော​ဆို​ကြ​၏။

5. ထို​အ​ချိန်​ကာ​လ​တွင် မိုး​ကောင်း​ကင်​အောက်​ရှိ တိုင်း​နိုင်​ငံ​အ​သီး​သီး​မှ ဘု​ရား​တ​ရား​ကြည်​ညို​သော​ဂျူး​လူ​မျိုး​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​၌​တည်း​ခို​နေ​ကြ​၏။

6. ထို​အ​သံ​ထွက်​ပေါ်​လာ​သော​အ​ခါ များ​စွာ​သော​လူ​တို့​သည် စု​ဝေး​လာ​ကြ​၍ သူ​တို့​အ​သီး​သီး​သည် သူ​တို့​၏​ဘာ​သာ​စ​ကား​ဖြင့် တ​မန်​တော်​တို့​ပြော​ဆို​နေ​ကြ​သည်​ကို​ကြား​ရ​သ​ဖြင့် အံ့​ဩ​တွေ​ဝေ​ကြ​ကုန်​၏။

7. သူ​တို့​သည် အံ့​သြ​ငေး​မော​ကြ​လျက် “ကြည့်​ပါ။ ယ​ခု​ပြော​ဆို​နေ​သော ဤ​သူ​အား​လုံး​တို့​သည် ဂါ​လိ​လဲ​နယ်​သား​များ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

8. သို့​ဖြစ်​လျှင် ငါ​တို့​အ​သီး​သီး​သည် ငါ​တို့​မွေး​ဖွား​ရာ​အ​ရပ်​မှ ဘာ​သာ​စ​ကား​ဖြင့် ကြား​နေ​ရ​သည်​မှာ မည်​သို့​နည်း။

9. ငါ​တို့​တွင် ပါ​သိ​လူ​မျိုး၊ မေ​ဒိ​လူ​မျိုး​နှင့် ဧ​လံ​လူ​မျိုး​များ​မှ​စ​၍ မက်​ဆို​ပို​တေး​မီး​ယား​ပြည်၊ ယု​ဒ​ပြည်၊ ကပ္ပ​ဒေါ​ကိ​ပြည်၊ ပုန္တု​ပြည်၊ အာ​ရှ​ပြည်၊

10. ဖြူ​ဂိ​ပြည်၊ ပံ​ဖု​လိ​ပြည်၊ အီ​ဂျစ်​ပြည်​နှင့် ကု​ရေ​နေ​မြို့​အ​နီး လစ်​ဗျား​နယ်​မြေ​ဒေ​သ​တို့​၌ နေ​ထိုင်​သော​သူ​များ​ရှိ​ကြ​၏။ ထို့​ပြင် အ​လည်​အ​ပတ်​ရောက်​ရှိ​လာ​သော​ရော​မ​နိုင်​ငံ​သား​များ၊ ဂျူး​လူ​မျိုး​များ​နှင့် ဂျူး​ဘာ​သာ​ဝင်​ဖြစ်​လာ​သူ​များ၊

11. က​ရေ​တေ​ကျွန်း​သား​များ၊ အာ​ရပ်​ပြည်​သား​များ​လည်း​ရှိ​ကြ​၏။ သို့​ဖြစ်​လျက်​နှင့် ဤ​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​အံ့​ဖွယ်​သော​အ​မှု​တို့​ကို ငါ​တို့​၏​ဘာ​သာ​စ​ကား​များ​ဖြင့် ပြော​ဆို​နေ​ကြ​သည်​ကို ငါ​တို့​ကြား​ရ​ပါ​သည်​တ​ကား”​ဟု ပြော​ဆို​ကြ​၏။

12. လူ​အား​လုံး​တို့​သည် အံ့​သြ​ငေး​မော​လျက် ဝေ​ခွဲ​မ​ရ​ဖြစ်​ကြ​ကာ “ဤ​အ​မှု​အ​ရာ​သည် မည်​သည့်​အ​ရာ​ကို​ဆို​လို​သ​နည်း”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

13. သို့​သော် လူ​အ​ချို့​တို့​က “သူ​တို့​သည် ဝိုင်​ချို​ဖြင့်​မူး​ယစ်​နေ​ကြ​သည်”​ဟု ကဲ့​ရဲ့​ပြော​ဆို​ကြ​၏။

ပေ​တ​ရု​၏​ဟော​ပြော​ချက်

14. ထို​အ​ခါ ပေ​တ​ရု​သည် တ​မန်​တော်​တစ်​ဆယ့်​တစ်​ပါး​တို့​နှင့်​အ​တူ​မတ်​တတ်​ရပ်​လျက် မိ​မိ​အ​သံ​ကို​ကျယ်​စွာ​ပြု​၍ “ဂျူး​အ​မျိုး​သား​များ​နှင့် ဂျေ​ရု​ဆ​လင်​မြို့​၌ နေ​ထိုင်​ကြ​သော​သူ​အ​ပေါင်း​တို့၊ ဤ​အ​ရာ​ကို​သင်​တို့​အား သိ​မှတ်​စေ​လို​ပါ​၏။ ငါ့​စ​ကား​ကို သေ​ချာ​စွာ​နား​ထောင်​ကြ​လော့။

15. ယ​ခု​အ​ချိန်​ကား နံ​နက်​ကိုး​နာ​ရီ​ဖြစ်​၍ ဤ​သူ​တို့​သည် သင်​တို့​ထင်​မှတ်​သ​ကဲ့​သို့ ယစ်​မူး​နေ​ကြ​သည်​မ​ဟုတ်။

16. ဤ​အ​ရာ​သည် ပ​ရော​ဖက်​ယော​လ​ဟော​ပြော​ထား​သော​အ​ရာ​ပင်​ဖြစ်​၏။

17. ဟော​ပြော​ထား​သော​အ​ရာ​မှာ ‘ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည်​ကား ငါ​သည် နောက်​ဆုံး​သော​နေ့​ရက်​တို့​၌ လူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ ငါ​၏​ဝိ​ညာဉ်​ကို​သွန်း​လောင်း​မည်။ ထို​အ​ခါ သင်​တို့​၏​သား​သ​မီး​များ​သည် ပ​ရော​ဖက်​ပြု​ဟော​ပြော​ကြ​လိမ့်​မည်။ သင်​တို့​ထဲ​မှ​လူ​ငယ်​များ​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို​မြင်​ကြ​ရ​လိမ့်​မည်။ သင်​တို့​ထဲ​မှ​သက်​ကြီး​ဝါ​ကြီး​များ​သည် အိပ်​မက်​များ​ကို​မြင်​မက်​ကြ​လိမ့်​မည်။

18. ထို​နေ့​ရက်​တို့​၌ ငါ​သည် ငါ​၏​အ​စေ​ခံ​ယောက်ျား​နှင့် ငါ​၏​အ​စေ​ခံ​မိန်း​မ​တို့​အ​ပေါ်​သို့ ငါ​၏​ဝိ​ညာဉ်​ကို​သွန်း​လောင်း​သ​ဖြင့် သူ​တို့​သည် ပ​ရော​ဖက်​ပြု​ဟော​ပြော​ကြ​လိမ့်​မည်။

19. အ​ထက်​ကောင်း​ကင်​၌ အံ့​သြ​ဖွယ်​ရာ​များ​ကို​လည်း​ကောင်း၊ အောက်​မြေ​ကြီး​ပေါ်​၌ သွေး၊ မီး​လျှံ​နှင့် မီး​ခိုး​ငွေ့​တည်း​ဟူ​သော နိ​မိတ်​လက္ခ​ဏာ​များ​ကို​လည်း​ကောင်း ငါ​ပြ​မည်။

20. ထာ​ဝ​ရ​ဘု​ရား​၏​ထူး​မြတ်​သော​နေ့​ကြီး​မ​ရောက်​မီ နေ​သည် မှောင်​မိုက်​သွား​၍ လ​သည် သွေး​ဖြစ်​သွား​လိမ့်​မည်။

21. ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို ပတ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်’​ဟူ​၍ ဖြစ်​၏။

22. အစ္စ​ရေး​အ​မျိုး​သား​တို့၊ ဤ​စ​ကား​တို့​ကို​နား​ထောင်​ကြ​လော့။ သင်​တို့​သိ​ကြ​သည့်​အ​တိုင်း ဘု​ရား​သ​ခင်​သည် နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​အား​ဖြင့် သင်​တို့​အ​လယ်​၌ အံ့​ဩ​ဖွယ်​ရာ​များ၊ တန်​ခိုး​လက္ခ​ဏာ​များ​နှင့် နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြု​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ဤ​အ​ရာ​များ​အား​ဖြင့် ယေ​ရှု​နှင့်​ပတ်​သက်​သော ခိုင်​မာ​သည့်​အ​ထောက်​အ​ထား​များ​ကို သင်​တို့​အား​ပြ​တော်​မူ​၏။

23. ဘု​ရား​သ​ခင်​ချ​မှတ်​ထား​သော​အ​ကြံ​အ​စည်​တော်​နှင့် ကြို​တင်​သိ​မြင်​သော​ဉာဏ်​တော်​တို့​အ​ရ အပ်​နှံ​ခြင်း​ခံ​ရ​သော​ထို​အ​ရှင်​ကို သင်​တို့​သည် တ​ရား​မဲ့​သော​သူ​တို့​လက်​ဖြင့် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​၍ ကွပ်​မျက်​ကြ​၏။

24. သို့​သော် ဘု​ရား​သ​ခင်​သည် ထို​အ​ရှင်​ကို သေ​ခြင်း​နှင့်​ဆိုင်​သော​ဝေ​ဒ​နာ​မှ​လွတ်​မြောက်​စေ​၍ ထ​မြောက်​စေ​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် သေ​ခြင်း​သည် ထို​အ​ရှင်​ကို အ​စဉ်​ချည်​နှောင်​ထား​၍​မ​ရ​နိုင်​ချေ။

25. ဒါ​ဝိဒ်​က​လည်း ထို​အ​ရှင်​နှင့်​ပတ်​သက်​၍ ‘ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​မ​ပြတ်​မျက်​မှောက်​ပြု​၏။ အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် ငါ​၏​လက်​ယာ​ဘက်​၌ ရှိ​တော်​မူ​သည်​ဖြစ်​၍ ငါ​သည် တုန်​လှုပ်​ခြင်း​မ​ရှိ​ရာ။

26. ထို့​ကြောင့် ငါ​၏​စိတ်​နှ​လုံး​သည်​ပျော်​ရွှင်​၍ ငါ​၏​နှုတ်​သည်​ရွှင်​မြူး​၏။ ထို​မျှ​မ​က ငါ​၏​သွေး​သား​သည်​လည်း မျှော်​လင့်​ခြင်း​၌​ခို​လှုံ​လိမ့်​မည်။

27. အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် အ​ကျွန်ုပ်​၏​စိတ်​ဝိ​ညာဉ်​ကို မ​ရ​ဏာ​နိုင်​ငံ​၌ စွန့်​ပစ်​ထား​တော်​မူ​မည်​မ​ဟုတ်။ ကိုယ်​တော်​၏​သန့်​ရှင်း​သော​သူ​အား​လည်း ပုပ်​ပျက်​ခြင်း​နှင့် ကြုံ​တွေ့​ခွင့်​ပေး​တော်​မူ​မည်​မ​ဟုတ်။

28. ကိုယ်​တော်​သည် အ​ကျွန်ုပ်​အား အ​သက်​ရှင်​ခြင်း​လမ်း​ကို​သိ​စေ​၍ ရှေ့​တော်​၌ အ​ကျွန်ုပ်​ကို ဝမ်း​မြောက်​ခြင်း​နှင့်​ပြည့်​ဝ​စေ​တော်​မူ​လိမ့်​မည်’​ဟု ဆို​ထား​၏။

29. ညီ​အစ်​ကို​တို့၊ ရှေး​ဘိုး​ဘေး​ဒါ​ဝိဒ်​နှင့်​ပတ်​သက်​၍ သင်​တို့​အား ငါ​အ​တိ​အ​လင်း​ပြော​ဆို​နိုင်​သည်​မှာ သူ​သည်​သေ​လွန်​၍ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​ပြီး သူ​၏​သင်္ချိုင်း​ဂူ​သည် ယ​နေ့​တိုင်​အောင် ငါ​တို့​အ​ရပ်​၌​ရှိ​၏။

30. သူ​သည် ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သော​ကြောင့် သူ့​သား​မြေး​ထဲ​မှ တစ်​ဦး​ကို သူ​၏​ပလ္လင်​ပေါ်​တွင်​ထိုင်​စေ​မည်​ဟု ဘု​ရား​သ​ခင်​သည် သူ့​အား​က​တိ​သစ္စာ​ဖြင့်​တိုင်​တည်​၍ မိန့်​တော်​မူ​ကြောင်း​သိ​ထား​၏။

31. သူ​သည် ၎င်း​ကို​ကြို​တင်​သိ​မြင်​လျက် ခ​ရစ်​တော်​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​ကို ဟော​ပြော​ကာ ‘ကိုယ်​တော်​သည် မ​ရ​ဏာ​နိုင်​ငံ​၌ စွန့်​ပစ်​ထား​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။ ခန္ဓာ​တော်​ကို​လည်း ပုပ်​ပျက်​ခြင်း​နှင့် ကြုံ​တွေ့​ခွင့်​ပေး​တော်​မူ​မည်​မ​ဟုတ်’​ဟု ဆို​ခဲ့​၏။

32. ဘု​ရား​သ​ခင်​သည် ထို​ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​၏။ ငါ​တို့​အား​လုံး​သည် ဤ​အ​ကြောင်း​အ​ရာ​၏​သက်​သေ​များ​ဖြစ်​ကြ​၏။

33. ထို​သို့​ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​လက်​ယာ​တော်​ဘက်​၌ ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​ပြီး​နောက် က​တိ​ထား​တော်​မူ​သည့်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခ​မည်း​တော်​ထံ​မှ​ခံ​ယူ​ရ​ရှိ​လျက် သင်​တို့​တွေ့​မြင်​ကြား​သိ​သည့်​အ​တိုင်း ထို​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း​တော်​မူ​၏။

34. ဒါ​ဝိဒ်​သည် ကောင်း​ကင်​ဘုံ​သို့​တက်​သွား​ခဲ့​သည်​မ​ဟုတ်။ သို့​သော် သူ​က ‘ထာ​ဝ​ရ​ဘု​ရား​သည် ငါ​၏​သ​ခင်​ဘု​ရား​အား

35. သင့်​ရန်​သူ​တို့​ကို သင်​၏​ခြေ​တင်​ခုံ​အ​ဖြစ် ငါ​ချ​ထား​သည့်​တိုင်​အောင် ငါ​၏​လက်​ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု​မိန့်​တော်​မူ​၏’​ဟူ​၍ ဆို​လေ​၏။

36. ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌ သင်​တို့​တင်​ခဲ့​သော​ထို​ယေ​ရှု​ကို သ​ခင်​အ​ရာ​၌​လည်း​ကောင်း၊ ခ​ရစ်​တော်​အ​ရာ​၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​ကြောင်း အစ္စ​ရေး​တစ်​မျိုး​လုံး​သည် သေ​ချာ​စွာ​သိ​မှတ်​ကြ​ပါ​စေ”​ဟု ဟော​ပြော​လေ​၏။

ခ​ရစ်​တော်​အား​ဖြင့်​ရ​ရှိ​သော အ​ပြစ်​ခွင့်​လွှတ်​ခြင်း

37. လူ​တို့​သည် ထို​စ​ကား​ကို​ကြား​ရ​သော​အ​ခါ စိတ်​နှ​လုံး​ထဲ​၌ စူး​နစ်​စွာ​ခံ​စား​ရ​လျက် ပေ​တ​ရု​နှင့်​အ​ခြား​သော​တ​မန်​တော်​တို့​အား “ညီ​အစ်​ကို​တို့၊ ငါ​တို့​မည်​သို့​ပြု​ရ​မည်​နည်း”​ဟု မေး​မြန်း​ကြ​၏။

38. ပေ​တ​ရု​က​လည်း “သင်​တို့​၏​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​အ​တွက် နောင်​တ​ရ​၍ သင်​တို့​တစ်​ဦး​စီ​သည် ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​၌ ဗတ္တိ​ဇံ​ခံ​ကြ​လော့။ ထို​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ကောင်း​ချီး​လက်​ဆောင်​ကို ရ​ရှိ​ကြ​လိမ့်​မည်။

39. အ​ကြောင်း​မူ​ကား ဤ​က​တိ​တော်​သည် သင်​တို့​နှင့်​သင်​တို့​၏​သား​သ​မီး​များ​မှ​စ​၍ အ​ဝေး​၌​ရှိ​သော​သူ​အား​လုံး​ဖြစ်​ကြ​သော ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ခေါ်​တော်​မူ​သ​မျှ​သော​သူ​တို့​အ​တွက်​ဖြစ်​၏”​ဟု ဆို​လေ​၏။

40. ပေ​တ​ရု​သည် အ​ခြား​သော​စ​ကား​အ​မျိုး​မျိုး​တို့​ဖြင့် သက်​သေ​ခံ​လျက် “ဤ​ကောက်​ကျစ်​သော​မျိုး​ဆက်​ထဲ​မှ​လွတ်​မြောက်​ရန် ကယ်​တင်​ခြင်း​ကို​ခံ​ယူ​ကြ​လော့”​ဟု သူ​တို့​အား တိုက်​တွန်း​နှိုး​ဆော်​လေ​၏။

41. ထို​အ​ခါ ပေ​တ​ရု​၏​စ​ကား​ကို​လက်​ခံ​သော​သူ​တို့​သည် ဗတ္တိ​ဇံ​ခံ​ကြ​သ​ဖြင့် ထို​နေ့​၌ လူ​ပေါင်း​သုံး​ထောင်​ခန့်​မျှ​တိုး​ပွား​လာ​၏။

42. ထို​သူ​တို့​သည် တ​မန်​တော်​တို့​၏​သွန်​သင်​ချက်​ကို​ခံ​ယူ​ခြင်း၊ မုန့်​ဖဲ့​ခြင်း၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​နှင့် ဆု​တောင်း​ခြင်း​အ​မှု​တို့​ကို အ​စဉ်​တ​စိုက်​ပြု​ကြ​၏။

ယုံ​ကြည်​သူ​အ​ချင်း​ချင်း​တို့​ပေး​ကမ်း​ဝေ​မျှ​ကြ​ခြင်း

43. လူ​အ​ပေါင်း​တို့​၌ ကြောက်​စိတ်​ဖြစ်​ပေါ်​ကြ​ပြီး တ​မန်​တော်​တို့​သည်​လည်း များ​စွာ​သော​အံ့​ဩ​ဖွယ်​ရာ​များ​နှင့် နိ​မိတ်​လက္ခ​ဏာ​တို့​ကို​ပြု​ကြ​၏။

44. ယုံ​ကြည်​သူ​အား​လုံး​တို့​သည် တစ်​စု​တစ်​ဝေး​တည်း​နေ​လျက် ရှိ​သ​မျှ​တို့​ကို စု​ပေါင်း​ပိုင်​ဆိုင်​ကြ​ကာ

45. ဥစ္စာ​ပစ္စည်း​များ​နှင့် မိ​မိ​တို့​ပိုင်​ဆိုင်​သော​အ​ရာ​များ​ကို ရောင်း​ချ​ပြီး​လျှင် ၎င်း​တို့​ကို တစ်​ဦး​ချင်း​စီ​၌​လို​အပ်​မှု​ရှိ​သည့်​အ​တိုင်း အား​လုံး​တို့​အား ခွဲ​ဝေ​ပေး​ကမ်း​ကြ​၏။

46. သူ​တို့​သည် နေ့​တိုင်း တ​ညီ​တ​ညွတ်​တည်း​ဖြင့် ဗိ​မာန်​တော်​၌ အ​စဉ်​တ​စိုက်​စု​ဝေး​ကြ​၍ တစ်​အိမ်​ပြီး​တစ်​အိမ်​မုန့်​ဖဲ့​ခြင်း​အ​မှု​ကို​ပြု​လျက် စေ​တ​နာ​စိတ်​နှင့်​ရွှင်​မြူး​သော​စိတ်​တို့​ဖြင့် အ​စား​အ​စာ​ကို ဝေ​မျှ​စား​သောက်​ကြ​ကာ

47. ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​လျက် လူ​အ​ပေါင်း​တို့​ရှေ့​တွင် မျက်​နှာ​ရ​ကြ​၏။ သ​ခင်​ဘု​ရား​သည်​လည်း ကယ်​တင်​ခြင်း​ခံ​ရ​သော​သူ​တို့​၏​အ​ရေ​အ​တွက်​ကို နေ့​စဉ်​နှင့်​အ​မျှ​တိုး​ပွား​စေ​တော်​မူ​၏။