အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

ဓမ္မသစ်ကျမ်း

တ​မန်​တော်​ဝတ္ထု 16 Myanmar Standard Bible (MSB)

တိ​မော​သေ​ကို ပေါ​လု​လက်​တွဲ​ခေါ်​ခြင်း

1. ထို့​နောက် ပေါ​လု​သည် ဒေ​ရ​ဗေ​မြို့​မှ​တစ်​ဆင့် လုတ္တ​ရ​မြို့​သို့ ရောက်​လာ​၏။ ထို​အ​ရပ်​၌ တိ​မော​သေ​အ​မည်​ရှိ တ​ပည့်​တော်​တစ်​ဦး​ရှိ​၏။ သူ​သည် ယုံ​ကြည်​သူ​ဂျူး​အ​မျိုး​သ​မီး​၏​သား​ဖြစ်​သော်​လည်း သူ​၏​ဖ​ခင်​မှာ​မူ ဂ​ရိ​အ​မျိုး​သား​ဖြစ်​၏။

2. သူ​သည် လုတ္တ​ရ​နှင့်​ဣ​ကော​နိ​မြို့​ရှိ ညီ​အစ်​ကို​တို့​တွင် ဂုဏ်​သ​တင်း​ကောင်း​သော​သူ​ဖြစ်​၏။

3. ပေါ​လု​သည် သူ့​ကို မိ​မိ​နှင့်​အ​တူ​လိုက်​စေ​လို​၍ ထို​အ​ရပ်​၌​ရှိ​သော ဂျူး​လူ​မျိုး​တို့​ကြောင့် သူ့​အား အ​ရေ​ဖျား​လှီး​ခြင်း​ပေး​၏။ အ​ကြောင်း​မူ​ကား သူ​၏​ဖ​ခင်​သည် ဂ​ရိ​အ​မျိုး​သား​ဖြစ်​ကြောင်း သူ​တို့​အား​လုံး​သိ​နေ​ကြ​၏။

4. ထို့​နောက် သူ​တို့​သည် မြို့​များ​ကို​ဖြတ်​သွား​ရင်း ဂျေ​ရု​ဆ​လင်​မြို့​၌​ရှိ​သော​တ​မန်​တော်​များ​နှင့် အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ​ဆုံး​ဖြတ်​ထား​သော စည်း​မျဉ်း​တို့​ကို လူ​တို့​အား​စောင့်​ထိန်း​စေ​ရန်​ပေး​အပ်​ကြ​၏။

5. ဤ​သို့​ဖြင့် အ​သင်း​တော်​များ​သည် ယုံ​ကြည်​ခြင်း​ပို​မို​ခိုင်​မာ​လာ​၍ တစ်​နေ့​တ​ခြား လူ​ဦး​ရေ​တိုး​ပွား​လာ​၏။

မာ​ကေ​ဒေါ​နိ​ပြည်​သား​ခေါ်​နေ​ကြောင်း ရူ​ပါ​ရုံ​၌​မြင်​ရ​ခြင်း

6. ထို့​နောက် သူ​တို့​သည် ဖြူ​ဂိ​ပြည်​နှင့်​ဂ​လာ​တိ​ပြည်​တို့​ကို ဖြတ်​သွား​ကြ​သော​အ​ခါ အာ​ရှ​ပြည်​တွင် နှုတ်​က​ပတ်​တ​ရား​ကို​မ​ဟော​ပြော​ရန် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​တား​မြစ်​ခြင်း​ကို ခံ​ရ​ကြ​၏။

7. တစ်​ဖန် မု​သိ​ပြည်​နယ်​စပ်​သို့​ရောက်​၍ ဗိ​သု​နိ​ပြည်​သို့​သွား​ရန် ကြိုး​စား​ကြ​ရာ သ​ခင်​ယေ​ရှု​၏​ဝိ​ညာဉ်​တော်​သည် သူ​တို့​ကို ခွင့်​မ​ပြု​ခဲ့​ပေ။

8. ထို့​ကြောင့် သူ​တို့​သည် မု​သိ​ပြည်​ကို​ဖြတ်​၍ တ​ရော​မြို့​သို့ ဆင်း​သွား​ကြ​၏။

9. ည​အ​ခါ ပေါ​လု​သည် ရူ​ပါ​ရုံ​တစ်​ခု​ကို မြင်​ရ​၏။ ထို​ရူ​ပါ​ရုံ​၌ မာ​ကေ​ဒေါ​နိ​ပြည်​သား​တစ်​ဦး​သည် ရပ်​လျက် “မာ​ကေ​ဒေါ​နိ​ပြည်​သို့ ကူး​လာ​၍ အ​ကျွန်ုပ်​တို့​ကို ကူ​ညီ​ပေး​ပါ”​ဟု သူ့​အား တောင်း​ပန်​ပြော​ဆို​၏။

10. ထို​ရူ​ပါ​ရုံ​ကို ပေါ​လု​မြင်​ရ​သော​အ​ခါ သူ​တို့​အား ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​စေ​ရန် ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ခေါ်​ယူ​ပြီ​ဟု ကောက်​ချက်​ချ​၍ ချက်​ချင်း​ပင် မာ​ကေ​ဒေါ​နိ​ပြည်​သို့​သွား​ရန် ကြိုး​စား​ကြ​၏။

လု​ဒိ​၏​ပြောင်း​လဲ​ခြင်း

11. ငါ​တို့​သည် တ​ရော​မြို့​မှ​ရွက်​လွှင့်​၍ သာ​မော​သ​ရက်​ကျွန်း​သို့ တိုက်​ရိုက်​သွား​ပြီး​လျှင် နောက်​တစ်​နေ့​၌ နေ​အာ​ပေါ​လိ​မြို့​သို့​ရောက်​ကြ​၏။

12. ထို​မြို့​မှ​တစ်​ဆင့် ဖိ​လိပ္ပိ​မြို့​သို့ သွား​ကြ​၏။ ဖိ​လိပ္ပိ​မြို့​သည် မာ​ကေ​ဒေါ​နိ​ပြည်​၏​ထို​အ​ပိုင်း​တွင် အ​ဓိ​က​မြို့​ဖြစ်​ပြီး ရော​မ​လက်​အောက်​ခံ​မြို့​လည်း ဖြစ်​၏။ ငါ​တို့​သည် ထို​မြို့​တွင် ရက်​အ​တန်​ကြာ​နေ​ကြ​၏။

13. ဥ​ပုသ်​နေ့​၌ ငါ​တို့​သည် မြို့​တံ​ခါး​အ​ပြင်​သို့​ထွက်​၍ ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​နေ​ရာ​ရှိ​မည်​ဟု​ထင်​ရ​သည့် မြစ်​ကမ်း​နား​သို့​သွား​လျက် ထို​နေ​ရာ​၌​ထိုင်​ပြီး​လျှင် စု​ဝေး​လာ​ကြ​သော​အ​မျိုး​သ​မီး​တို့​အား ဟော​ပြော​ကြ​၏။

14. သွာ​တိ​ရ​မြို့​မှ ခ​ရမ်း​ရောင်​အ​ထည်​ကုန်​သည်​ဖြစ်​ပြီး ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော လု​ဒိ​အ​မည်​ရှိ အ​မျိုး​သ​မီး​တစ်​ဦး​သည်​လည်း နား​ထောင်​နေ​၏။ ပေါ​လု​ဟော​ပြော​နေ​သော​အ​ရာ​တို့​ကို အာ​ရုံ​စိုက်​စေ​ရန် သ​ခင်​ဘု​ရား​သည် သူ​၏​စိတ်​နှ​လုံး​ကို ဖွင့်​ပေး​တော်​မူ​၏။

15. သူ​သည် မိ​မိ​အိမ်​သူ​အိမ်​သား​များ​နှင့်​အ​တူ ဗတ္တိ​ဇံ​ခံ​ပြီး​သော​အ​ခါ “ကျွန်​မ​သည် သ​ခင်​ဘု​ရား​ကို​ယုံ​ကြည်​သူ​ဖြစ်​သည်​ဟု သင်​တို့​ယူ​ဆ​လျှင် ကျွန်​မ​အိမ်​သို့ လာ​ရောက်​တည်း​ခို​ကြ​ပါ”​ဟု တောင်း​ပန်​လျက် ငါ​တို့​ကို​မ​ရ​အ​ရ​ဖိတ်​ခေါ်​လေ​၏။

အ​ကျဉ်း​ထောင်​ထဲ​မှ ပေါ​လု​နှင့်​သိ​လ

16. တစ်​နေ့​တွင် ငါ​တို့​သည် ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​နေ​ရာ​သို့​သွား​ကြ​စဉ် ဗေ​ဒင်​ဟော​တတ်​သော​နတ်​ပူး​နေ​သည့် အ​စေ​ခံ​မိန်း​မ​တစ်​ဦး​နှင့် ဆုံ​ကြ​၏။ သူ​သည် ဗေ​ဒင်​ဟော​ခြင်း​ဖြင့် မိ​မိ​သ​ခင်​တို့​အ​တွက် များ​စွာ​သော​အ​ကျိုး​စီး​ပွား​ကို​ဖြစ်​စေ​၏။

17. ထို​မိန်း​မ​သည် ပေါ​လု​နှင့်​ငါ​တို့​နောက်​သို့ လိုက်​လာ​၍ “ဤ​သူ​တို့​သည် အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​အ​စေ​အ​ပါး​များ​ဖြစ်​ကြ​ပြီး သင်​တို့​အား ကယ်​တင်​ခြင်း​တ​ရား​လမ်း​ကို​ဟော​ပြော​နေ​သူ​များ​ဖြစ်​ကြ​၏”​ဟု အော်​ဟစ်​လေ​၏။

18. သူ​သည် ရက်​ပေါင်း​များ​စွာ ထို​သို့​ပြု​နေ​၍ ပေါ​လု​သည် စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​သ​ဖြင့် နောက်​သို့​လှည့်​ကာ “သူ့​အ​ထဲ​မှ ထွက်​သွား​ရန် ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​၌ သင့်​ကို ငါ​အ​မိန့်​ပေး​၏”​ဟု ထို​နတ်​အား​ဆို​လျှင် ၎င်း​သည် ထို​အ​ချိန်​၌​ပင် ထွက်​သွား​လေ​၏။

19. သို့​သော် ထို​မိန်း​မ​၏​သ​ခင်​တို့​သည် မိ​မိ​တို့​အ​ကျိုး​စီး​ပွား​အ​တွက် မျှော်​လင့်​ချက်​မ​ရှိ​တော့​ကြောင်း သိ​မြင်​သ​ဖြင့် ပေါ​လု​နှင့်​သိ​လ​တို့​ကို​ဖမ်း​ဆီး​၍ အ​ကြီး​အ​ကဲ​များ​ရှိ​ရာ ဈေး​အ​ရပ်​သို့ ဆွဲ​ခေါ်​သွား​ကြ​၏။

20. အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​များ​ထံ ရောက်​ကြ​သော​အ​ခါ “ဤ​သူ​တို့​သည် ဂျူး​လူ​မျိုး​ဖြစ်​ကြ​ပြီး အ​ကျွန်ုပ်​တို့​၏​မြို့​ကို အ​လွန်​မ​ငြိမ်​မ​သက်​ဖြစ်​စေ​၍

21. ရော​မ​နိုင်​ငံ​သား​များ​ဖြစ်​ကြ​သော​အ​ကျွန်ုပ်​တို့ လက်​မ​ခံ​အပ်၊ မ​ကျင့်​သုံး​အပ်​သော ဓ​လေ့​ထုံး​စံ​များ​ကို ဟော​ပြော​နေ​ကြ​ပါ​သည်”​ဟု ဆို​ကြ​၏။

22. လူ​ထု​ပ​ရိ​သတ်​က​လည်း သူ​တို့​နှင့်​အ​တူ​ထ​လျက် ပေါ​လု​နှင့်​သိ​လ​တို့​ကို ဆန့်​ကျင်​ကြ​၏။ ထို​အ​ခါ အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​တို့​သည် ပေါ​လု​နှင့်​သိ​လ​တို့​၏​အ​ဝတ်​ကို​ဆွဲ​ဖြဲ​၍ သူ​တို့​ကို​ရိုက်​နှက်​ရန် အ​မိန့်​ပေး​ကြ​၏။

23. သူ​တို့​ကို အ​ချက်​ပေါင်း​များ​စွာ​ရိုက်​နှက်​စေ​ပြီး​လျှင် ထောင်​ထဲ​၌​ထည့်​ထား​ကာ သူ​တို့​ကို သေ​ချာ​စွာ​စောင့်​ကြပ်​ထား​ရန် ထောင်​မှူး​အား အ​မိန့်​ပေး​ကြ​၏။

24. ထို​အ​မိန့်​ကို​ရ​သော​ထောင်​မှူး​သည် သူ​တို့​ကို ထောင်​အ​တွင်း​ခန်း​တွင်​ထည့်​ထား​၍ သူ​တို့​ခြေ​ကို ထိတ်​တုံး​ခတ်​ထား​လေ​၏။

သန်း​ခေါင်​အ​ချိန်​၌​လွတ်​မြောက်​ခြင်း

25. သန်း​ခေါင်​အ​ချိန်​ခန့်​တွင် ပေါ​လု​နှင့်​သိ​လ​တို့​သည် ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​လျက် ချီး​မွမ်း​သီ​ချင်း​သီ​ဆို​နေ​ကြ​၏။ အ​ကျဉ်း​သား​များ​သည်​လည်း သူ​တို့​ကို​နား​ထောင်​နေ​ကြ​၏။

26. ထို​အ​ခါ ရုတ်​တ​ရက် င​လျင်​ပြင်း​ထန်​စွာ​လှုပ်​သ​ဖြင့် ထောင်​၏​အုတ်​မြစ်​သည် တုန်​ခါ​၍ တံ​ခါး​ရှိ​သ​မျှ​သည် ချက်​ချင်း​ပွင့်​သွား​ကာ အ​ကျဉ်း​သား​အား​လုံး​၏​သံ​ကြိုး​များ​သည် ပြုတ်​သွား​လေ​၏။

27. ထောင်​မှူး​သည် နိုး​လာ​၍ ထောင်​တံ​ခါး​များ​ပွင့်​နေ​သည်​ကို​မြင်​လျှင် အ​ကျဉ်း​သား​များ​လွတ်​သွား​ပြီ​ဟု​ထင်​မှတ်​လျက် ဓား​ကို​ဆွဲ​ထုတ်​ကာ မိ​မိ​ကိုယ်​ကို​သတ်​မည်​ပြု​၏။

28. သို့​သော် ပေါ​လု​က “သင့်​ကိုယ်​သင် အန္တ​ရာယ်​မ​ပြု​နှင့်။ ငါ​တို့​အား​လုံး ဤ​နေ​ရာ​၌​ရှိ​ကြ​သည်”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့် အော်​ဟစ်​လေ​၏။

29. ထို​အ​ခါ ထောင်​မှူး​သည် မီး​တိုင်​ကို​တောင်း​ယူ​၍ ပြေး​ဝင်​လာ​ပြီး​လျှင် တုန်​လှုပ်​လျက် ပေါ​လု​နှင့်​သိ​လ​တို့​ရှေ့​တွင် ပျပ်​ဝပ်​လေ​၏။

30. ထို့​နောက် သူ​တို့​ကို အ​ပြင်​သို့​ထုတ်​ဆောင်​ကာ “အ​ရှင်​တို့၊ ကယ်​တင်​ခြင်း​ခံ​ရ​ရန် အ​ကျွန်ုပ်​မည်​သည့်​အ​ရာ​ကို​ပြု​ရ​ပါ​မည်​နည်း”​ဟု မေး​လေ​၏။

31. သူ​တို့​က​လည်း “သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​လော့။ သို့​ပြု​လျှင် သင်​နှင့် သင်​၏​အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု ဆို​ကြ​၏။

32. ထို့​နောက် သူ​နှင့် သူ​၏​အိမ်​၌​ရှိ​သော​သူ​အား​လုံး​တို့​အား သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​ကို ဟော​ပြော​ကြ​၏။

33. ထောင်​မှူး​သည် ထို​ည​တွင်း​ချင်း​ပင် သူ​တို့​ကို​ခေါ်​ဆောင်​သွား​၍ ဒဏ်​ရာ​များ​ကို ဆေး​ကြော​ပေး​၏။ ထို့​နောက် သူ​နှင့် သူ​၏​အိမ်​သူ​အိမ်​သား​အား​လုံး​တို့​သည် ချက်​ချင်း​ဗတ္တိ​ဇံ​ခံ​ကြ​၏။

34. သူ​သည် ပေါ​လု​နှင့်​သိ​လ​တို့​ကို အိမ်​သို့​ခေါ်​ဖိတ်​၍ စား​ဖွယ်​ရာ​များ​တည်​ခင်း​ကျွေး​မွေး​ကာ အိမ်​သူ​အိမ်​သား​အား​လုံး​နှင့်​အ​တူ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ရ​သော​ကြောင့် ရွှင်​မြူး​လေ​၏။

တ​ရား​ဝင်​တောင်း​ပန်​ခြင်း

35. မိုး​လင်း​သော​အ​ခါ အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​များ​သည် နယ်​ထိန်း​တို့​ကို​စေ​လွှတ်​၍ “ထို​သူ​တို့​ကို​လွှတ်​ပေး​လိုက်​ပါ”​ဟု ဆို​ကြ​၏။

36. ထို​အ​ခါ ထောင်​မှူး​သည် ထို​သ​တင်း​ကို ပေါ​လု​အား ပြော​ကြား​လျက် “အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​များ​က လူ​လွှတ်​၍ သင်​တို့​ကို​လွှတ်​ပေး​ရန် မှာ​လိုက်​ပါ​သည်။ ထို့​ကြောင့် ယ​ခု​ထွက်​လာ​၍ ငြိမ်း​ချမ်း​စွာ​သွား​ကြ​ပါ”​ဟု ဆို​၏။

37. သို့​သော် ပေါ​လု​သည် ထို​နယ်​ထိန်း​တို့​အား “သူ​တို့​သည် ရော​မ​နိုင်​ငံ​သား​ဖြစ်​ကြ​သော​ငါ​တို့​ကို မ​စစ်​ဆေး​ဘဲ လူ​အ​များ​ရှေ့​၌ ရိုက်​နှက်​လျက် ထောင်​ထဲ​၌​ထည့်​ထား​ကြ​ပြီး​မှ ယ​ခု ငါ​တို့​ကို တိတ်​တ​ဆိတ်​ပြန်​လွှတ်​ကြ​မည်​လော။ ထို​သို့​မ​ပြု​သင့်။ သူ​တို့​ကိုယ်​တိုင်​လာ​၍ ငါ​တို့​ကို ခေါ်​ထုတ်​ကြ​ပါ​စေ”​ဟု ဆို​လေ​၏။

38. ထို​အ​ခါ နယ်​ထိန်း​တို့​သည် ထို​စ​ကား​တို့​ကို အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​များ​ထံ ပြော​ကြား​ကြ​၏။ သူ​တို့​နှစ်​ဦး​သည် ရော​မ​နိုင်​ငံ​သား​ဖြစ်​ကြောင်း အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​များ ကြား​သိ​သော​အ​ခါ ကြောက်​ရွံ့​ကြ​၍

39. ကိုယ်​တိုင်​လာ​ပြီး​တောင်း​ပန်​ကြ​ကာ သူ​တို့​ကို​ခေါ်​ထုတ်​လျက် ထို​မြို့​မှ​ထွက်​ခွာ​ကြ​ရန် မေတ္တာ​ရပ်​ခံ​ကြ​၏။

40. သူ​တို့​သည်​လည်း ထောင်​ထဲ​မှ ထွက်​လာ​ကြ​သော​အ​ခါ လု​ဒိ​ထံ​သို့ သွား​၍ ညီ​အစ်​ကို​များ​နှင့်​တွေ့​ဆုံ​ကာ သူ​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​ပြီး​မှ ထွက်​ခွာ​သွား​ကြ​၏။