အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

ဓမ္မသစ်ကျမ်း

တ​မန်​တော်​ဝတ္ထု 11 Myanmar Standard Bible (MSB)

ဂျေ​ရု​ဆ​လင်​မြို့​ရှိ​အ​သင်း​တော်​သို့ ပေ​တ​ရု​အ​စီ​ရင်​ခံ​ခြင်း

1. လူ​မျိုး​ခြား​တို့​သည်​လည်း ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို လက်​ခံ​ကြ​ကြောင်း တ​မန်​တော်​များ​နှင့် ယု​ဒ​ပြည်​တစ်​လျှောက်​တွင်​ရှိ​သော​ညီ​အစ်​ကို​တို့​သည် ကြား​သိ​ကြ​၏။

2. သို့​ဖြစ်​၍ ပေ​တ​ရု​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့ တက်​ရောက်​လာ​သော​အ​ခါ အ​ရေ​ဖျား​လှီး​ထား​သော​သူ​တို့​က

3. “သင်​သည် အ​ရေ​ဖျား​မ​လှီး​သော​သူ​တို့​အိမ်​သို့​ဝင်​၍ သူ​တို့​နှင့်​အ​တူ​စား​သောက်​ပါ​သည်​တ​ကား”​ဟု သူ့​ကို​ပြစ်​တင်​ပြော​ဆို​ကြ​၏။

4. ထို​အ​ခါ ပေ​တ​ရု​သည် ထို​အ​ကြောင်း​အ​ရာ​ကို သူ​တို့​အား အ​စဉ်​လိုက်​ရှင်း​ပြ​ကာ

5. “ငါ​သည် ယုပ္ပေ​မြို့​၌ ဆု​တောင်း​လျက်​နေ​စဉ် အာ​ရုံ​မှုန်​ဝါး​တွေ​ဝေ​၍ ရူ​ပါ​ရုံ​တစ်​ခု​ကို​မြင်​ရ​၏။ ထောင့်​လေး​ခု​မှ​ထိန်း​ထား​ပြီး ကောင်း​ကင်​မှ​လျှော​ကျ​လာ​သည့် ရွက်​ထည်​စ​ကြီး​နှင့်​တူ​သော​အ​ရာ​တစ်​ခု​သည် နိမ့်​ဆင်း​လာ​၍ ငါ့​ထံ​သို့​ရောက်​လာ​၏။

6. ငါ​သည် ထို​အ​ရာ​ထဲ​သို့ စူး​စိုက်​၍​စေ့​စေ့​ကြည့်​လိုက်​ရာ မြေ​ကြီး​ပေါ်​ရှိ​ခြေ​လေး​ချောင်း​သတ္တ​ဝါ​များ၊ သား​ရဲ​တိ​ရစ္ဆာန်​များ၊ တွား​သွား​သတ္တ​ဝါ​များ​နှင့် မိုး​ကောင်း​ကင်​ငှက်​တို့​ကို မြင်​ရ​၏။

7. ထို့​နောက် ‘ပေ​တ​ရု၊ ထ​၍​သတ်​စား​လော့’​ဟု ငါ့​အား​ပြော​သော​အ​သံ​ကို​လည်း ငါ​ကြား​ရ​၏။

8. သို့​သော် ငါ​က ‘မ​ဖြစ်​နိုင်​ပါ သ​ခင်​ဘု​ရား၊ အ​ကြောင်း​မူ​ကား မ​စင်​ကြယ်​သော​အ​ရာ သို့​မ​ဟုတ် ညစ်​ညူး​သော​အ​ရာ​သည် အ​ကျွန်ုပ်​ခံ​တွင်း​ထဲ​သို့ မ​ဝင်​ဖူး​ပါ’​ဟု လျှောက်​၏။

9. ထို​အ​ခါ ဒု​တိ​ယ​အ​ကြိမ်​ကောင်း​ကင်​မှ အ​သံ​ထွက်​ပေါ်​လာ​၍ ‘ဘု​ရား​သ​ခင်​စင်​ကြယ်​စေ​သည့်​အ​ရာ​ကို ညစ်​ညူး​သည်​ဟု သင်​မ​ဆို​နှင့်’​ဟု ဆို​လေ​၏။

10. ဤ​သို့ သုံး​ကြိမ်​တိုင်​တိုင်​ဖြစ်​ပြီး​နောက် ထို​အ​ရာ​အား​လုံး​သည် ကောင်း​ကင်​သို့ ပြန်​လည်​ရုတ်​သိမ်း​ခြင်း​ခံ​ရ​၏။

11. ထို​ခ​ဏ​ချင်း​တွင် ဆီ​ဇာ​ရီး​ယား​မြို့​မှ ငါ့​ထံ​သို့​စေ​လွှတ်​လိုက်​သည့် လူ​သုံး​ဦး​တို့​သည် ငါ​ရှိ​နေ​သော​အိမ်​သို့ ရောက်​လာ​ကြ​၏။

12. ထို​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က ‘သံ​သ​ယ​မ​ရှိ​ဘဲ သူ​တို့​နှင့်​အ​တူ​လိုက်​သွား​လော့’​ဟု ငါ့​အား မိန့်​တော်​မူ​၏။ ဤ​ညီ​အစ်​ကို​ခြောက်​ဦး​တို့​သည်​လည်း ငါ​နှင့်​အ​တူ​လိုက်​သွား​၍ ငါ​တို့​သည် ထို​သူ​၏​အိမ်​သို့​ဝင်​ကြ​၏။

13. ထို​သူ​က ကောင်း​ကင်​တ​မန်​သည် သူ့​အိမ်​ထဲ​၌​ရပ်​လျက် ‘ယုပ္ပေ​မြို့​သို့ လူ​လွှတ်​၍ ပေ​တ​ရု​ဟု​ခေါ်​သော​ရှိ​မုန်​ကို ခေါ်​ဖိတ်​လော့။

14. သူ​သည် သင်​နှင့် သင်​၏​မိ​သား​စု​အား​လုံး ကယ်​တင်​ခြင်း​ရ​ရှိ​စေ​မည့်​တ​ရား​စ​ကား​ကို သင့်​အား ဟော​ပြော​လိမ့်​မည်’​ဟု မြွက်​ဆို​သည်​ကို သူ​မြင်​ရ​ကြောင်း ငါ​တို့​အား ပြော​ပြ​ခဲ့​၏။

15. ထို့​နောက် ငါ​စ​တင်​ဟော​ပြော​လေ​ရာ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် အ​စ​အ​ဦး​က ငါ​တို့​အ​ပေါ်​သို့​သက်​ရောက်​သ​ကဲ့​သို့ ထို​သူ​တို့​အ​ပေါ်​သို့​လည်း သက်​ရောက်​တော်​မူ​၏။

16. ထို​အ​ခါ ‘ယော​ဟန်​သည် ရေ​၌​ဗတ္တိ​ဇံ​ပေး​၏။ သင်​တို့​မူ​ကား သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၌ ဗတ္တိ​ဇံ​ခံ​ကြ​ရ​လိမ့်​မည်’​ဟု သ​ခင်​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို ငါ​သ​တိ​ရ​၏။

17. ဤ​သို့​ဖြင့် ဘု​ရား​သ​ခင်​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ကို​ယုံ​ကြည်​သော​ငါ​တို့​အား ပေး​တော်​မူ​သ​ကဲ့​သို့ ထို​သူ​တို့​ကို​လည်း တူ​ညီ​သော​ကောင်း​ချီး​လက်​ဆောင်​ကို ပေး​တော်​မူ​လျှင် ငါ​သည် မည်​သို့​သော​သူ​ဖြစ်​၍ ဘု​ရား​သ​ခင်​ကို တား​ဆီး​နိုင်​မည်​နည်း”​ဟု ဆို​လေ​၏။

18. သူ​တို့​သည် ထို​စ​ကား​ကို​ကြား​သော​အ​ခါ တိတ်​ဆိတ်​သွား​ကြ​၏။ ထို့​နောက် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​လျက် “သို့​ဖြစ်​လျှင် ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​ခြင်း​သို့​ရောက်​စေ​သည့်​နောင်​တ​တ​ရား​ကို လူ​မျိုး​ခြား​တို့​အား​လည်း ပေး​တော်​မူ​ပြီ”​ဟု ဆို​ကြ​၏။

အန္တိ​အုတ်​မြို့​ရှိ​အ​သင်း​တော်

19. သ​တေ​ဖန်​နှင့်​ဆက်​စပ်​၍ ဖြစ်​ပေါ်​လာ​သည့်​နှိပ်​စက်​ခြင်း​ကြောင့် ကွဲ​လွင့်​သွား​ကြ​သော​သူ​တို့​သည် ဖို​နီး​ရှား​နယ်​မှ​စ​၍ ဆိုက်​ပ​ရပ်​ကျွန်း​နှင့် အန္တိ​အုတ်​မြို့​အ​ထိ ရောက်​သွား​ကြ​၏။ သူ​တို့​သည် ဂျူး​လူ​မျိုး​တို့​မှ​တစ်​ပါး မည်​သူ့​ကို​မျှ နှုတ်​က​ပတ်​တ​ရား​ကို​မ​ဟော​ပြော​ကြ​ချေ။

20. သို့​သော် ထို​သူ​တို့​တွင် ဆိုက်​ပ​ရပ်​ကျွန်း​နှင့်​ကု​ရေ​နေ​မြို့​မှ လူ​အ​ချို့​တို့​ပါ​၍ သူ​တို့​သည် အန္တိ​အုတ်​မြို့​သို့​သွား​ပြီး​လျှင် ဂ​ရိ​စ​ကား​ပြော​သော​သူ​တို့​အား​လည်း ဟော​ပြော​ကာ သ​ခင်​ယေ​ရှု​အ​ကြောင်း​ကို ပြော​ကြား​ကြ​၏။

21. သ​ခင်​ဘု​ရား​၏​လက်​တော်​သည်​လည်း သူ​တို့​နှင့်​အ​တူ​ရှိ​သ​ဖြင့် များ​စွာ​သော​သူ​တို့​သည်​ယုံ​ကြည်​၍ သ​ခင်​ဘု​ရား​ထံ​သို့​ပြောင်း​လဲ​လာ​ကြ​၏။

22. ထို​သူ​တို့​နှင့်​ပတ်​သက်​သည့်​သ​တင်း​ကို ဂျေ​ရု​ဆ​လင်​မြို့​၌​ရှိ​သော အ​သင်း​တော်​သည်​ကြား​လျှင် ဗာ​န​ဗ​ကို အန္တိ​အုတ်​မြို့​အ​ထိ​သွား​ရန် စေ​လွှတ်​လေ​၏။

23. ဗာ​န​ဗ​သည် ရောက်​လာ​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​မြင်​သော​အ​ခါ ဝမ်း​မြောက်​လျက် ထို​သူ​အ​ပေါင်း​တို့​အား စိတ်​နှ​လုံး​ခိုင်​မြဲ​စွာ​ဖြင့် သ​ခင်​ဘု​ရား​၌ ဆက်​လက်​တည်​နေ​ကြ​ရန် တိုက်​တွန်း​နှိုး​ဆော်​လေ​၏။

24. အ​ကြောင်း​မူ​ကား သူ​သည် သူ​တော်​ကောင်း​ဖြစ်​၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​နှင့်​လည်း​ကောင်း ပြည့်​ဝ​သော​သူ​ဖြစ်​၏။ ထို​အ​ခါ များ​စွာ​သော​လူ​တို့​သည် သ​ခင်​ဘု​ရား​ထံ​သို့ ပြောင်း​လဲ​လာ​ကြ​၏။

25. ထို့​နောက် ဗာ​န​ဗ​သည် ရှော​လု​ကို​ရှာ​ရန် တာ​ရှု​မြို့​သို့​ထွက်​သွား​၍

26. သူ့​ကို​တွေ့​လျှင် အန္တိ​အုတ်​မြို့​သို့​ခေါ်​လာ​၏။ သူ​တို့​သည် တစ်​နှစ်​ပတ်​လုံး အ​သင်း​တော်​၌​စု​ဝေး​လျက် များ​စွာ​သော​လူ​တို့​ကို သွန်​သင်​ကြ​၏။ တ​ပည့်​တော်​တို့​သည် ထို​အန္တိ​အုတ်​မြို့​၌ “ခ​ရစ်​ယာန်”​ဟု ပ​ထ​မ​ဦး​ဆုံး​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​ကြ​၏။

ငတ်​မွတ်​ခေါင်း​ပါး​မှု​ကယ်​ဆယ်​ရေး

27. ထို​နေ့​ရက်​များ​၌ ပ​ရော​ဖက်​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​မှ အန္တိ​အုတ်​မြို့​သို့ ဆင်း​လာ​ကြ​၏။

28. ထို​သူ​တို့​အ​ထဲ​မှ အာ​ဂ​ဗု​အ​မည်​ရှိ​သူ​တစ်​ဦး​သည် ထ​၍ ကမ္ဘာ​တစ်​ဝန်း​လုံး​၌ ကြီး​စွာ​သော​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး ကျ​ရောက်​တော့​မည်​ဟု ဝိ​ညာဉ်​တော်​အား​ဖြင့် ကြို​တင်​ဟော​ပြော​၏။ ထို​ဘေး​သည် က​လော​ဒိ​မင်း​၏​လက်​ထက်​တွင် ဖြစ်​ပေါ်​ခဲ့​၏။

29. ထို​အ​ခါ တ​ပည့်​တော်​တို့​သည် အ​သီး​သီး​တတ်​နိုင်​သည့်​အ​တိုင်း ယု​ဒ​ပြည်​၌​နေ​ထိုင်​ကြ​သော ညီ​အစ်​ကို​တို့​အား အ​ထောက်​အ​ပံ့​ပို့​ပေး​ရန် ဆုံး​ဖြတ်​ကြ​၏။

30. သူ​တို့​သည် ထို​အ​တိုင်း​ပြု​လျက် ၎င်း​ကို ဗာ​န​ဗ​နှင့်​ရှော​လု​တို့​၏​လက်​မှ​တစ်​ဆင့် အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ​ထံ​သို့ ပေး​ပို့​ကြ​၏။