အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

ဓမ္မသစ်ကျမ်း

တ​မန်​တော်​ဝတ္ထု 15 Myanmar Standard Bible (MSB)

အန္တိ​အုတ်​မြို့​မှ​အ​ငြင်း​ပွား​မှု

1. လူ​အ​ချို့​တို့​သည် ယု​ဒ​ပြည်​မှ ဆင်း​လာ​၍ “သင်​တို့​သည် မော​ရှေ​၏​ဓ​လေ့​ထုံး​စံ​အ​တိုင်း အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​လျှင် ကယ်​တင်​ခြင်း​မ​ခံ​ရ​နိုင်”​ဟု ညီ​အစ်​ကို​တို့​အား သွန်​သင်​ကြ​၏။

2. ထို​အ​ခါ ပေါ​လု၊ ဗာ​န​ဗ​တို့​နှင့် ထို​သူ​တို့​ကြား​၌ ပြင်း​ထန်​သော​သ​ဘော​ထား​ကွဲ​လွဲ​မှု​နှင့် အ​ငြင်း​ပွား​မှု​များ ဖြစ်​ပေါ်​ခဲ့​သ​ဖြင့် ညီ​အစ်​ကို​တို့​သည် ပေါ​လု၊ ဗာ​န​ဗ​နှင့် မိ​မိ​တို့​ထဲ​မှ လူ​အ​ချို့​တို့​ကို ဤ​ပြဿ​နာ​အ​တွက် ဂျေ​ရု​ဆ​လင်​မြို့​ရှိ တ​မန်​တော်​များ​နှင့်​အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ​ထံ​သို့​သွား​ကြ​ရန် ခန့်​အပ်​ကြ​၏။

3. ဤ​သို့​ဖြင့် သူ​တို့​သည် အ​သင်း​တော်​၏​ပို့​ဆောင်​ခြင်း​အား​ဖြင့် ဖို​နီး​ရှား​နယ်​နှင့်​ရှ​မာ​ရိ​နယ်​တို့​ကို​ဖြတ်​သွား​ရင်း လူ​မျိုး​ခြား​တို့​၏​ပြောင်း​လဲ​မှု​အ​ကြောင်း​ကို အ​ကုန်​အ​စင်​ပြော​ပြ​ကာ ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို အ​လွန်​ဝမ်း​မြောက်​စေ​ကြ​၏။

4. ဂျေ​ရု​ဆ​လင်​မြို့​သို့​ရောက်​ကြ​သော​အ​ခါ အ​သင်း​တော်​မှ​စ​၍ တ​မန်​တော်​များ​နှင့် အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ​သည် သူ​တို့​ကို ကြို​ဆို​လက်​ခံ​ကြ​၏။ သူ​တို့​သည်​လည်း မိ​မိ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​တို့​ကို ပြော​ကြား​ကြ​၏။

5. သို့​သော် ဖာ​ရိ​ရှဲ​ဂိုဏ်း​ထဲ​မှ ယုံ​ကြည်​သူ​အ​ချို့​တို့​သည်​ထ​၍ “လူ​မျိုး​ခြား​တို့​ကို အ​ရေ​ဖျား​လှီး​ခြင်း​ပေး​ကြ​ရန်​နှင့် မော​ရှေ​၏​ပ​ညတ်​တ​ရား​ကို စောင့်​ထိန်း​ကြ​ရန် ညွှန်​ကြား​ရ​မည်”​ဟု ဆို​ကြ​၏။

ဂျေ​ရု​ဆ​လင်​ကောင်​စီ

6. ထို​အ​ခါ တ​မန်​တော်​များ​နှင့် အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ​သည် ဤ​အ​ကြောင်း​အ​ရာ​ကို ကြည့်​ရှု​သုံး​သပ်​ရန် စု​ဝေး​ကြ​၏။

7. များ​စွာ​ငြင်း​ခုံ​ဆွေး​နွေး​ကြ​ပြီး​နောက် ပေ​တ​ရု​သည် ထ​၍ “ညီ​အစ်​ကို​တို့၊ လူ​မျိုး​ခြား​တို့​သည် ငါ​၏​နှုတ်​အား​ဖြင့် ကောင်း​မြတ်​သော​သ​တင်း​နှင့်​ဆိုင်​သည့်​တ​ရား​စ​ကား​ကို​ကြား​နာ​၍ ယုံ​ကြည်​ကြ​စေ​ရန် ဘု​ရား​သ​ခင်​သည် လွန်​ခဲ့​သည့်​အ​ချိန်​က သင်​တို့​အ​ထဲ​မှ ငါ့​ကို ရွေး​ကောက်​တော်​မူ​ကြောင်း သင်​တို့​သိ​ကြ​၏။

8. စိတ်​နှ​လုံး​ကို​သိ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ငါ​တို့​အား ပေး​တော်​မူ​သည့်​နည်း​တူ ထို​သူ​တို့​အား​လည်း ပေး​၍ သူ​တို့​ကို အ​သိ​အ​မှတ်​ပြု​တော်​မူ​၏။

9. ဘု​ရား​သ​ခင်​သည် သူ​တို့​နှင့်​ငါ​တို့​ကို လုံး​ဝ​ခွဲ​ခြား​တော်​မ​မူ​ဘဲ ယုံ​ကြည်​ခြင်း​အား​ဖြင့် သူ​တို့​၏​စိတ်​နှ​လုံး​ကို စင်​ကြယ်​စေ​တော်​မူ​၏။

10. သို့​ဖြစ်​လျှင် သင်​တို့​သည် ငါ​တို့​ဘိုး​ဘေး​များ​နှင့် ငါ​တို့​ကိုယ်​တိုင်​လည်း မ​ထမ်း​နိုင်​သော​ထမ်း​ပိုး​ကို ထို​တ​ပည့်​တော်​တို့​၏​လည်​ပင်း​ပေါ်​၌ တင်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​ကို အ​ဘယ်​ကြောင့် စမ်း​သပ်​ကြ​သ​နည်း။

11. ငါ​တို့​သည်​လည်း ထို​သူ​တို့​နည်း​တူ သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​ခံ​ရ​သည်​ဟု ယုံ​ကြည်​ကြ​၏”​ဟု ပြော​ဆို​၏။

12. ထို​အ​ခါ စု​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် တိတ်​ဆိတ်​သွား​၍ ဗာ​န​ဗ​နှင့်​ပေါ​လု​တို့​က မိ​မိ​တို့​အား​ဖြင့် လူ​မျိုး​ခြား​တို့​အ​လယ်​၌ ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​သော နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​အံ့​ဩ​ဖွယ်​ရာ​များ​အ​ကြောင်း ပြော​ပြ​ကြ​သည်​ကို နား​ထောင်​လျက်​နေ​ကြ​၏။

13. သူ​တို့​ပြော​ဆို​ပြီး​သော​အ​ခါ ယာ​ကုပ်​က “ညီ​အစ်​ကို​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​ပါ။

14. ဘု​ရား​သ​ခင်​သည် မိ​မိ​နာ​မ​တော်​အ​တွက် လူ​မျိုး​ခြား​တို့​ထဲ​မှ လူ​မျိုး​တော်​ကို​ရ​ယူ​ရန် သူ​တို့​ထံ ဦး​စွာ​အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​ကြောင်း ရှိ​မုန်​က ပြော​ပြ​ခဲ့​ပြီ။

15. ပ​ရော​ဖက်​တို့​၏​စ​ကား​သည်​လည်း ဤ​အ​ကြောင်း​အ​ရာ​နှင့် ကိုက်​ညီ​၏။ ကျမ်း​စာ​၌

16. ‘ဤ​အ​ရာ​များ​နောက်​တွင် ငါ​သည် ပြန်​လာ​၍ ပြို​လဲ​သော​ဒါ​ဝိဒ်​၏​တဲ​ကို ပြန်​လည်​တည်​ဆောက်​မည်။ ငါ​သည် ဖြို​ဖျက်​ခြင်း​ခံ​ရ​သော ထို​တဲ​ကို ပြန်​လည်​တည်​ဆောက်​၍ ၎င်း​ကို ခိုင်​ခံ့​တည့်​မတ်​စေ​မည်။

17. ဤ​သည်​ကား ကြွင်း​ကျန်​သော​လူ​တို့​နှင့် ငါ​၏​နာ​မ​ဖြင့် ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ခံ​ရ​သော လူ​မျိုး​ခြား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ဖွေ​ကြ​မည့်​အ​ကြောင်း​တည်း​ဟု

18. ရှေး​ကာ​လ​မှ​စ​၍ ဤ​အ​မှု​အ​ရာ​များ​ကို သိ​စေ​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏’​ဟူ​၍ ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

19. ထို့​ကြောင့် လူ​မျိုး​ခြား​တို့​ထဲ​မှ ဘု​ရား​သ​ခင်​ထံ​ပြောင်း​လဲ​လာ​သော​သူ​တို့​ကို ဒုက္ခ​မ​ပေး​ဘဲ

20. ရုပ်​တု​များ​ကြောင့်​ညစ်​ညူး​သော​အ​ရာ၊ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း၊ လည်​ညှစ်​သတ်​သော​တိ​ရစ္ဆာန်​နှင့် သွေး​တို့​ကို​ရှောင်​ကြဉ်​ကြ​ရန် သူ​တို့​ထံ စာ​ရေး​သင့်​သည်​ဟု ငါ​ယူ​ဆ​၏။

21. အ​ကြောင်း​မူ​ကား ရှေး​အ​ခါ​က​ပင် မြို့​တိုင်း​၌ မော​ရှေ​၏​ပ​ညတ်​တ​ရား​ကို ဟော​ပြော​သော​သူ​ရှိ​၍ ထို​ကျမ်း​ကို ဥ​ပုသ်​နေ့​တိုင်း ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​တွင် ဖတ်​လေ့​ရှိ​ကြ​၏”​ဟု ဆို​လေ​၏။

လူ​မျိုး​ခြား​တို့​ထံ​သို့ ပေး​စာ

22. ထို​အ​ခါ တ​မန်​တော်​များ၊ အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ​နှင့် အ​သင်း​တော်​တစ်​ခု​လုံး​သည် သူ​တို့​အ​ထဲ​မှ လူ​ကို​ရွေး​ကောက်​၍ ပေါ​လု၊ ဗာ​န​ဗ​တို့​နှင့်​အ​တူ အန္တိ​အုတ်​မြို့​သို့​စေ​လွှတ်​ရန် ဆုံး​ဖြတ်​ကြ​ကာ ညီ​အစ်​ကို​တို့​တွင် ဦး​ဆောင်​သူ​များ​ဖြစ်​ကြ​သော ဗာ​ရှ​ဗ​ခေါ်​ယု​ဒ​နှင့် သိ​လ​တို့​ကို ရွေး​ကောက်​ကြ​၏။

23. ထို​သူ​တို့​မှ​တစ်​ဆင့်​ပေး​လိုက်​သော စာ​၌​ကား “တ​မန်​တော်​များ၊ အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ​နှင့် ညီ​အစ်​ကို​တို့​သည် အန္တိ​အုတ်​မြို့၊ ဆီး​ရီး​ယား​ပြည်​နှင့် ဆီ​လီ​ဆီး​ယား​ပြည်​ရှိ လူ​မျိုး​ခြား​ထဲ​မှ ညီ​အစ်​ကို​တို့​အား နှုတ်​ခွန်း​ဆက်​သ​လိုက်​ပါ​၏။

24. ငါ​တို့​ထံ​မှ လူ​အ​ချို့​တို့​သည် ငါ​တို့​၏​ညွှန်​ကြား​ချက်​မ​ရှိ​ဘဲ​ထွက်​သွား​၍ အ​မျိုး​မျိုး​သော​စ​ကား​အား​ဖြင့် သင်​တို့​ကို​ပူ​ပန်​စေ​ပြီး သင်​တို့​ကို စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​စေ​ခဲ့​သည်​ဟု ငါ​တို့​ကြား​ရ​၏။

25-26. သို့​ဖြစ်​၍ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​အ​တွက် မိ​မိ​တို့​အ​သက်​ကို​ဆက်​ကပ်​ထား​သူ​များ​ဖြစ်​ကြ​သည့် ငါ​တို့​ချစ်​သော ဗာ​န​ဗ၊ ပေါ​လု​တို့​နှင့်​အ​တူ လူ​တို့​ကို​ရွေး​ကောက်​ပြီး သင်​တို့​ထံ​သို့ စေ​လွှတ်​ရန် ငါ​တို့​အား​လုံး သ​ဘော​တူ​ဆုံး​ဖြတ်​ကြ​သည်​နှင့်​အ​ညီ

27. ယု​ဒ​နှင့်​သိ​လ​တို့​ကို ငါ​တို့​စေ​လွှတ်​လိုက်​ပါ​၏။ သူ​တို့​သည် ဤ​အ​ကြောင်း​အ​ရာ​တို့​ကို နှုတ်​ဖြင့်​လည်း ပြော​ပြ​ကြ​ပါ​လိမ့်​မည်။

28. အ​ကြောင်း​မူ​ကား သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ငါ​တို့​သည် လိုက်​နာ​ရန်​လို​အပ်​သည့်​အောက်​ပါ​အ​ချက်​များ​မှ​တစ်​ပါး အ​ခြား​မည်​သည့်​ဝန်​ထုပ်​ဝန်​ပိုး​ကို​မျှ သင်​တို့​အ​ပေါ်​မ​တင်​ရန် ဆုံး​ဖြတ်​ထား​ကြ​၏။

29. ၎င်း​မှာ သင်​တို့​သည် ရုပ်​တု​အား​ပူ​ဇော်​ထား​သော​အ​ရာ၊ သွေး၊ လည်​ညှစ်​သတ်​သော​တိ​ရစ္ဆာန်​နှင့် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​တို့​ကို ရှောင်​ကြဉ်​ကြ​ရန်​ဖြစ်​၏။ သင်​တို့​သည် ဤ​အ​ရာ​တို့​နှင့်​ကင်း​ရှင်း​လျက်​နေ​လျှင် ကောင်း​ပေ​၏။ ကျန်း​မာ​ရွှင်​လန်း​ကြ​ပါ​စေ”​ဟူ​၍ ရေး​ထား​၏။

ဂျေ​ရု​ဆ​လင်​မြို့​မှ​ပေး​ပို့​သော စာ​၏​အ​ကျိုး​ရ​လဒ်

30. ဤ​သို့​ဖြင့် သူ​တို့​ကို လွှတ်​လိုက်​သော​အ​ခါ သူ​တို့​သည် အန္တိ​အုတ်​မြို့​သို့ ဆင်း​သွား​ကြ​၍ တ​ပည့်​တော်​အ​စု​အ​ဝေး​ကို စု​ဝေး​စေ​ပြီး​လျှင် စာ​ကို ပေး​အပ်​ကြ​၏။

31. သူ​တို့​သည် ထို​စာ​ကို​ဖတ်​ကြ​သော​အ​ခါ ၎င်း​၌​ပါ​သော တိုက်​တွန်း​အား​ပေး​မှု​ကြောင့် ဝမ်း​မြောက်​ကြ​၏။

32. ယု​ဒ​နှင့်​သိ​လ​တို့​ကိုယ်​တိုင်​သည်​လည်း ပ​ရော​ဖက်​များ​ဖြစ်​ကြ​သော​ကြောင့် များ​စွာ​သော​စ​ကား​တို့​ဖြင့် ညီ​အစ်​ကို​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​လျက် ခိုင်​ခံ့​မြဲ​မြံ​စေ​ကြ​၏။

33. ထို့​နောက် အ​ချိန်​အ​တန်​ကြာ​နေ​ပြီး​မှ ညီ​အစ်​ကို​တို့​သည် သူ​တို့​ကို ငြိမ်း​ချမ်း​စွာ​ပြန်​လွှတ်​သ​ဖြင့် သူ​တို့​သည် မိ​မိ​တို့​ကို​စေ​လွှတ်​သော​သူ​တို့​ထံ​သို့ ပြန်​သွား​ကြ​၏။

34. [သို့​သော် သိ​လ​သည် ထို​နေ​ရာ​၌​နေ​ရစ်​ရန် ဆုံး​ဖြတ်​လေ​၏။]

35. ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​လည်း အန္တိ​အုတ်​မြို့​၌​နေ​လျက် အ​ခြား​သော​သူ​များ​စွာ​တို့​နှင့်​အ​တူ သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​ကို ဟော​ပြော​၍​သွန်​သင်​ကြ​၏။

ပေါ​လု​နှင့်​ဗာ​န​ဗ​တို့ လမ်း​ခွဲ​ကြ​ခြင်း

36. ရက်​ပေါင်း​အ​တန်​ကြာ​သော​အ​ခါ ပေါ​လု​သည် ဗာ​န​ဗ​အား “သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​ကို ငါ​တို့​ဟော​ပြော​ခဲ့​သော​မြို့​တိုင်း​ရှိ ညီ​အစ်​ကို​တို့​ထံ​သို့ ပြန်​သွား​၍ သူ​တို့​မည်​သို့​ရှိ​နေ​ကြ​သည်​ကို ကြည့်​ရှု​ကြ​ကုန်​စို့”​ဟု ဆို​၏။

37. ဗာ​န​ဗ​သည် မာ​ကု​ဟု​ခေါ်​သော​ယော​ဟန်​ကို​လည်း မိ​မိ​နှင့်​အ​တူ​ခေါ်​ဆောင်​သွား​လို​၏။

38. သို့​သော် ပေါ​လု​က ပံ​ဖု​လိ​ပြည်​တွင် သူ​တို့​ထံ​မှ ထွက်​ခွာ​သွား​ပြီး အ​မှု​တော်​ထမ်း​ဆောင်​ရာ​သို့ သူ​တို့​နှင့်​အ​တူ​မ​လိုက်​ခဲ့​သော​သူ​ကို မ​ခေါ်​သွား​သင့်​ဟု မှတ်​ယူ​၏။

39. ထို​အ​ခါ ပြင်း​ထန်​သော​ငြင်း​ခုံ​မှု​ဖြစ်​ပွား​သ​ဖြင့် သူ​တို့​သည် တစ်​ဦး​နှင့်​တစ်​ဦး​လမ်း​ခွဲ​ကြ​၍ ဗာ​န​ဗ​သည် မာ​ကု​ကို​ခေါ်​ပြီး ဆိုက်​ပ​ရပ်​ကျွန်း​သို့ ရွက်​လွှင့်​သွား​ကြ​၏။

40. ပေါ​လု​မူ​ကား သိ​လ​ကို​ရွေး​ချယ်​ပြီး ညီ​အစ်​ကို​တို့​အား​ဖြင့် သ​ခင်​ဘု​ရား​၏​ကျေး​ဇူး​တော်​သို့ အပ်​နှံ​ခြင်း​ကို​ခံ​ယူ​လျက် ထွက်​ခွာ​သွား​လေ​၏။

41. သူ​သည် ဆီး​ရီး​ယား​ပြည်​နှင့်​ဆီ​လီ​ဆီး​ယား​ပြည်​တို့​ကို လှည့်​လည်​၍ အ​သင်း​တော်​များ​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​၏။