အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 7 Myanmar Standard Bible (MSB)

မေ​လ​ခိ​ဇေ​ဒက်​၏​ကြီး​မြတ်​မှု

1. ဤ​မေ​လ​ခိ​ဇေ​ဒက်​ကား ဆ​လင်​ဘု​ရင်​ဖြစ်​ပြီး အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​၏။ သူ​သည် ဘု​ရင်​များ​ကို​ချေ​မှုန်း​ရာ​မှ​ပြန်​လာ​သော အာ​ဗြ​ဟံ​ကို ကြို​ဆို​လျက် ကောင်း​ချီး​ပေး​လေ​၏။

2. အာ​ဗြ​ဟံ​သည်​လည်း လက်​ရ​ပစ္စည်း​ရှိ​သ​မျှ​၏​ဆယ်​ဖို့​တစ်​ဖို့​ကို သူ့​အား​ခွဲ​ဝေ​ပေး​လှူ​၏။ မေ​လ​ခိ​ဇေ​ဒက်​အ​မည်​၏​အ​ဓိပ္ပာယ်​မှာ ပ​ထ​မ​အ​နေ​ဖြင့် ဖြောင့်​မတ်​ခြင်း​၏​ဘု​ရင်​ဟူ​၍​ဖြစ်​ပြီး ထို့​နောက် ငြိမ်​သက်​ခြင်း​၏​ဘု​ရင်​တည်း​ဟူ​သော ဆ​လင်​ဘု​ရင်​ဟူ​၍​လည်း​ဖြစ်​၏။

3. သူ​၌ ဖ​ခင်​မ​ရှိ၊ မိ​ခင်​မ​ရှိ၊ မျိုး​ရိုး​စဉ်​ဆက်​မ​ရှိ၊ အ​သက်​တာ​၏​အ​စ​လည်း​မ​ရှိ၊ အ​ဆုံး​လည်း​မ​ရှိ။ သူ​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ကဲ့​သို့​ဖြစ်​လျက် ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ် ထာ​ဝ​စဉ်​တည်​နေ​၏။

4. ငါ​တို့​အ​ဖ​အာ​ဗြ​ဟံ​ပင် လက်​ရ​ပစ္စည်း​များ​ထဲ​မှ ဆယ်​ဖို့​တစ်​ဖို့​ကို​ပေး​လှူ​ခဲ့​သော ဤ​သူ​သည် မည်​မျှ​လောက်​ကြီး​မြတ်​သည်​ကို ဆင်​ခြင်​ကြ​လော့။

5. လေ​ဝိ​အ​မျိုး​သား​တို့​ထဲ​မှ ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လာ​သော​သူ​တို့​သည် ပ​ညတ်​တ​ရား​အ​ရ လူ​တို့​ထံ​မှ ဆယ်​ဖို့​တစ်​ဖို့​ကောက်​ခံ​ရ​မည်​ဟူ​သော​ပ​ညတ်​ချက်​ကို ရ​ရှိ​ထား​ကြ​၏။ ထို​လူ​တို့​မှာ အာ​ဗြ​ဟံ​မှ​ဆင်း​သက်​လာ​သည့် မိ​မိ​တို့​ညီ​အစ်​ကို​များ​ပင်​ဖြစ်​ကြ​၏။

6. သို့​သော် လေ​ဝိ​၏​မျိုး​ဆက်​စာ​ရင်း​မ​ဝင်​သော​သူ​သည် အာ​ဗြ​ဟံ​ထံ​မှ ဆယ်​ဖို့​တစ်​ဖို့​ကို​ခံ​ယူ​ပြီး က​တိ​တော်​ကို​ရ​ရှိ​ထား​သော​သူ​အား ကောင်း​ချီး​ပေး​ခဲ့​၏။

7. ကြီး​သော​သူ​သည် ငယ်​သော​သူ​အား ကောင်း​ချီး​ပေး​တတ်​သည်​ကို ငြင်း​ဆို​ဖွယ်​မ​ရှိ။

8. ဤ​နေ​ရာ​၌ သေ​ဆုံး​တတ်​သော​လူ​တို့​သည် ဆယ်​ဖို့​တစ်​ဖို့​ကို​ခံ​ယူ​ကြ​၏။ အ​ခြား​သော​နေ​ရာ​၌​ကား ထို​သူ​သည် အ​သက်​ရှင်​နေ​သည်​ဟု သက်​သေ​ခံ​ထား​၏။

9. ထို့​ပြင် ဆယ်​ဖို့​တစ်​ဖို့​ကို​ခံ​ယူ​သော​လေ​ဝိ​သည်​လည်း အာ​ဗြ​ဟံ​မှ​တစ်​ဆင့် ဆယ်​ဖို့​တစ်​ဖို့​ကို​ပေး​လှူ​သည်​ဟု ဆို​နိုင်​၏။

10. အ​ကြောင်း​မူ​ကား မေ​လ​ခိ​ဇေ​ဒက်​သည် အာ​ဗြ​ဟံ​ကို​ကြို​ဆို​သော​အ​ခါ လေ​ဝိ​သည် မိ​မိ​အ​ဖ​၏​ကိုယ်​ထဲ​၌​ရှိ​နေ​သေး​၏။

ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​အ​ရိုက်​အ​ရာ

11. လူ​တို့​သည် လေ​ဝိ​အ​နွယ်​နှင့်​ဆိုင်​သည့် ယဇ်​ပု​ရော​ဟိတ်​အ​ရိုက်​အ​ရာ​အ​ပေါ်​တွင် အ​ခြေ​ခံ​ပြီး ပ​ညတ်​တ​ရား​ကို​ရ​ရှိ​ကြ​သည်​ဖြစ်​၍ ၎င်း​အား​ဖြင့် စုံ​လင်​ခြင်း​သို့​ရောက်​ခဲ့​လျှင် အာ​ရုန်​နှင့်​အ​လား​တူ​မ​ဟုတ်​ဘဲ မေ​လ​ခိ​ဇေ​ဒက်​နှင့်​အ​လား​တူ​သည့် အ​ခြား​သော​ယဇ်​ပု​ရော​ဟိတ်​ပေါ်​ထွန်း​ရန် အ​ဘယ်​ကြောင့်​လို​အပ်​သေး​သ​နည်း။

12. ယဇ်​ပု​ရော​ဟိတ်​အ​ရိုက်​အ​ရာ​၌ ပြောင်း​လဲ​ခြင်း​ရှိ​လျှင် ပ​ညတ်​တ​ရား​၌​လည်း ပြောင်း​လဲ​ခြင်း​ရှိ​ရန်​လို​အပ်​၏။

13. အ​ကြောင်း​မူ​ကား အ​ထက်​ပါ​အ​ကြောင်း​အ​ရာ​များ​က ရည်​ညွှန်း​ထား​သော​အ​ရှင်​သည် ယဇ်​ပလ္လင်​အ​မှု​ကို​မ​ဆောင်​ရွက်​ဖူး​သော​အ​ခြား​မျိုး​နွယ်​စု​နှင့်​စပ်​ဆိုင်​၏။

14. ငါ​တို့​၏​သ​ခင်​သည် ယု​ဒ​အ​နွယ်​မှ​ပေါ်​ထွန်း​တော်​မူ​ကြောင်း သိ​သာ​ထင်​ရှား​၏။ မော​ရှေ​သည် ထို​အ​နွယ်​နှင့်​ပတ်​သက်​၍ ယဇ်​ပု​ရော​ဟိတ်​နှင့်​စပ်​ဆိုင်​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြော​ဆို​ခဲ့​ပေ။

15. ထို့​ပြင် မေ​လ​ခိ​ဇေ​ဒက်​နှင့်​တူ​သော အ​ခြား​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ပေါ်​ထွန်း​သည်​ဆို​လျှင် ဤ​အ​ကြောင်း​အ​ရာ​သည် ပို​၍​သိ​သာ​ထင်​ရှား​၏။

16. ထို​အ​ရှင်​သည် သွေး​သား​ဇာ​တိ​နှင့်​ဆိုင်​သော​ညွှန်​ကြား​ချက်​ဖြစ်​သည့် ပ​ညတ်​တ​ရား​အား​ဖြင့်​မ​ဟုတ်​ဘဲ မ​ပျက်​စီး​နိုင်​သော​အ​သက်​နှင့်​ဆိုင်​သည့်​တန်​ခိုး​တော်​အား​ဖြင့် ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လာ​၏။

17. အ​ကြောင်း​မူ​ကား “သင်​သည် မေ​လ​ခိ​ဇေ​ဒက်​နှင့်​အ​လား​တူ​သော ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​၏”​ဟု သက်​သေ​ခံ​ထား​၏။

18. ယ​ခင်​ပ​ညတ်​ချက်​သည် အား​နည်း​၍ အ​ကျိုး​မ​ပေး​နိုင်​သော​ကြောင့် ပယ်​ဖျက်​ခြင်း​ခံ​ရ​၏။

19. အ​ဘယ်​ကြောင့်​ဆို​သော် ပ​ညတ်​တ​ရား​သည် မည်​သည့်​အ​ရာ​ကို​မျှ မ​စုံ​လင်​စေ​ခဲ့​ချေ။ သို့​သော် ယ​ခု​အ​ခါ သာ​၍​မြတ်​သော​မျှော်​လင့်​ခြင်း​ရောက်​ရှိ​လာ​သ​ဖြင့် ငါ​တို့​သည် ထို​မျှော်​လင့်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​၏။

20. ထို​မျှ​မ​က ဤ​အ​မှု​အ​ရာ​သည် က​တိ​သစ္စာ​ပြု​ခြင်း​မ​ပါ​ဘဲ​ဖြစ်​လာ​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား အ​ခြား​သော​ယဇ်​ပု​ရော​ဟိတ်​တို့​သည် က​တိ​သစ္စာ​ပြု​ခြင်း​မ​ပါ​ဘဲ ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​လာ​ကြ​၏။

21. ကိုယ်​တော်​မူ​ကား “‘သင်​သည် ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​၏’​ဟု ထာ​ဝ​ရ​ဘု​ရား​တိုင်​တည်​၍​မိန့်​တော်​မူ​သည်​ဖြစ်​သော​ကြောင့် စိတ်​တော်​ပြောင်း​လဲ​မည်​မ​ဟုတ်”​ဟူ​၍ က​တိ​သစ္စာ​ပြု​လျက် ကိုယ်​တော်​အား​မိန့်​တော်​မူ​သော​အ​ရှင်​အား​ဖြင့် ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လာ​၏။

22. ဤ​သို့​ဖြင့် ယေ​ရှု​သည် သာ​၍​မြတ်​သော​ပ​ဋိ​ညာဉ်​၏​အာ​မ​ခံ​ဖြစ်​တော်​မူ​၏။

23. အ​ခြား​သော​ယဇ်​ပု​ရော​ဟိတ်​တို့​သည် သေ​ခြင်း​တ​ရား​ကြောင့် တာ​ဝန်​ကို​ဆက်​လက်​၍​မ​ထမ်း​ဆောင်​နိုင်​ကြ​သ​ဖြင့် များ​စွာ​သော​သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လာ​ကြ​၏။

24. ကိုယ်​တော်​မူ​ကား ကာ​လ​အ​စဉ်​အ​ဆက်​တည်​တော်​မူ​သည်​ဖြစ်​၍ မ​ပြောင်း​လဲ​သော​ယဇ်​ပု​ရော​ဟိတ်​အ​ရိုက်​အ​ရာ​ကို ရ​ရှိ​တော်​မူ​၏။

25. ထို့​ကြောင့် ကိုယ်​တော်​သည် မိ​မိ​အား​ဖြင့် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​သော​သူ​တို့​ကို အ​ပြည့်​အ​ဝ​ကယ်​တင်​နိုင်​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ကိုယ်​တော်​သည် သူ​တို့​အ​တွက် အ​သ​နား​ခံ​ပေး​ရန် အ​စဉ်​အ​မြဲ​အ​သက်​ရှင်​လျက်​ရှိ​တော်​မူ​၏။

26. ထို​သို့​သန့်​ရှင်း​၍ အ​ပြစ်​နှင့်​ညစ်​ညူး​ခြင်း​တို့​ကင်း​စင်​လျက် အ​ပြစ်​သား​တို့​နှင့်​ခွဲ​ခြား​ထား​ခြင်း​ခံ​ရ​ကာ ကောင်း​ကင်​တို့​ထက် မြင့်​မား​စွာ​ချီး​မြှောက်​ခြင်း​ခံ​ရ​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ငါ​တို့​အ​တွက်​သင့်​လျော်​ပေ​၏။

27. အ​ခြား​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​တို့​သည် ဦး​စွာ မိ​မိ​တို့​အ​ပြစ်​များ​အ​တွက်၊ ထို့​နောက် လူ​တို့​၏​အ​ပြစ်​များ​အ​တွက် နေ့​စဉ်​နေ့​တိုင်း​ယဇ်​ပူ​ဇော်​သ​ကဲ့​သို့ ကိုယ်​တော်​သည် ယဇ်​ပူ​ဇော်​ရန်​မ​လို​အပ်​ပေ။ အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် မိ​မိ​ကိုယ်​ကို​တစ်​ကြိမ်​တည်း​နှင့်​အ​ပြီး​ပူ​ဇော်​ခြင်း​ဖြင့် ဤ​အ​မှု​ကို​ပြု​တော်​မူ​၏။

28. ပ​ညတ်​တ​ရား​သည် အား​နည်း​သော​လူ​သား​တို့​ကို ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ရာ​၌​ခန့်​ထား​၏။ သို့​သော် ပ​ညတ်​တ​ရား​နောက်​၌​လာ​သော က​တိ​သစ္စာ​စ​ကား​သည် ကာ​လ​အ​စဉ်​အ​ဆက်​ပြည့်​စုံ​တော်​မူ​သော​သား​တော်​ကို ခန့်​ထား​၏။