အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 2 Myanmar Standard Bible (MSB)

လျစ်​လျူ​မ​ရှု​ရန် သ​တိ​ပေး​ခြင်း

1. ထို့​ကြောင့် ငါ​တို့​သည် လွဲ​ချော်​မ​သွား​ကြ​စေ​ရန် ကြား​ရ​သော​အ​ရာ​တို့​ကို အ​ထူး​အာ​ရုံ​စိုက်​ရ​ကြ​မည်။

2. အ​ကြောင်း​မူ​ကား ကောင်း​ကင်​တ​မန်​များ​အား​ဖြင့် မိန့်​တော်​မူ​သော​တ​ရား​တော်​သည် တည်​မြဲ​၍ ဖောက်​ဖျက်​ကျူး​လွန်​မှု​နှင့်​မ​နာ​ခံ​မှု​ရှိ​သ​မျှ​တို့​အ​တွက် ထိုက်​သင့်​သော​အ​ပြစ်​ဒဏ်​ကို လူ​တို့​ခံ​ရ​သည်​ဆို​လျှင်

3. ဤ​မျှ​လောက်​ကြီး​မြတ်​သော​ကယ်​တင်​ခြင်း​ကို လျစ်​လျူ​ရှု​ပါ​က ငါ​တို့​သည် အ​ပြစ်​ဒဏ်​မှ မည်​သို့​လွတ်​နိုင်​ကြ​မည်​နည်း။ သ​ခင်​ဘု​ရား​က ပ​ထ​မ​ဦး​စွာ ဟော​ပြော​တော်​မူ​သော ဤ​ကယ်​တင်​ခြင်း​တ​ရား​သည် ကြား​နာ​သော​သူ​တို့​မှ​တစ်​ဆင့် ငါ​တို့​ထံ​၌ အ​တည်​ပြု​ခြင်း​ခံ​ရ​၏။

4. ဘု​ရား​သ​ခင်​သည်​လည်း နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​အံ့​ဩ​ဖွယ်​ရာ​များ​အား​ဖြင့်​လည်း​ကောင်း၊ တန်​ခိုး​လက္ခ​ဏာ​အ​မျိုး​မျိုး​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ​အ​လို​တော်​နှင့်​အ​ညီ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို မျှ​ဝေ​ပေး​တော်​မူ​ခြင်း​အား​ဖြင့်​လည်း​ကောင်း သူ​တို့​နှင့်​အ​တူ သက်​သေ​ခံ​တော်​မူ​၏။

လူ့​သား​ယေ​ရှု

5. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် ငါ​တို့​ပြော​ဆို​နေ​သော နောင်​လာ​မည့်​ကမ္ဘာ​ကို ကောင်း​ကင်​တ​မန်​တို့​၏​လက်​အောက်​သို့ ချ​ထား​တော်​မ​မူ​ခဲ့​ပေ။

6. တစ်​ယောက်​သော​သူ​က “လူ​သည် မည်​သို့​သော​သူ​ဖြစ်​၍ ကိုယ်​တော်​သည် သူ့​ကို အောက်​မေ့​တော်​မူ​ရ​သ​နည်း။ လူ့​သား​သည် မည်​သို့​သော​သူ​ဖြစ်​၍ ကိုယ်​တော်​သည် သူ့​ကို ကြည့်​ရှု​တော်​မူ​ရ​သ​နည်း။

7. ကိုယ်​တော်​သည် သူ့​ကို ကောင်း​ကင်​တ​မန်​တို့​ထက် ခေတ္တ​ခ​ဏ နိမ့်​ကျ​စေ​ပြီး​လျှင် ဘုန်း​တော်​နှင့်​ဂုဏ်​တော်​တို့​ဖြင့် သူ့​ကို သ​ရ​ဖူ​ဆောင်း​စေ​တော်​မူ​၍

8. အ​ရာ​ခပ်​သိမ်း​တို့​ကို သူ​၏​ခြေ​အောက်​၌ ချ​ထား​တော်​မူ​ပြီ”​ဟု ကျမ်း​တစ်​နေ​ရာ​၌​သက်​သေ​ခံ​ထား​၏။ “အ​ရာ​ခပ်​သိမ်း​တို့​ကို သူ့​အောက်​၌​ချ​ထား​တော်​မူ​ပြီ”​ဟု ဆို​ရာ​တွင် သူ့​အောက်​၌​မ​ချ​ထား​ဘဲ ချန်​ထား​တော်​မူ​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။ ယ​ခု​မူ​ကား အ​ရာ​ခပ်​သိမ်း​တို့​ကို သူ့​အောက်​၌​ချ​ထား​လျက်​ရှိ​သည်​ကို ငါ​တို့​မ​မြင်​ရ​သေး။

9. သို့​သော် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​အား​ဖြင့် လူ​တိုင်း​အ​တွက် သေ​ခြင်း​ကို​မြည်း​စမ်း​စေ​ရန် ကောင်း​ကင်​တ​မန်​တို့​ထက် ခေတ္တ​ခ​ဏ နိမ့်​ကျ​စေ​ခြင်း​ကို​ခံ​ရ​၍ သေ​ခြင်း​နှင့်​ဆိုင်​သော​ဒုက္ခ​ဝေ​ဒ​နာ​ကို​ခံ​စား​ရ​သော​ကြောင့် ဘုန်း​တော်​နှင့်​ဂုဏ်​တော်​တို့​ဖြင့် သ​ရ​ဖူ​ဆောင်း​ရ​သည့်​ယေ​ရှု​ကို ငါ​တို့​မြင်​ရ​ကြ​၏။

10. အ​ကြောင်း​မူ​ကား ခပ်​သိမ်း​သော​အ​ရာ​တို့​၏​အ​ကြောင်း​ခံ​နှင့် ခပ်​သိမ်း​သော​အ​ရာ​တို့​၏​အ​ရင်း​အ​မြစ်​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် များ​စွာ​သော​သား​တို့​ကို ဘုန်း​အ​သ​ရေ​တော်​ထဲ​သို့​ခေါ်​ဆောင်​လာ​ရာ​၌ သူ​တို့​၏​ကယ်​တင်​ခြင်း​ကို​အ​စ​ပြု​ဖြစ်​တည်​စေ​သော​အ​ရှင်​အား ဒုက္ခ​ဝေ​ဒ​နာ​အား​ဖြင့် စုံ​လင်​စေ​တော်​မူ​သည်​မှာ သင့်​လျော်​ပေ​၏။

11. အ​မှန်​စင်​စစ် သန့်​ရှင်း​စေ​တော်​မူ​သော​အ​ရှင်​ဖြစ်​စေ၊ သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​သော​သူ​တို့​ဖြစ်​စေ အား​လုံး​သည် တစ်​ပါး​တည်း​ထံ​မှ​ဖြစ်​ကြ​၏။ ထို့​ကြောင့် ကိုယ်​တော်​သည် ထို​သူ​တို့​ကို ညီ​အစ်​ကို​များ​ဟု​ခေါ်​ရန် ရှက်​တော်​မ​မူ​ဘဲ

12. “အ​ကျွန်ုပ်​သည် ကိုယ်​တော်​၏​နာ​မ​တော်​ကို အ​ကျွန်ုပ်​၏​ညီ​အစ်​ကို​များ​အား ပြော​ကြား​ပါ​မည်။ လူ​အ​စု​အ​ဝေး​အ​လယ်​၌ ကိုယ်​တော်​ကို​ချီး​မွမ်း​သီ​ဆို​ပါ​မည်”​ဟု မိန့်​တော်​မူ​၏။

13. တစ်​ဖန် “ငါ​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား​မည်”​ဟူ​၍​လည်း​ကောင်း၊ “ကြည့်​ရှု​လော့။ ငါ​နှင့် ငါ့​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​သား​သ​မီး​များ​ပေ​တည်း”​ဟူ​၍​လည်း​ကောင်း မိန့်​တော်​မူ​၏။

14. ထို​သား​သ​မီး​အား​လုံး​တို့​သည် အ​သွေး​အ​သား​ရှိ​ကြ​သည်​ဖြစ်​၍ ကိုယ်​တော်​သည်​လည်း သူ​တို့​နည်း​တူ ထို​အ​သွေး​အ​သား​ကို မျှ​ဝေ​ခံ​ယူ​တော်​မူ​၏။ ဤ​သည်​ကား အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် သေ​ခြင်း​၏​တန်​ခိုး​အ​ရှိန်​အ​ဝါ​ကို​ပိုင်​သော​သူ​ဖြစ်​သည့် မာရ်​နတ်​ကို ဖျက်​ဆီး​လျက်

15. သေ​ခြင်း​ကို​ကြောက်​ရွံ့​သော​သ​ဘော​၌ တစ်​သက်​လုံး​ကျွန်​ခံ​နေ​ရ​သော​သူ​တို့​ကို လွတ်​မြောက်​စေ​ရန်​ဖြစ်​၏။

16. အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် ကောင်း​ကင်​တ​မန်​တို့​ကို ဖေး​မ​တော်​မ​မူ​ဘဲ အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ်​ကို ဖေး​မ​တော်​မူ​၏။

17. ထို့​ကြောင့် ကိုယ်​တော်​သည် လူ​တို့​၏​အ​ပြစ်​များ​အ​တွက် အ​သ​နား​ခံ​ခြင်း​အ​မှု​ကို​ပြု​ရန် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ သ​နား​ကြင်​နာ​တတ်​သည့် သစ္စာ​ရှိ​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​မည့်​အ​ကြောင်း အ​ရာ​ရာ​၌ ညီ​အစ်​ကို​များ​နှင့်​တူ​ရ​၏။

18. အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် မိ​မိ​ကိုယ်​တိုင်​ဖြား​ယောင်း​သွေး​ဆောင်​ခြင်း​ခံ​ရ​လျက် ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ခဲ့​သော​ကြောင့် ဖြား​ယောင်း​သွေး​ဆောင်​ခြင်း​ခံ​ရ​သော​သူ​တို့​ကို ကူ​ညီ​မ​စ​ရန်​တတ်​နိုင်​တော်​မူ​၏။