အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 10 Myanmar Standard Bible (MSB)

ပြည့်​စုံ​သော​ယဇ်

1. ပ​ညတ်​တ​ရား​သည် နောင်​လာ​မည့်​ကောင်း​သော​အ​ရာ​များ​၏​အ​ရိပ်​မျှ​သာ​ဖြစ်​ပြီး ၎င်း​တို့​၏​ပုံ​သဏ္ဌာန်​အ​စစ်​အ​မှန်​မ​ဟုတ်​သော​ကြောင့် နှစ်​စဉ် အ​မြဲ​မ​ပြတ်​ပူ​ဇော်​နေ​သည့် တူ​ညီ​သော​ယဇ်​များ​အား​ဖြင့် အ​ထံ​တော်​သို့​ချဉ်း​ကပ်​သော​သူ​တို့​ကို မ​စုံ​လင်​စေ​နိုင်​ပေ။

2. အ​ကယ်​၍ စုံ​လင်​စေ​နိုင်​ခဲ့​လျှင် ဝတ်​ပြု​သော​သူ​တို့​သည် တစ်​ခါ​တည်း​နှင့် စင်​ကြယ်​ခြင်း​သို့​ရောက်​လျက် အ​ပြစ်​ရှိ​သည်​ဟူ​သော​အ​သိ​စိတ်​မ​ရှိ​တော့​သ​ဖြင့် ယဇ်​ပူ​ဇော်​ခြင်း​ကို​ရပ်​တန့်​ကြ​လိမ့်​မည်​မ​ဟုတ်​လော။

3. သို့​သော် ထို​သို့​ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် နှစ်​စဉ်​နှစ်​တိုင်း အ​ပြစ်​များ​ကို​ပြန်​လည်​အောက်​မေ့​ကြ​၏။

4. အ​ကြောင်း​မူ​ကား နွား​လား​နှင့်​ဆိတ်​တို့​၏​သွေး​သည် အ​ပြစ်​များ​ကို​မ​ဖယ်​ရှား​နိုင်​ပေ။

5. ထို့​ကြောင့် ခ​ရစ်​တော်​သည် ဤ​လော​က​သို့​ကြွ​လာ​သော​အ​ခါ “ကိုယ်​တော်​သည် ယဇ်​ကောင်​နှင့်​ပူ​ဇော်​သက္ကာ​တို့​ကို​အ​လို​မ​ရှိ​ဘဲ အ​ကျွန်ုပ်​အ​တွက် ကိုယ်​ခန္ဓာ​ကို​ပြင်​ဆင်​ထား​တော်​မူ​၏။

6. ကိုယ်​တော်​သည် မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ပြစ်​ဖြေ​ရာ​ယဇ်​တို့​ကို နှစ်​သက်​တော်​မ​မူ။

7. ထို​အ​ခါ အ​ကျွန်ုပ်​က ‘ကျမ်း​စာ​အုပ်​၌ အ​ကျွန်ုပ်​ကို​ရည်​ညွှန်း​၍​ရေး​ထား​သည့်​အ​တိုင်း ကိုယ်​တော်​၏​အ​လို​တော်​ကို​ဆောင်​ရွက်​ရန် အ​ကျွန်ုပ်​လာ​ပါ​၏​ဘု​ရား’​ဟု လျှောက်​လေ​၏”​ဟူ​၍ မိန့်​တော်​မူ​၏။

8. ပ​ထ​မ​အ​နေ​ဖြင့် “ကိုယ်​တော်​သည် ပ​ညတ်​တ​ရား​အ​ရ​ပူ​ဇော်​သော​အ​ရာ​များ​တည်း​ဟူ​သော ယဇ်​ကောင်​နှင့်​ပူ​ဇော်​သက္ကာ​များ၊ မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ပြစ်​ဖြေ​ရာ​ယဇ်​များ​ကို အ​လို​မ​ရှိ။ နှစ်​သက်​တော်​မူ​ခြင်း​လည်း​မ​ရှိ”​ဟု ဆို​၏။

9. ထို့​နောက် “ကိုယ်​တော်​၏​အ​လို​တော်​ကို​ဆောင်​ရွက်​ရန် အ​ကျွန်ုပ်​လာ​ပါ​၏”​ဟု ဆို​၏။ ဤ​သို့​ဖြင့် ကိုယ်​တော်​သည် ဒု​တိ​ယ​ပူ​ဇော်​ခြင်း​ကို​တည်​စေ​ရန် ပ​ထ​မ​ပူ​ဇော်​ခြင်း​ကို ပယ်​ဖျက်​တော်​မူ​၏။

10. ထို​အ​လို​တော်​နှင့်​အ​ညီ ယေ​ရှု​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ​ကို တစ်​ကြိမ်​တည်း​နှင့်​အ​ပြီး ပူ​ဇော်​ခြင်း​အား​ဖြင့် ငါ​တို့​သည် သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​ကြ​၏။

11. ယဇ်​ပု​ရော​ဟိတ်​အား​လုံး​သည် နေ့​စဉ်​နေ့​တိုင်း​ရပ်​လျက် ဝတ်​ပြု​ကာ အ​ပြစ်​များ​ကို​မ​ဖယ်​ရှား​နိုင်​သည့် တူ​ညီ​သော​ယဇ်​ကို အ​ကြိမ်​ကြိမ်​ပူ​ဇော်​နေ​ကြ​၏။

12. သို့​သော် ခ​ရစ်​တော်​သည် တစ်​ခု​တည်း​သော​ယဇ်​ကို အ​ပြစ်​များ​အ​တွက် ထာ​ဝ​စဉ်​ပူ​ဇော်​ပြီး​လျှင် ထို​အ​ချိန်​မှ​စ​၍ ဘု​ရား​သ​ခင်​၏​လက်​ယာ​တော်​ဘက်​၌​ထိုင်​လျက်

13. မိ​မိ​၏​ရန်​သူ​တို့​သည် မိ​မိ​ခြေ​တင်​ခုံ​အ​ဖြစ်​ချ​ထား​ခြင်း​ခံ​ရ​သည့်​တိုင်​အောင် စောင့်​ဆိုင်း​နေ​တော်​မူ​၏။

14. အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် တစ်​ခု​တည်း​သော​ပူ​ဇော်​သက္ကာ​အား​ဖြင့် သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​သော​သူ​တို့​အား ထာ​ဝ​စဉ်​စုံ​လင်​စေ​တော်​မူ​၏။

15. သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည်​လည်း ငါ​တို့​အား​သက်​သေ​ခံ​၍

16. “ထာ​ဝ​ရ​ဘု​ရား​က ‘ထို​နေ့​ရက်​များ​နောက်​တွင် သူ​တို့​နှင့် ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​ကား ဤ​သို့​တည်း။ ငါ​သည် ငါ​၏​ပ​ညတ်​တ​ရား​တို့​ကို သူ​တို့​၏​စိတ်​နှ​လုံး​ထဲ​တွင် ထည့်​သွင်း​၍ သူ​တို့​၏​အ​သိ​ဉာဏ်​ပေါ်​မှာ ရေး​ထား​မည်’​ဟု မိန့်​တော်​မူ​၏”​ဟူ​၍ မြွက်​ဆို​ပြီး​နောက်

17. တစ်​ဖန် “ငါ​သည် သူ​တို့​၏​အ​ပြစ်​များ​နှင့်​တ​ရား​မဲ့​ခြင်း​များ​ကို လုံး​ဝ​သ​တိ​ရ​တော့​မည်​မ​ဟုတ်”​ဟု မြွက်​ဆို​တော်​မူ​၏။

18. ထို​သို့ အ​ပြစ်​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​ရှိ​သည့်​နေ​ရာ​တွင် အ​ပြစ်​အ​တွက်​ပူ​ဇော်​သက္ကာ​မ​လို​အပ်​တော့​ပေ။

ဘု​ရား​ဝတ်​၌​မွေ့​လျော်​ရန် တိုက်​တွန်း​နှိုး​ဆော်​ခြင်း

19. ထို့​ကြောင့် ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် ယေ​ရှု​၏​သွေး​တော်​အား​ဖြင့် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ ယုံ​ကြည်​စိတ်​ချ​စွာ​ဖြင့်​ဝင်​ခွင့်​ရှိ​၏။

20. ထို​သွေး​တော်​အား​ဖြင့် ကိုယ်​တော်​သည် မိ​မိ​ကိုယ်​ကာ​ယ​တည်း​ဟူ​သော ကန့်​လန့်​ကာ​မှ​တစ်​ဆင့် ငါ​တို့​အ​တွက် အ​သက်​ရှင်​သည့်​လမ်း​သစ်​ကို ပြင်​ဆင်​ပေး​တော်​မူ​၏။

21. ထို​မျှ​မ​က ငါ​တို့​၌ ဘု​ရား​သ​ခင်​၏​အိမ်​တော်​ကို​အုပ်​စိုး​သည့် ကြီး​မြတ်​သော​ယဇ်​ပု​ရော​ဟိတ်​ရှိ​သည်​ဖြစ်​၍

22. ငါ​တို့​၏​စိတ်​နှ​လုံး​ကို ဆိုး​ညစ်​သော​အ​သိ​စိတ်​နှင့်​ကင်း​စင်​စေ​ရန် ပက်​ဖျန်း​ခြင်း​ခံ​ယူ​လျက် ကိုယ်​ခန္ဓာ​ကို​လည်း စင်​ကြယ်​သော​ရေ​ဖြင့်​ဆေး​ကြော​ကာ ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော​စိတ်​ချ​မှု​အ​ပြည့်​အ​ဝ​နှင့် ဖြောင့်​မှန်​သော​စိတ်​နှ​လုံး​တို့​ဖြင့် အ​ထံ​တော်​သို့ တိုး​ဝင်​ချဉ်း​ကပ်​ကြ​ကုန်​စို့။

23. က​တိ​ပေး​တော်​မူ​သော​အ​ရှင်​သည် သစ္စာ​နှင့်​ပြည့်​စုံ​တော်​မူ​သည်​ဖြစ်​၍ ယိမ်း​ယိုင်​ခြင်း​မ​ရှိ​ဘဲ ငါ​တို့​ဝန်​ခံ​သော​မျှော်​လင့်​ခြင်း​ကို စွဲ​ကိုင်​ထား​ကြ​ကုန်​စို့။

24. ထို့​ပြင် မေတ္တာ​ထား​ရန်​နှင့် ကောင်း​သော​အ​မှု​ကို​ပြု​ရန် အ​ချင်း​ချင်း​မည်​ကဲ့​သို့​တိုက်​တွန်း​နှိုး​ဆော်​ရ​မည်​ကို ဆင်​ခြင်​ကြ​ကုန်​စို့။

25. အ​ချို့​သော​သူ​တို့​ပြု​လေ့​ရှိ​သ​ကဲ့​သို့ အ​တူ​တ​ကွ​စည်း​ဝေး​ခြင်း​အ​မှု​ကို မ​ပစ်​ပယ်​ဘဲ အ​ချင်း​ချင်း​တိုက်​တွန်း​နှိုး​ဆော်​၍ နေ့​ရက်​တော်​နီး​ကပ်​လာ​သည်​ကို​တွေ့​မြင်​ရ​သည်​နှင့်​အ​မျှ ပို​၍​ထို​သို့​ပြု​ကြ​ကုန်​စို့။

တ​မင်​တ​ကာ​ဆက်​၍​အ​ပြစ်​မ​ပြု​ရန် သ​တိ​ပေး​ခြင်း

26. အ​ကြောင်း​မူ​ကား ငါ​တို့​သည် သမ္မာ​တ​ရား​နှင့်​ဆိုင်​သည့် စစ်​မှန်​သော​အ​သိ​ပ​ညာ​ကို​ရ​ရှိ​ပြီး​မှ တ​မင်​တ​ကာ ဆက်​၍​အ​ပြစ်​ပြု​ကြ​လျှင် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဟူ​၍ မ​ရှိ​တော့​ဘဲ

27. တ​ရား​စီ​ရင်​ခြင်း​ကို​လည်း​ကောင်း၊ ဆန့်​ကျင်​သော​သူ​တို့​ကို​ဝါး​မျို​မည့် အ​မျက်​တော်​မီး​ကို​လည်း​ကောင်း ကြောက်​ရွံ့​လျက် စောင့်​နေ​ကြ​ရန်​သာ​ရှိ​တော့​၏။

28. မော​ရှေ​၏​ပ​ညတ်​တ​ရား​ကို​ငြင်း​ပယ်​သော​သူ​သည် သက်​သေ​နှစ်​ဦး သို့​မ​ဟုတ် သုံး​ဦး​၏​သက်​သေ​ခံ​ချက်​အား​ဖြင့် သက်​ညှာ​ခြင်း​မ​ရှိ​ဘဲ သေ​ဒဏ်​ခံ​ရ​၏။

29. သို့​ဖြစ်​လျှင် ဘု​ရား​သ​ခင်​၏​သား​တော်​ကို​နင်း​ခြေ​၍ မိ​မိ​အား​သန့်​ရှင်း​စေ​သော​ပ​ဋိ​ညာဉ်​ဆိုင်​ရာ​သွေး​တော်​ကို မ​စင်​ကြယ်​သည့်​အ​ရာ​ဟု မှတ်​ယူ​လျက် ကျေး​ဇူး​တော်​နှင့်​ဆိုင်​သော​ဝိ​ညာဉ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် မည်​မျှ​လောက် ပို​၍​ကြီး​လေး​သော​အ​ပြစ်​ဒဏ်​ကို ခံ​ထိုက်​သည်​ဟု သင်​တို့​ထင်​ကြ​သ​နည်း။

30. အ​ကြောင်း​မူ​ကား “လက်​တုံ့​ပြန်​ခြင်း​သည် ငါ​နှင့်​ဆိုင်​၏။ ငါ​ကိုယ်​တိုင်​တုံ့​ပြန်​မည်”​ဟူ​၍​လည်း​ကောင်း၊ “ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​မည်”​ဟူ​၍​လည်း​ကောင်း မိန့်​တော်​မူ​သော​အ​ရှင်​ကို ငါ​တို့​သိ​ကြ​၏။

31. အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​လက်​တော်​သို့​ကျ​ရောက်​ခြင်း​သည် ကြောက်​မက်​ဖွယ်​ကောင်း​၏။

32. သင်​တို့​သည် အ​လင်း​သို့​ရောက်​ပြီး​သည့်​နောက် ဒုက္ခ​ဝေ​ဒ​နာ​ကို​ခံ​စား​လျက် ပြင်း​ထန်​သော​တိုက်​ခိုက်​မှု​ကို​သည်း​ခံ​ခဲ့​သည့် ယ​ခင်​နေ့​ရက်​များ​ကို သ​တိ​ရ​ကြ​လော့။

33. တစ်​ခါ​တစ်​ရံ သင်​တို့​သည် လူ​တို့​ရှေ့​၌ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​နှင့်​နှိပ်​စက်​ခြင်း​တို့​ကို​ခံ​ရ​ကြ​၍ တစ်​ခါ​တစ်​ရံ ထို​သို့​ပြု​ကျင့်​ခံ​ရ​သော​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​များ​ဖြစ်​ကြ​၏။

34. သင်​တို့​သည် အ​ကျဉ်း​သား​တို့​အ​ပေါ် စာ​နာ​စိတ်​ရှိ​ကြ​သည်​သာ​မ​က သာ​၍​မြတ်​ပြီး တည်​မြဲ​သော​အ​ရာ​ကို မိ​မိ​တို့​ပိုင်​ဆိုင်​ကြောင်း​သိ​လျက် သင်​တို့​ဥစ္စာ​ပစ္စည်း​များ မ​တ​ရား​လု​ယူ​ခြင်း​ခံ​ရ​သော်​လည်း ဝမ်း​မြောက်​စွာ​သည်း​ခံ​ခဲ့​ကြ​၏။

35. ထို့​ကြောင့် ကြီး​မြတ်​သော​အ​ကျိုး​ကျေး​ဇူး​ရှိ​သည့် သင်​တို့​၏​ယုံ​ကြည်​စိတ်​ချ​မှု​ကို မ​စွန့်​လွှတ်​ကြ​နှင့်။

36. ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​ဆောင်​ရွက်​ပြီး က​တိ​တော်​ကို​ခံ​စား​ရ​ရှိ​နိုင်​ရန် သင်​တို့​၌​လို​အပ်​သော​အ​ရာ​မှာ သည်း​ခံ​ခြင်း​ဖြစ်​၏။

37. အ​ကြောင်း​မူ​ကား “ကြွ​လာ​တော်​မူ​မည့်​အ​ရှင်​သည် ကြန့်​ကြာ​ခြင်း​မ​ရှိ​ဘဲ မ​ကြာ​မီ​ကြွ​လာ​တော်​မူ​လိမ့်​မည်။

38. ငါ​၏​ဖြောင့်​မတ်​သော​သူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​အ​သက်​ရှင်​မည်။ သူ​သည် တွန့်​ဆုတ်​လျှင် ငါ​၏​စိတ်​ဝိ​ညာဉ်​သည် သူ့​ကို​နှစ်​သက်​မည်​မ​ဟုတ်”​ဟူ​၍ ဖော်​ပြ​ထား​၏။

39. သို့​သော် ငါ​တို့​သည် တွန့်​ဆုတ်​လျက် ပျက်​စီး​ခြင်း​သို့​ရောက်​သော​သူ​များ​မ​ဟုတ်​ဘဲ ယုံ​ကြည်​လျက် အ​သက်​ကို​ပိုင်​ဆိုင်​သော​သူ​များ​ဖြစ်​ကြ​၏။