အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 8 Judson Bible (BJB)

1. ထိုအခါယေရုရှလင်မြို့၌ ရှိသော အသင်းတော်သည် ပြင်းစွာသောညှဉ်းဆဲခြင်းကိုခံရသဖြင့် တမန်တော်တို့မှတပါး သင်းဝင်သူအပေါင်းတို့သည် ယုဒပြည်၊ ရှမာရိပြည်အရပ်ရပ်တို့၌ အနှံ့အပြားကွဲပြား ကြ၏။

2. တရားကိုရိုသေသောသူတို့သည် သတေဖန်ကို သင်္ဂြိုဟ်၍ ပြင်းစွာသောငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။

3. ရှောလုသည် အသင်းတော်ကိုဖျက်ဆီးလေ၏။ အိမ်များသို့ ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကို ဆွဲငင်၍ ထောင်ထဲ၌လှောင်ထား တတ်၏။

4. ထိုကြောင့် အရပ်ရပ်သို့ကွဲပြားသော သူတို့သည် လှည့်လည်၍ နှုတ်ကပတ်တော်တည်းဟူသော ဧဝံဂေလိတရားကို ဟောပြောကြ၏။

5. ဖိလိပ္ပုသည်လည်း၊ ရှာမာရိမြို့သို့သွား၍ ခရစ်တော်၏ အကြောင်းကိုဟောလေ၏။

6. လူအစုအဝေးတို့သည်ကြား၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာတို့ကို မြင်သောအခါ၊ သူ၏စကားကို တညီတညွတ်တည်း နားထောင်ကြ ၏။

7. အကြောင်းမူကား၊ နတ်ဆိုးစွဲသော သူများတို့၏ အထဲမှ နတ်ဆိုးတို့သည် ပြင်းစွာသော အသံနှင့် အော်ဟစ်လျက်ထွက်သွားကြ၏။ ကိုယ်မလှုပ်နိုင်သောသူ၊ ခြေမစွမ်းသောသူအများတို့သည်လည်း ပကတိအဖြစ်သို့ရောက်ကြ၏။

8. ထိုမြို့သူမြို့သားတို့သည် အလွန်ဝမ်းမြောက်ခြင်းရှိကြ၏။

9. ရှိမုန်အမည်ရှိသော သူတယောက်သည်၊ ထိုမြို့၌ နတ်ဝိဇ္ဇာအတတ်နှင့်ပြုပြင်၍၊ ငါသည်ထူးဆန်းသော သူဖြစ်သည်ဟုဆိုလျက်၊ ရှမာရိအမျိုးသားတို့ကို မိန်းမောတွေဝေစေခြင်းငှါပြု၏။

10. လူကြီးလူငယ်ရှိသမျှတို့ကလည်း၊ ဤသူသည် ဘုရားသခင်၏ မဟာတန်ခိုးတော်ဖြစ်သည်ဟု ဆိုလျက် ထိုသူ၌ဆည်းကပ်ကြ၏။

11. ဆည်းကပ်သည်အကြောင်းကား၊ သူတို့ကို မိန်းမောတွေဝေစေခြင်းငှါ ထိုသူသည် နတ်ဝိဇ္ဇာအတတ်အားဖြင့် ကြာမြင့်စွာပြုလျက်နေ၏။

12. ဖိလိပ္ပုသည် ဘုရားသခင်၏နိုင်ငံတော်၌၎င်း၊ ယေရှုခရစ်၏ နာမတော်နှင့်၎င်း စပ်ဆိုင်သော ဧဝံဂေလိတရားကို ဟောပြော၍ ထိုသူတို့သည် ယုံကြည်သောအခါ၊ ယောက်ျားမိန်းမတို့သည် ဗတ္တိဇံကို ခံကြ၏။

13. ရှိမုန်သည်လည်း ကိုယ်တိုင်ယုံကြည်သည်ဖြစ်၍ ဗတ္တိဇံကို ခံပြီးမှ ဖိလိပ္ပုထံ၌မှီဝဲဆည်းကပ်သဖြင့်၊ ထူးဆန်း သော တန်ခိုးကြီးသော နိမိတ်လက္ခဏာများကို မြင်၍ မိန်းမောတွေဝေလျက်ရှိလေ၏။

14. ရှမာရိမြို့သားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့၌ ရှိသော တမန်တော်တို့သည် သိတင်း ကြားလျှင်၊ ပေတရုနှင့်ယောဟန်တို့ကို စေလွှတ်ကြ၏။

15. ထိုမြို့သူမြို့သား တို့သည် သခင်ယေရှု၏နာမ၌ ဗတ္တိဇံကို ခံရုံမျှသာရှိသဖြင့်၊

16. တစုံတယောက်သောသူအပေါ်၌ သန့်ရှင်းသောဝိညာဉ်တော်သည် သက်ရောက်တော်မမူသေးသည်ဖြစ်၍၊ တမန်တော်တို့သည် ရောက်ကြလျှင်၊ ဝိညာဉ်တော်ကိုခံရမည်အကြောင်း ထိုမြို့သူမြို့သားတို့ အဘို့ ဆုတောင်း၍၊

17. ထိုသူတို့အပေါ်၌ လက်ကိုတင်သောအားဖြင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံရကြ၏။

18. တမန်တော်တို့လက်ကိုတင်သောအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သည်ကို ရှိမုန်မြင်လျှင်၊ ငွေကိုယူဆောင်ခဲ့၍၊

19. အကျွန်ုပ်၏ လက်တင်ခြင်းကိုခံရသောသူသည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံစေမည်အကြောင်း အကျွန်ုပ်အား အခွင့်ပေးပါဟု တောင်းသော်၊

20. ပေတရုက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ငွေနှင့်ဝယ်ယူမည် ဟု အကြံရှိသောကြောင့်၊ သင်နှင့်တကွ သင်၏ ငွေသည်ပျက်စီးခြင်းသို့ ရောက်ပါစေ။

21. သင်သည်ဤအမှုအရာနှင့် မဆက်ဆံသောသူဖြစ်၏။ အကြောင်းမူကား၊ သင်၏စိတ်နှလုံးသည် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်းမရှိ။

22. ထိုကြောင့်သင်၌ ယခုဆိုးညစ်သောအမှုကို နောင်တရလော့။ သင်၏စိတ်နှလုံး၌ကြံစည်ခြင်းအပြစ်ကို လွှတ်ကောင်းလွှတ်လိမ့်မည် ဖြစ်၍၊ ဘုရားသခင်ကို တောင်းပန်လော့။

23. သင်သည်ခါးစွာသောသည်းခြေစွဲသည်ဖြစ်၍၊ ဒုစရိုက်အနှောင်အဖွဲ့နှင့်မလွတ်ကြောင်းကို ငါသိမြင်သည်ဟုဆို၏။

24. ရှိမုန်ကလည်း၊ မိန့်တော်မူသောအရာ တစုံတခုမျှ အကျွန်ုပ်အပေါ်သို့ မရောက်ပါမည်အကြောင်း၊ ထာဝရဘုရားကို ကျွန်ုပ်အဘို့ အလိုငှါ ဆုတောင်းတော်မူကြပါဟု ပြန်ပြော၏။

25. တမန်တော်တို့သည် သက်သေခံ၍ သခင်ဘုရား၏နှုတ်ကပတ်တရားတော်ကိုဟောပြီးမှ၊ ယေရုရှလင်မြို့သို့ ပြန်သွားရာ၊ ရှာမာရိရွာများတို့၌လည်း ဧဝံဂေလိတရားကို ဟောပြောကြ၏။

26. တဖန် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဖိလိပ္ပုအား၊ သင်ထ၍ ယေရုရှလင်မြို့မှ ဂါဇမြို့ သို့သွားရာ တောလမ်းတွင် တောင်မျက်နှာသို့ သွားလော့ ဟု ဆိုသည်အတိုင်း၊ ဖိလိပ္ပုသည်ထ၍ သွားလေ၏။

27. ထိုအခါ အဲသယောပိပြည်ကိုအစိုးရသော မိဖုရားကန္ဒက်ထံ၌ ဘုန်းကြီးသောအမတ်ဖြစ်၍၊ ဘဏ္ဍတော်ရှိသမျှကို အုပ်စိုးရသော အဲသယောပိ ပြည်သား တယောက်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင်မြို့သို့သွား၍၊

28. ပြန်စဉ်တွင် မိမိရထားပေါ်၌ထိုင်လျက် ပရောဖက်ဟေရှာယ၏ ကျမ်းစာကို ဘတ်လေ၏။

29. ဝိညာဉ်တော်ကလည်း၊ ထိုရထားသို့ ချဉ်းကပ်၍ မှီဝဲလော့ဟု ဖိလိပ္ပုအား ဗျာဒိတ်ပေးတော်မူသဖြင့်၊

30. ဖိလိပ္ပုသည် ရထားသို့ပြေး၍ ပရောဖက် ဟေရှာယ၏ ကျမ်းစာ၌ ဘတ်သည်ကိုကြားလျှင်၊ ဘတ်သောအရာကို နားလည်ပါ၏ လောဟု မေးမြန်း၏။

31. ထိုအမတ်ကလည်း၊ သွန်သင်ပဲ့ပြင်သော သူမရှိလျှင် အဘယ်သို့ နားလည်နိုင်မည်နည်းဟု ဆိုပြီးမှ မိမိနှင့်အတူ ဖိလိပ္ပုတက်၍ထိုင်နေ ပါမည်အကြောင်း တောင်းပန်၏။

32. ကျမ်းစာ၌ ဘတ်သောအချက်ဟူမူကား၊ အသေသတ်ခြင်းငှါ ဆောင်သွားသော သိုးကဲ့သို့ သူ့ကို ဆောင်သွား၍၊ သိုးသငယ်သည် အမွေးညှပ်သောသူ ရှေ့မှာ မမြည်ဘဲ နေသကဲ့သို့ သူသည်နှုတ်ကိုမဖွင့် ဘဲနေ၏။

33. နှိမ့်ချခြင်းကိုခံစဉ်တွင် သူတပါးတို့သည် ထိုသူကို မတရားသဖြင့် စီရင်ကြ၏။ ထိုသူ၏အသက်ကို မြေကြီးကသိမ်းရုပ်သည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ်သူပြညွှန်မည်နည်းဟု ကျမ်းစာလာသတည်း။

34. ထိုအမတ်ကလည်း၊ ပရောဖက်သည် အဘယ်သူကို ရည်မှတ်၍ ဤသို့ဆိုပါသနည်း။ ကိုယ်ကိုတည်း ဆိုလိုသလော။ သူတပါးကိုတည်း ဆိုလိုသလောဟု တောင်းပန်လျက်၊

35. ဖိလိပ္ပုအား မေးမြန်းလျှင်၊ ဖိလိပ္ပုသည် မိမိနှုတ်ကိုဖွင့်၍ ထိုကျမ်းစာချက်ကို အစွဲပြုလျက်၊ ယေရှု၏အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟောလေ၏။

36. ထိုသို့လမ်း၌သွားကြစဉ် ရေရှိရာသို့ရောက်၍၊ အမတ်ကလည်း ဤအရပ်တွင်ရေရှိပါ၏။ အကျွန်ုပ်ကို ဗတ္တိဇံမခံစေခြင်းငှါ မည်သည့်အကြောင်း ဆီးတားပါသနည်းဟု ပြောဆိုလျှင်၊

37. ဖိလိပ္ပုက၊ သင်သည် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လျှင် ခံရသည် ဟုဆိုလေ၏။ အမတ်ကလည်း၊ ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍၊

38. ရထားကိုရပ်စေခြင်းငှါစီရင်ပြီးမှ၊ ဖိလိပ္ပုသည် ထိုအမတ်နှင့် တကွရေထဲသို့ဆင်း၍ ဗတ္တိဇံကိုပေး၏။

39. ရေထဲကတက်ကြလျှင်၊ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဖိလိပ္ပုကိုဆောင်ယူတော်မူ၍၊ အမတ်သည် ဖိလိပ္ပုကို နောက်တဖန်မတွေ့မမြင်ရ။ ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိ သွားရသောလမ်းကို သွားလေ၏။

40. ဖိလိပ္ပုသည်လည်း အာဇုတ်မြို့၌ ပေါ်လာ၍၊ ထိုမြို့မှကဲသရိ မြို့တိုင်အောင် မြို့ရွာအစဉ်အတိုင်း ရှောက်သွား၍ ဧဝံဂေလိတရားကို ဟောလေ၏။