အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 21 Judson Bible (BJB)

1. ထိုသူများနှင့် ငါတို့သည် ခွါသွား၍ သင်္ဘောလွှင့်မှ ကောသကျွန်းသို့တည့်တည့်သွားသဖြင့်၊ နက်ဖြန်နေ့၌ ရောဒုကျွန်းသို့၎င်း၊ ထိုကျွန်းမှ ပါတရမြို့သို့၎င်း ရောက်ကြ၏။

2. ဖိနိတ်ပြည်သို့ကူးသော သင်္ဘောကိုတွေ့လျှင်၊ ထိုသင်္ဘောကိုစီး၍ လွှင့်ပြန်၏။

3. ကုပရုကျွန်းကိုမြင်လျှင် လက်ျာဘက်၌ ရှောက်သွားသဖြင့်၊ ရှုရိ ပြည်သို့ကူး၍ တုရူမြို့၌ ဆိုက်လေ၏။ ထိုမြို့မှာ သင်္ဘော၌ပါသော ဝန်ကိုချရ၏။

4. တပည့်တော်တို့ကိုတွေ့၍ ငါတို့သည် ခုနစ်ရက် နေကြ၏။ ပေါလုသည် ယေရုရှလင်မြို့သို့ မတက်ရမည် အကြောင်း၊ ထိုတပည့်တော်တို့သည် ဝိညာဉ်တော်အားဖြင့် ပြောကြ၏။

5. ခုနစ်ရက်စေ့သောအခါ တပည့်တော်အပေါင်းတို့သည် သားမယားနှင့်တကွ မြို့ပြင်သို့ ငါတို့ကို ပို့လိုက်ကြ၍ ငါတို့သည်ထွက်သွားပြီးလျှင်၊ ပင်လယ်ကမ်းပေါ်၌ ဒူးထောက်လျက်ဆုတောင်းကြ၏။

6. အချင်းချင်းနှုတ်ဆက်ပြီးမှ ငါတို့သည် သင်္ဘောပေါ်သို့တက်၍ သူတို့သည် မိမိအိမ်သို့ပြန်ကြ၏။

7. တုရုမြို့မှ ပတောလင်မြို့သို့ရောက်လျှင်၊ ပင်လယ်ကူးခြင်းနှင့် လွတ်ကြ၏။ ပတောလင်မြို့၌ ညီအစ်ကိုတို့နှင့် နှုတ်ဆက်၍ တရက်နေပြီးမှ၊

8. နက်ဖြန်နေ့၌ ထွက်သွားပြန်၍ ကဲသရိမြို့သို့ ရောက်လျှင်၊ ဆရာခုနစ်ပါးအဝင်သာသနာပြုဆရာ ဖိလိပ္ပု၏ အိမ်သို့ဝင်၍နေကြ၏။

9. ထိုသူ၌ ပရောဖက်ပြုသော သမီးကညာ လေးယောက်ရှိ၏။

10. ထိုအိမ်၌တာရှည်စွာနေကြပြီးမှ အာဂဗုအမည် ရှိသော ပရောဖက်တယောက်သည် ယုဒပြည်မှလာ၍၊

11. ငါတို့ရှိရာသို့ဝင်သဖြင့်၊ ပေါလု၏ ခါးပန်းကိုယူ၍ မိမိခြေလက်ကိုချည်နှောင်ပြီးလျှင်၊ ဤခါးပန်းရှင်ကို ယုဒလူတို့သည် ယေရုရှလင်မြို့၌ ချည်နှောင်၍၊ တပါးအမျိုးသားတို့လက်သို့အပ်နှံကြလိမ့်မည်ဟု သန့်ရှင်းသော ဝိညာဉ်တော်မိန့်တော်မူသည်ဟုဆို၏။

12. ထိုစကားကိုကြားလျှင်၊ ငါတို့နှင့် ထိုအရပ်၌ ရှိသောသူတို့က၊ ယေရုရှလင်မြို့သို့မသွားပါနှင့်ဟု ပေါလုကိုတောင်းပန်ကြ၏။

13. ပေါလုကလည်း၊ အဘယ်ကြောင့် ငိုကြွေးလျက် ငါ့စိတ်နှလုံးကို ကြေကွဲစေလျက် ပြုကြသနည်း။ သခင်ယေရှု၏ နာမတော်ကြောင့် ယေရုရှလင်မြို့၌ ချည်နှောင်ခြင်းမက၊ အသေသတ်ခြင်းကိုပင် ခံခြင်းငှါ ငါအသင့်ရှိသည်ဟုဆို၏။

14. ထိုသို့သွေးဆောင်ခြင်းသို့ မလိုက်သောအခါ ငါတို့သည် မသွေးဆောင်ဘဲနေ၍၊ သခင်ဘုရား အလိုတော်ရှိသည်အတိုင်း ဖြစ်ပါစေဟု ဆိုကြ၏။

15. ထိုနောက်မှ ငါတို့သည် အသုံးအဆောင်များကို ပြင်ဆင်၍ ယေရုရှလင်မြို့သို့သွားကြ၏။

16. ကဲသရိမြို့သားတပည့်တော်အချို့တို့သည် ငါတို့နှင့်အတူ လိုက်ကြ၍၊ ငါတို့ကိုဧည့်ခံမည့်သူ မနာသုန် အမည်ရှိသော ကုပရုကျွန်း သား အသက်ကြီးသော တပည့်တော်ဆီသို့ ပို့ဆောင်ကြ၏။

17. ယေရုရှင်လင်မြို့သို့ရောက်သောအခါ၊ ညီအစ်ကိုတို့သည် ကြည်ညိုသောစိတ်နှင့် ငါတို့ကို လတ်ခံကြ၏။

18. နက်ဖြန်နေ့၌ပေါလုသည် ငါတို့နှင့်တကွ ယာကုပ်ထံသို့ဝင်လျှင် သင်းအုပ်အပေါင်းတို့သည် စည်းဝေးကြ၏။

19. ပေါလုသည်ထိုသူများကို နှုတ်ဆက်ပြီးလျှင်၊ မိမိသည် ဓမ္မဆရာအမှုကိုဆောင်ခြင်းအားဖြင့် ဘုရားသခင်သည် တပါးအမျိုးသားတို့တွင်ပြုတော်မူသမျှတို့ကို သေချာစွာ ထုတ်ဘော်ပြသလေ၏။

20. ထိုသူတို့သည်ကြားလျှင်၊ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။ ပေါလုအားလည်း၊ ငါတို့ညီ၊ ယုံကြည်သော ယုဒလူဘယ်နှစ်သောင်းရှိသည်ကို သင်သည် သိမြင်၏။ ထိုသူအပေါင်းတို့သည် ပညတ်တရားဘက်၌ စိတ်အားကြီးသောသူဖြစ်ကြ၏။

21. တပါးအမျိုးသားတို့တွင် နေသော ယုဒလူအပေါင်းတို့သည် သူငယ်တို့အားအရေဖျားလှီးခြင်းကို မပေးရကြ။ ရှေးထုံးတမ်းအတိုင်း မကျင့်ရကြဟု သင်သည် ဆိုလျက်၊ သူတို့သည်မောရှေ တရားကိုစွန့်စေခြင်းငှါ ဆုံးမဩဝါဒ ပေးတတ်သည်ကို ဤလူတို့သည် သိတင်းကြားကြပြီ။

22. သို့ဖြစ်၍ အဘယ်သို့ပြုရမည်နည်း။ လူအပေါင်း တို့သည် မစုဝေးဘဲမနေနိုင်ရာ။ သင်ရောက်ကြောင်းကို ကြားသိလိမ့်မည်။

23. ထိုကြောင့် အကျွန်ုပ်တို့ဆိုသည်အတိုင်း ပြုပါလော့။ သစ္စာဂတိပြုပြီးသော လူလေးယောက်သည် အကျွန်ုပ်တို့တွင်ရှိ၏။

24. ထိုသူတို့ကို ယူ၍ သူတို့နှင့်တကွ စင်ကြယ်ခြင်းကိုပြုလျက်၊ သူတို့ခေါင်းရိတ်ခြင်းစရိတ်ကို ပေးပါလော့။ ထိုသို့ပြုလျှင် လူအပေါင်းတို့သည် မိမိတို့ကြားသော သိတင်းစကားမမှန်သည်ကို၎င်း၊ သင်သည် ကိုယ်တိုင် ပညတ်တရားကိုစောင့်ရှောက်၍ ကျင့်နေသည်ကို၎င်း သိရကြလိမ့်မည်။

25. ယုံကြည်ခြင်းသို့ ရောက်သောတပါးအမျိုးသားတို့မူကား၊ ထိုသို့ သောတရားကိုမကျင့်မစောင့်ဘဲလျက်၊ ရုပ်တုရှေ့မှာပူဇော်သော ယဇ်ကောင်ကို၎င်း၊ အသွေးကို ၎င်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကို၎င်း၊ မတရားသော မေထုန်ကို၎င်း၊ ရှောင်စေခြင်းငှါသာ ငါတို့သည် စီရင်၍ ကြားလိုက်ခဲ့ပြီဟုဆိုကြ၏။

26. ထိုအခါပေါလုသည် ထိုသူတို့ကိုခေါ်၍ နက်ဖြန်နေ့၌ သူတို့နှင့်တကွစင်ကြယ်ခြင်းကိုပြုပြီးမှ ၊ ဗိမာန်တော်သို့ဝင်၍ သူတို့အတွက် အသီးအခြား ပူဇော်သက္ကာပြုရသောအချိန်တည်းဟူသော စင်ကြယ်ခြင်းကိုပြုရသော နေ့ရက်စေ့မည့်အချိန်ကို ကြားပြောလေ၏။

27. ထိုခုနစ်ရက်စေ့လူသောအခါ၊ အာရှိပြည်မှလာသော ယုဒလူတို့သည် ဗိမာန်တော်၌ ပေါလုကိုမြင်လျှင် စုဝေးသောလူအပေါင်းတို့ကိုတိုက်တွန်းနှိုးဆော်၍၊ ဣသရေလ လူတို့၊ ကူမကြပါ။

28. ဤသူကား၊ ငါတို့အမျိုးနှင့် ပညတ်တရားကို၎င်း ဤအရပ်ဌာနကို၎င်း၊ ခပ်သိမ်းသောအရပ်တို့၌ ဆန့်ကျင်ဘက်ပြု၍၊ လူအပေါင်းတို့အား ဆုံးမဩဝါဒ ပေးသောသူဖြစ်ပါ၏။ ထိုမျှမက၊ ဟေလသလူတို့ကို ဗိမာန်တော်ထဲသို့သွင်း၍၊ ဤသန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေပြီတကားဟု ဟစ်ကြော်၍၊ ပေါလုကို ဘမ်းဆီးကြ၏။

29. အထက်ကမြို့ထဲ၌ ပေါလုနှင့်အတူတရောဖိမ်အမည်ရှိသော ဧဖက်မြို့သားတယောက်ကို မြင်ကြသည်ဖြစ်၍၊ ထိုသူကိုပေါလုသည် ဗိမာန်တော်ထဲသို့ သွင်းသည်ဟု ထင်မှတ်ကြ၏။

30. တမြို့လုံးရုန်းရင်းခတ်မျှ ဖြစ်လျှင်၊ လူများတို့သည် ပြေးလာ၍ စုဝေးကြလျက်၊ ပေါလုကိုကိုင်ယူ၍ ဗိမာန်တော်ပြင်သို့ ဆွဲငင်ပြီးမှ တခဏခြင်းတံခါးများတို့ကို ပိတ်ထားကြ၏။

31. ပေါလုကိုသတ်မည်ဟု အားထုတ်ကြသောအခါ၊ ယေရုရှလင်မြို့တမြို့လုံး မငြိမ်မသက်ရုန်းရင်းခတ်မျှဖြစ်သည်ဟု လူတထောင်ကို အုပ်ချုပ်သော စစ်သူကြီး သည် သိတင်းကြားလျှင်၊

32. စစ်သူရဲများနှင့်တပ်မှူးတို့ကို အလျင်အမြန်ခေါ်၍ ထိုသူတို့ ရှိရာသို့ဆင်းပြေး၏။ ထိုသူတို့သည် စစ်သူကြီးနှင့်စစ်သူရဲတို့ကိုမြင်လျှင်၊ ပေါလုကိုမရိုက်ဘဲနေကြ၏။

33. ထိုအခါစစ်သူကြီးသည်အနီးသို့ရောက်၍ ပေါလုကိုကိုင်ယူပြီးလျှင်၊ သံကြိုးနှစ်စင်းနှင့် ချည်ချေ ဟုစီရင်၍၊ ဤသူသည်အဘယ်သူနည်း။ အဘယ်အမှုကို ပြုမိသနည်းဟုမေးစစ်လေ၏။

34. လူအစုအဝေးထဲ၌ အသီးသီးအခြားခြားဟစ်ကြော်၍ အသံများသောကြောင့်၊ စစ်သူကြီးသည် အမှန်ကိုမသိနိုင်သဖြင့်၊ ပေါလုကိုရဲတိုက်ထဲသို့ ဆောင်သွားစေခြင်းငှါ စီရင်ပြန်လေ၏။

35. လူများတို့သည် ပြင်းထန်သောကြောင့်၊ လှေကားပေါ်သို့ ရောက်သောအခါ၊ စစ်သူရဲတို့သည် ပေါလုကို ချီပွေ့၍ ဆောင်ရကြ၏။

36. သူ့ကိုထုတ်လော့ဟု လူများအပေါင်းတို့သည် ဟစ်ကြော်လျက်လိုက်ကြ၏။

37. ပေါလုသည်ရဲတိုက်ထဲသို့ဝင်လုသောအခါ၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် စကားပြောရပါမည်လောဟု စစ်သူကြီးအားမေးလျှင် စစ်သူကြီးကသင်သည် ဟေလသစကားကိုပြောတတ်သလော။

38. သင်သည်အထက်ကပုန်ကန်၍ ထားပြလေးထောင်တို့ကို တောသို့ခေါ်သွားသော အဲဂုတ္တုလူဖြစ်သည် မဟုတ်လောဟု မေး၏။

39. ပေါလုကလည်း၊ အကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့၌ မွေးဘွားသော ယုဒလူဖြစ်ပါ၏။ အကျွန်ုပ်နေသောမြို့ကား၊ သာမည မြို့မဟုတ်။ ဤသူတို့အား အကျွန်ုပ် ပြောရသော အခွင့်ကိုပေးပါ။ အကျွန်ုပ် ပန်ကြားပါသည်ဟုဆို၏။

40. စစ်သူကြီးသည်အခွင့်ပေးသဖြင့်၊ ပေါလုသည် လှေကားပေါ်မှာ ရပ်၍ထိုလူတို့အား မိမိလက်နှင့် အမှတ်ပေးလေ၏။ သူတို့သည်အလွန် တိတ်ဆိတ်စွာ နေကြသောအခါ၊ ဟေဗြဲဘာသာအားဖြင့်မြွက်ဆိုလျက်၊