အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 10 Judson Bible (BJB)

1. ကဲသရိမြို့၌ ဣတလိတပ်ဟု ခေါ်ဝေါ်သောတပ်တွင် လူတရာကိုအုပ်ချုပ်သော တပ်မှူးကော်နေလိ အမည်တွင်သော သူတယောက်ရှိ ၏။

2. ထိုသူသည် မိမိအိမ်တွင်ရှိသမျှသော သူတို့နှင့်တကွ ဘုရားဝတ်၌ မွေ့လျော်၍ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရှိသဖြင့် လူတို့အားများစွာသော စွန့်ကြဲခြင်းကိုပြု၍ ဘုရားသခင်ကို အစဉ်ဆုတောင်းလေ့ရှိ၏။

3. တနေ့သ၌ နေသုံးချက်တီးအချိန်တွင် ဘုရားသခင်၏ ကောင်းကင်တမန်သည်၊ ကော်နေလိဟု ခေါ်လျက် ရောက်လာသည်ကို ထိုသူသည် ထင်ရှားသောဗျာဒိတ်ရူပါရုံအားဖြင့် မြင်ရ၏။

4. ကောင်းကင်တမန်ကို စေ့စေ့ကြည့်လျှင် ထိတ်လန့်ခြင်းရှိသည် ဖြစ်၍၊ သခင်၊ အဘယ်အခင်းရှိပါသနည်းဟု မေးသော်၊ ကောင်းကင်တမန်က၊ သင်ပြုသောဆုတောင်းပဌနာနှင့် စွန့်ကြဲပေးကမ်းခြင်းတို့သည် ဘုရားသခင့်ရှေ့တော်၌ အောက်မေ့စရာဘို့တက်ကြပြီ။

5. ထိုကြောင့် ယခုပင်ယုပွေမြို့သို့ လူတို့ကိုစေလွှတ်၍၊ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကိုခေါ်ပင့်လော့။

6. ထိုသူသည်သားရေလုပ်သမားရှိမုန်၏ အိမ်၌ တည်းနေ၏။ ထိုအိမ်သည် ပင်လယ်နားမှာ ရှိသည်ဟု ပြောဆို၏။

7. ထိုသို့ပြောဆိုသော ကောင်းကင်တမန်သွားပြီးမှ၊ ကော်နေလိသည် မိမိငယ်သားနှစ်ယောက်နှင့်တကွ မိမိထံ၌ မပြတ်ခစားသောလူစု အဝင်၊ ဘုရားဝတ်၌ မွေ့လျော်သော စစ်သူရဲတယောက်ကိုခေါ်၍၊

8. ထိုအကြောင်းအရာအလုံးစုံတို့ကို ကြားပြောပြီးမှ ယုပွေမြို့သို့ စေလွှတ်၏။

9. နက်ဖြန်နေ့၌ ထိုသူတို့သည် သွား၍ ယုပွေမြို့အနီးသို့ ရောက်ကြသောအခါ၊ နှစ်ချက်တီးအချိန်တွင် ပေတရုသည် ဆုတောင်းခြင်း ငှါအိမ်မိုးပေါ်သို့ တက်လေ၏။

10. ဆာမွတ်၍ အစာအာဟာရကို အလိုရှိလျှင် သူတပါးတို့သည် အစာအာဟာရကို ပြင်ဆင်ကြစဉ်အခါ ပေတရုသည် ဘဝင်ဖြစ်၍ နေသဖြင့်၊

11. ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ ခြုံထည်ကဲ့သို့ လေးထောင့်ချုပ်၍ မြေသို့ချလွှတ်သော တန်ဆာသည် မိမိဆီသို့ဆင်းသက်လာသည်ကို၎င်း မြင်လေ၏။

12. ထိုတန်ဆာထဲ၌ သားရဲမှစ၍မြေ၌ကျင်လည် သောသားမျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်မျိုးတို့သည်ရှိကြ၏။

13. စကားအသံသည်လည်း၊ ပေတရုထ၍ သတ်စားလော့ဟု လာ၏။

14. ပေတရုကလည်း၊ မဖြစ်နိုင်ပါသခင်။ ညစ်ညူးသောအရာနှင့် မစင်ကြယ်သောအရာကို အကျွန်ုပ်သည် တရံတခါမျှ မစားဘူးပါဟု ပြောဆို၏။

15. နောက်တဖန် စကားသံကား၊ ဘုရားသခင် စင်ကြယ်စေတော်မူသောအရာကို ညစ်ညူးသည်မထင်နှင့်ဟု လာပြန်၏။

16. ထိုသို့ သုံးကြိမ်မြောက်အောင်လာပြီးလျှင်၊ ထိုတန်ဆာကို ကောင်းကင်ထဲသို့ သိမ်းရုပ်ပြန်လေ၏။

17. ပေတရုသည် မိမိမြင်ရသော ဗျာဒိတ်ရူပါရုံကား၊ အဘယ်သို့ ဆိုလိုသနည်းဟု တွေးတောဆင်ခြင်၍ နေစဉ်တွင်၊ ကော်နေလိစေလွှတ် သောသူတို့သည် ရှိမုန်အိမ်ကို မေးမြန်းရှာဖွေ၍ တံခါးရှေ့မှာရပ်လျက်၊

18. ပေတရုအမည်သစ်ကိုရသော ရှိမုန်သည် ဤမှာတည်းနေပါ သလောဟု မေးမြန်းဟစ်ခေါ်ကြ၏။

19. ပေတရုသည်ထိုဗျာဒိတ်ရူပါရုကို ဆင်ခြင်၍နေစဉ်တွင် ဝိညာဉ်တော်က၊ လူသုံးယောက်တို့သည် သင့်ကိုရှာကြ၏။

20. ထ၍ဆင်းလော့။ တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ လိုက်သွားလော့။ အကြောင်းမူကား၊ ထိုသူတို့သည် ငါစေလွှတ်သော သူဖြစ်ကြသည်ဟု မိန့်တော်မူလျှင်၊

21. ပေတရုသည်ဆင်း၍၊ ငါကား၊ သင်တို့ရှာသောသူဖြစ်၏။ အဘယ်အကြောင်းရှိ၍ လာကြသနည်းဟု ထိုသူတို့အားမေး၏။

22. ထိုသူတို့ကလည်း ဘုရားသခင်ကိုကြောက်ရွံ့၍၊ ယုဒလူ အပေါင်းတို့တွင် အသရေရှိသော သူတော်ကောင်းတည်းဟူသော တပ်မှူး ကော်နေလိသည်၊ ကိုယ်တော်ကို မိမိအိမ်သို့ခေါ်ပင့်၍ ကိုယ်တော်၏ စကားကို နားထောင်ရမည်အကြောင်း၊ သန့်ရှင်းသော ကောင်းကင်တမန်အားဖြင့် ဗျာဒိတ်တော်ကို ခံရပါသည်ဟု ပြန်ပြောကြ၏။

23. ပေတရုသည်လည်းထိုသူတို့ကို အိမ်ထဲသို့ခေါ်၍ ဧည့်သည်ဝတ်ကိုပြုလေ၏။ နက်ဖြန်နေ့၌ထ၍ ထိုသူတို့နှင့်အတူ သွားသဖြင့်၊ ယုပွေမြို့သားဖြစ်သော ညီအစ်ကို အချို့တို့သည် လိုက်ကြ၏။

24. ထိုနောက်တနေ့၌ ကဲသရိမြို့သို့ဝင်ကြ၍၊ ကော်နေလိသည် မိမိအဆွေအမျိုး မိတ်ခင်ပွန်းများတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့ကို မြော်လင့်လျက်နေကြ၏။

25. ပေတရုရောက်လာသောအခါ ကော်နေလိသည် ခရီးဦးကြိုပြု၍၊ ပေတရု၏ခြေရင်း၌ပြပ်ဝပ်လျက် ကိုးကွယ်လေ၏။

26. ပေတရုသည် သူ့ကိုချီပင့်လျက်၊ ထလော့။ ငါကိုယ်တိုင် လူဖြစ်သည်ဟုဆို၏။

27. ထိုသို့နှုတ်ဆက်၍ ဝင်လေသော် စုဝေးလျက်ရှိ ကြသော လူများကိုတွေ့လျှင်၊

28. ပေတရုက၊ ယုဒလူဖြစ်သောသူတို့သည် တပါး အမျိုးသားတို့နှင့် မပေါင်းတော် မချည်းကပ်အပ်သည်ကို သင်တို့သိကြ၏။ သို့သော်လည်း ညစ်ညူးသည် မစင်ကြယ် ဟု အဘယ်သူကိုမျှ မခေါ်ရမည်အကြောင်း၊ ဘုရားသခင်သည်၊ ငါ့အားဆုံးမပြသတော်မူပြီ။

29. ထိုကြောင့်ငါ့ကိုခေါ်ကြသောအခါ ငါသည် မငြင်းမခုံဘဲလျက်လာ၏။ သို့ဖြစ်၍ အဘယ်အကြောင်းကြောင့် ငါ့ကိုခေါ်ကြသနည်း၊ ငါမေးလိုသည်ဟု ထိုသူတို့ အားပြောဆို၏။

30. ကော်နေလိကလည်း၊ အကျွန်ုပ်သည် ယခုအချိန် နာရီတိုင်အောင် အစာရှောင်၍ သုံးချက်တီး အချိန်တွင် အိမ်၌ဆုတောင်းလျက် နေသည်၊ ယခု လေးရက်ရှိပါပြီ။ ထိုအချိန်၌ လူတယောက်သည် ထွန်းတောက်သောအဝတ်ကို ဝတ်လျက် အကျွန်ုပ် ရှေ့မှောက်၌ရပ်၍၊

31. ကော်နေလိ၊ သင်ပြုသောပဌနာကို ဘုရားသခင်သည် ကြား၍၊ သင်စွန့်ကြဲခြင်းကိုလည်း မှတ်တော်မူပြီ။

32. ထိုကြောင့်ယုပွေမြို့သို့စေလွှတ်၍ ပေတရု အမည်သစ်ကို ရသောရှိမုန်ကို ခေါ်ပင့်လော့။ ထိုသူသည် ပင်လယ်နားမှာ သားရေလုပ်သမားရှိမုန်၏ အိမ်၌တည်း နေ၏။ ထိုသူသည်ရောက်လာလျှင် သင့်အား ဟောပြောလိမ့်မည်ဟုပြောဆိုပါ၏။

33. ထိုကြောင့် အကျွန်ုပ်သည် ကိုယ်တော်ထံသို့ အလျင်အမြန်စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောအားဖြင့် ကောင်းမွန်စွာပြုပါပြီ။ သို့ဖြစ်၍ ဘုရားသခင်သည် ကိုယ်တော်၌မှာထားတော်မူသမျှကို နားထောင်ခြင်းငှါ၊ ယခုအကျွန်ုပ်တို့ရှိသမျှသည် ဘုရားသခင်ရှေ့တော်၌ အသင့်နေကြပါသည်ဟု ကော်နေလိ ပြောဆို၏။

34. ထိုအခါပေတရုသည် နှုတ်ကိုဖွင့်၍၊ အကယ်စင်စစ် ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။

35. လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့၍ တရားသဖြင့် ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏။

36. အလုံးစုံတို့ကို အစိုးရတော်မူသော သခင်ယေရှုခရစ်အားဖြင့် ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူလျက်၊ ဣသရေလ အမျိုးသားတို့အား ပေးလိုက်တော်မူသော တရားတော်နှင့် အညီ၊

37. ယောဟန်သည် ဗတ္တိဇံတရားကို ဟောသည် နောက် ဂါလိလဲပြည်မှစ၍ ယုဒပြည်အရပ်ရပ်တို့၌ နှံ့ပြားသော အကြောင်းအရာကို သင်တို့သည် သိကြ၏။

38. ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ တန်ခိုးတော်နှင့်၎င်း၊ နာဇရက်မြို့သား ယေရှုကို ဘိသိက်ပေးတော်မူသဖြင့်၊ ထိုသူသည် ဘုရားသခင်၏ အခွင့်တော်နှင့် ကျေးဇူးပြုလျက်၊ မာရ်နတ်ညှဉ်းဆဲသော သူအပေါင်းတို့အား ချမ်းသာကို ပေးလျက် လှည့်လည်တော်မူ၏။

39. ငါတို့သည်လည်း၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်တွင်ပြုတော်မူသောအမှုများတို့၏ သက်သေခံဖြစ်ကြ၏။ ထိုသူကိုသစ်တိုင်၌ ဆွဲ၍ ကွပ်မျက်ကြလေ၏။

40. သုံးရက်မြောက်သောနေ့၌ ဘုရားသခင်သည် ထမြောက်စေတော်မူ၍၊

41. လူအပေါင်းတို့အား ထင်ရှားစွာပြတော်မမူ၊ ဘုရားသခင်ခန့်ထားတော်မူနှင့်သော သက်သေခံတည်းဟူသော ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။ သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ ထိုသခင်နှင့်အတူ ငါတို့သည်စားသောက်ရကြ၏။

42. ထိုသခင်သည်လည်း အသက်ရှင်သောသူတို့နှင့် သေသော သူတို့ကို တရားစီရင်သောသခင်ဖြစ်စေခြင်းငှါ၊ ဘုရားသခင်ခန့်ထားတော် မူကြောင်းကို လူအပေါင်းတို့အား ဟောပြောကြလော့။ သက်သေခံကြလော့ဟု ငါတို့အားပညတ်ထားတော်မူ၏။

43. ထိုသခင်ကို ယုံကြည်သောသူရှိသမျှတို့သည် နာမတော်အားဖြင့် အပြစ်လွှတ်တော်မူခြင်းကျေးဇူးကို ခံရကြလတံ့ဟူ၍ မရောဖက်အပေါင်းတို့သည် ထိုသခင်၏ သက်သေခံဖြစ်ကြသည်ဟု ပေတရုမြွက်ဆို၏။

44. ထိုစကားကို မြွက်ဆိုစဉ်၊ နှုတ်ကပတ်တရားတော်ကို ကြားနာရသော သူအပေါင်းတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သည် သက်ရောက်တော်မူ၏။

45. တပါးအမျိုးသားတို့ အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော်၏ ကျေးဇူးကိုသွန်းလောင်းသောကြောင့်၊ အရေဖျားလှီးခြင်းကို ခံသောသူ တည်းဟူသော ပေတရုနှင့် ပါသမျှသော တပည့်တော်တို့သည် မိန်းမောတွေဝေခြင်းရှိကြ၏။

46. အကြောင်းမူကား၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားအားဖြင့်ပြော၍၊ ဘုရားသခင်ကို ချီးမွမ်းသည်ကိုကြားကြလေ၏။

47. ထိုအခါကေတရုက၊ ငါတို့ကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်ကိုခံရသော ဤသူတို့ကို ဗတ္တိဇံ မပေးစေခြင်းငှါ အဘယ်သူသည် ရေကို မြစ်တားနိုင်သနည်း ဟုဆိုလျက်၊

48. သခင်ဘုရား၏နာမ၌ ဗတ္တိဇံကို ခံစေမည်အကြောင်းစီရင်လေ၏။ ထိုနောက်မှပေတရုသည် ကာလအတန်အရာနေပါမည် အကြောင်းကို ထိုသူတို့သည် တောင်းပန်ကြ၏။