14. ငါတို့၏သခင်သည် ယုဒအနွယ်မှပေါ်ထွန်းတော်မူကြောင်း သိသာထင်ရှား၏။ မောရှေသည် ထိုအနွယ်နှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်နှင့်စပ်ဆိုင်သည့်အရာတစ်စုံတစ်ခုကိုမျှ မပြောဆိုခဲ့ပေ။
15. ထို့ပြင် မေလခိဇေဒက်နှင့်တူသော အခြားယဇ်ပုရောဟိတ်တစ်ပါးပေါ်ထွန်းသည်ဆိုလျှင် ဤအကြောင်းအရာသည် ပို၍သိသာထင်ရှား၏။
16. ထိုအရှင်သည် သွေးသားဇာတိနှင့်ဆိုင်သောညွှန်ကြားချက်ဖြစ်သည့် ပညတ်တရားအားဖြင့်မဟုတ်ဘဲ မပျက်စီးနိုင်သောအသက်နှင့်ဆိုင်သည့်တန်ခိုးတော်အားဖြင့် ထာဝရယဇ်ပုရောဟိတ်ဖြစ်လာ၏။
17. အကြောင်းမူကား “သင်သည် မေလခိဇေဒက်နှင့်အလားတူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု သက်သေခံထား၏။
18. ယခင်ပညတ်ချက်သည် အားနည်း၍ အကျိုးမပေးနိုင်သောကြောင့် ပယ်ဖျက်ခြင်းခံရ၏။
19. အဘယ်ကြောင့်ဆိုသော် ပညတ်တရားသည် မည်သည့်အရာကိုမျှ မစုံလင်စေခဲ့ချေ။ သို့သော် ယခုအခါ သာ၍မြတ်သောမျှော်လင့်ခြင်းရောက်ရှိလာသဖြင့် ငါတို့သည် ထိုမျှော်လင့်ခြင်းအားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြ၏။
20. ထိုမျှမက ဤအမှုအရာသည် ကတိသစ္စာပြုခြင်းမပါဘဲဖြစ်လာသည်မဟုတ်။ အကြောင်းမူကား အခြားသောယဇ်ပုရောဟိတ်တို့သည် ကတိသစ္စာပြုခြင်းမပါဘဲ ယဇ်ပုရောဟိတ်များဖြစ်လာကြ၏။
21. ကိုယ်တော်မူကား “‘သင်သည် ထာဝရယဇ်ပုရောဟိတ်ဖြစ်၏’ဟု ထာဝရဘုရားတိုင်တည်၍မိန့်တော်မူသည်ဖြစ်သောကြောင့် စိတ်တော်ပြောင်းလဲမည်မဟုတ်”ဟူ၍ ကတိသစ္စာပြုလျက် ကိုယ်တော်အားမိန့်တော်မူသောအရှင်အားဖြင့် ယဇ်ပုရောဟိတ်ဖြစ်လာ၏။
22. ဤသို့ဖြင့် ယေရှုသည် သာ၍မြတ်သောပဋိညာဉ်၏အာမခံဖြစ်တော်မူ၏။
23. အခြားသောယဇ်ပုရောဟိတ်တို့သည် သေခြင်းတရားကြောင့် တာဝန်ကိုဆက်လက်၍မထမ်းဆောင်နိုင်ကြသဖြင့် များစွာသောသူတို့သည် ယဇ်ပုရောဟိတ်ဖြစ်လာကြ၏။
24. ကိုယ်တော်မူကား ကာလအစဉ်အဆက်တည်တော်မူသည်ဖြစ်၍ မပြောင်းလဲသောယဇ်ပုရောဟိတ်အရိုက်အရာကို ရရှိတော်မူ၏။