ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 7:1-7 Myanmar Standard Bible (MSB)

1. ဤ​မေ​လ​ခိ​ဇေ​ဒက်​ကား ဆ​လင်​ဘု​ရင်​ဖြစ်​ပြီး အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​၏။ သူ​သည် ဘု​ရင်​များ​ကို​ချေ​မှုန်း​ရာ​မှ​ပြန်​လာ​သော အာ​ဗြ​ဟံ​ကို ကြို​ဆို​လျက် ကောင်း​ချီး​ပေး​လေ​၏။

2. အာ​ဗြ​ဟံ​သည်​လည်း လက်​ရ​ပစ္စည်း​ရှိ​သ​မျှ​၏​ဆယ်​ဖို့​တစ်​ဖို့​ကို သူ့​အား​ခွဲ​ဝေ​ပေး​လှူ​၏။ မေ​လ​ခိ​ဇေ​ဒက်​အ​မည်​၏​အ​ဓိပ္ပာယ်​မှာ ပ​ထ​မ​အ​နေ​ဖြင့် ဖြောင့်​မတ်​ခြင်း​၏​ဘု​ရင်​ဟူ​၍​ဖြစ်​ပြီး ထို့​နောက် ငြိမ်​သက်​ခြင်း​၏​ဘု​ရင်​တည်း​ဟူ​သော ဆ​လင်​ဘု​ရင်​ဟူ​၍​လည်း​ဖြစ်​၏။

3. သူ​၌ ဖ​ခင်​မ​ရှိ၊ မိ​ခင်​မ​ရှိ၊ မျိုး​ရိုး​စဉ်​ဆက်​မ​ရှိ၊ အ​သက်​တာ​၏​အ​စ​လည်း​မ​ရှိ၊ အ​ဆုံး​လည်း​မ​ရှိ။ သူ​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ကဲ့​သို့​ဖြစ်​လျက် ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ် ထာ​ဝ​စဉ်​တည်​နေ​၏။

4. ငါ​တို့​အ​ဖ​အာ​ဗြ​ဟံ​ပင် လက်​ရ​ပစ္စည်း​များ​ထဲ​မှ ဆယ်​ဖို့​တစ်​ဖို့​ကို​ပေး​လှူ​ခဲ့​သော ဤ​သူ​သည် မည်​မျှ​လောက်​ကြီး​မြတ်​သည်​ကို ဆင်​ခြင်​ကြ​လော့။

5. လေ​ဝိ​အ​မျိုး​သား​တို့​ထဲ​မှ ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လာ​သော​သူ​တို့​သည် ပ​ညတ်​တ​ရား​အ​ရ လူ​တို့​ထံ​မှ ဆယ်​ဖို့​တစ်​ဖို့​ကောက်​ခံ​ရ​မည်​ဟူ​သော​ပ​ညတ်​ချက်​ကို ရ​ရှိ​ထား​ကြ​၏။ ထို​လူ​တို့​မှာ အာ​ဗြ​ဟံ​မှ​ဆင်း​သက်​လာ​သည့် မိ​မိ​တို့​ညီ​အစ်​ကို​များ​ပင်​ဖြစ်​ကြ​၏။

6. သို့​သော် လေ​ဝိ​၏​မျိုး​ဆက်​စာ​ရင်း​မ​ဝင်​သော​သူ​သည် အာ​ဗြ​ဟံ​ထံ​မှ ဆယ်​ဖို့​တစ်​ဖို့​ကို​ခံ​ယူ​ပြီး က​တိ​တော်​ကို​ရ​ရှိ​ထား​သော​သူ​အား ကောင်း​ချီး​ပေး​ခဲ့​၏။

7. ကြီး​သော​သူ​သည် ငယ်​သော​သူ​အား ကောင်း​ချီး​ပေး​တတ်​သည်​ကို ငြင်း​ဆို​ဖွယ်​မ​ရှိ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 7