1. သို့ဖြစ်၍ ကောင်းကင်နှင့်ဆိုင်သော ခေါ်ယူတော်မူခြင်း၌ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုတို့၊ ငါတို့ယုံကြည်ဝန်ခံသည့် တမန်တော်နှင့်ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှုအကြောင်းကို ဆင်ခြင်အောက်မေ့ကြလော့။
2. မောရှေသည် ဘုရားသခင်၏အိမ်တော်တစ်ခုလုံးအပေါ်သစ္စာရှိသကဲ့သို့ ယေရှုသည်လည်း မိမိကိုခန့်ထားသောဘုရားသခင်အပေါ်သစ္စာရှိတော်မူ၏။
3. အိမ်ဆောက်သူသည် ထိုအိမ်ထက် သာ၍ဂုဏ်သရေရှိသကဲ့သို့ ယေရှုသည် မောရှေထက် သာ၍မြင့်မြတ်သောဘုန်းအသရေကိုရထိုက်သည်ဟု မှတ်ယူခြင်းခံရ၏။
4. အကြောင်းမူကား အိမ်တိုင်းကို တစ်စုံတစ်ယောက်က တည်ဆောက်ရ၏။ သို့သော် အရာခပ်သိမ်းကိုတည်ဆောက်သောအရှင်ကား ဘုရားသခင်ပေတည်း။
5. မောရှေသည် နောင်အခါဟောပြောမည့်အရာတို့အတွက် သက်သေဖြစ်ရန် အစေခံအဖြစ် ဘုရားသခင်၏အိမ်တော်တစ်ခုလုံးအပေါ်သစ္စာရှိ၏။
6. ခရစ်တော်မူကား သားတော်အဖြစ် ဘုရားသခင်၏အိမ်တော်အပေါ်သစ္စာရှိတော်မူ၏။ ငါတို့သည် ယုံကြည်စိတ်ချခြင်းနှင့် မျှော်လင့်ခြင်း၌ဂုဏ်ယူဝါကြွားခြင်းတို့ကို စွဲကိုင်ထားလျှင် ဘုရားသခင်၏အိမ်တော်ဖြစ်ကြ၏။
7. ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်က “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင်
8. တောကန္တာရတွင် စမ်းသပ်စစ်ဆေးရာကာလ၌ ဆန့်ကျင်ဘက်ပြုကြစဉ်ကကဲ့သို့ သင်တို့စိတ်နှလုံးကို မမာကျောစေကြနှင့်။
9. ထိုအရပ်တွင် သင်တို့ဘိုးဘေးများသည် ငါ့ကိုစမ်းသပ်လျက် စစ်ဆေးကြကာ အနှစ်လေးဆယ်အတွင်း ငါပြုသောအမှုများကို တွေ့မြင်ခဲ့ကြ၏။