ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 10:27-39 Myanmar Standard Bible (MSB)

27. တ​ရား​စီ​ရင်​ခြင်း​ကို​လည်း​ကောင်း၊ ဆန့်​ကျင်​သော​သူ​တို့​ကို​ဝါး​မျို​မည့် အ​မျက်​တော်​မီး​ကို​လည်း​ကောင်း ကြောက်​ရွံ့​လျက် စောင့်​နေ​ကြ​ရန်​သာ​ရှိ​တော့​၏။

28. မော​ရှေ​၏​ပ​ညတ်​တ​ရား​ကို​ငြင်း​ပယ်​သော​သူ​သည် သက်​သေ​နှစ်​ဦး သို့​မ​ဟုတ် သုံး​ဦး​၏​သက်​သေ​ခံ​ချက်​အား​ဖြင့် သက်​ညှာ​ခြင်း​မ​ရှိ​ဘဲ သေ​ဒဏ်​ခံ​ရ​၏။

29. သို့​ဖြစ်​လျှင် ဘု​ရား​သ​ခင်​၏​သား​တော်​ကို​နင်း​ခြေ​၍ မိ​မိ​အား​သန့်​ရှင်း​စေ​သော​ပ​ဋိ​ညာဉ်​ဆိုင်​ရာ​သွေး​တော်​ကို မ​စင်​ကြယ်​သည့်​အ​ရာ​ဟု မှတ်​ယူ​လျက် ကျေး​ဇူး​တော်​နှင့်​ဆိုင်​သော​ဝိ​ညာဉ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် မည်​မျှ​လောက် ပို​၍​ကြီး​လေး​သော​အ​ပြစ်​ဒဏ်​ကို ခံ​ထိုက်​သည်​ဟု သင်​တို့​ထင်​ကြ​သ​နည်း။

30. အ​ကြောင်း​မူ​ကား “လက်​တုံ့​ပြန်​ခြင်း​သည် ငါ​နှင့်​ဆိုင်​၏။ ငါ​ကိုယ်​တိုင်​တုံ့​ပြန်​မည်”​ဟူ​၍​လည်း​ကောင်း၊ “ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​မည်”​ဟူ​၍​လည်း​ကောင်း မိန့်​တော်​မူ​သော​အ​ရှင်​ကို ငါ​တို့​သိ​ကြ​၏။

31. အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​လက်​တော်​သို့​ကျ​ရောက်​ခြင်း​သည် ကြောက်​မက်​ဖွယ်​ကောင်း​၏။

32. သင်​တို့​သည် အ​လင်း​သို့​ရောက်​ပြီး​သည့်​နောက် ဒုက္ခ​ဝေ​ဒ​နာ​ကို​ခံ​စား​လျက် ပြင်း​ထန်​သော​တိုက်​ခိုက်​မှု​ကို​သည်း​ခံ​ခဲ့​သည့် ယ​ခင်​နေ့​ရက်​များ​ကို သ​တိ​ရ​ကြ​လော့။

33. တစ်​ခါ​တစ်​ရံ သင်​တို့​သည် လူ​တို့​ရှေ့​၌ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​နှင့်​နှိပ်​စက်​ခြင်း​တို့​ကို​ခံ​ရ​ကြ​၍ တစ်​ခါ​တစ်​ရံ ထို​သို့​ပြု​ကျင့်​ခံ​ရ​သော​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​များ​ဖြစ်​ကြ​၏။

34. သင်​တို့​သည် အ​ကျဉ်း​သား​တို့​အ​ပေါ် စာ​နာ​စိတ်​ရှိ​ကြ​သည်​သာ​မ​က သာ​၍​မြတ်​ပြီး တည်​မြဲ​သော​အ​ရာ​ကို မိ​မိ​တို့​ပိုင်​ဆိုင်​ကြောင်း​သိ​လျက် သင်​တို့​ဥစ္စာ​ပစ္စည်း​များ မ​တ​ရား​လု​ယူ​ခြင်း​ခံ​ရ​သော်​လည်း ဝမ်း​မြောက်​စွာ​သည်း​ခံ​ခဲ့​ကြ​၏။

35. ထို့​ကြောင့် ကြီး​မြတ်​သော​အ​ကျိုး​ကျေး​ဇူး​ရှိ​သည့် သင်​တို့​၏​ယုံ​ကြည်​စိတ်​ချ​မှု​ကို မ​စွန့်​လွှတ်​ကြ​နှင့်။

36. ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​ဆောင်​ရွက်​ပြီး က​တိ​တော်​ကို​ခံ​စား​ရ​ရှိ​နိုင်​ရန် သင်​တို့​၌​လို​အပ်​သော​အ​ရာ​မှာ သည်း​ခံ​ခြင်း​ဖြစ်​၏။

37. အ​ကြောင်း​မူ​ကား “ကြွ​လာ​တော်​မူ​မည့်​အ​ရှင်​သည် ကြန့်​ကြာ​ခြင်း​မ​ရှိ​ဘဲ မ​ကြာ​မီ​ကြွ​လာ​တော်​မူ​လိမ့်​မည်။

38. ငါ​၏​ဖြောင့်​မတ်​သော​သူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​အ​သက်​ရှင်​မည်။ သူ​သည် တွန့်​ဆုတ်​လျှင် ငါ​၏​စိတ်​ဝိ​ညာဉ်​သည် သူ့​ကို​နှစ်​သက်​မည်​မ​ဟုတ်”​ဟူ​၍ ဖော်​ပြ​ထား​၏။

39. သို့​သော် ငါ​တို့​သည် တွန့်​ဆုတ်​လျက် ပျက်​စီး​ခြင်း​သို့​ရောက်​သော​သူ​များ​မ​ဟုတ်​ဘဲ ယုံ​ကြည်​လျက် အ​သက်​ကို​ပိုင်​ဆိုင်​သော​သူ​များ​ဖြစ်​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 10