1. ပညတ်တရားသည် နောင်လာမည့်ကောင်းသောအရာများ၏အရိပ်မျှသာဖြစ်ပြီး ၎င်းတို့၏ပုံသဏ္ဌာန်အစစ်အမှန်မဟုတ်သောကြောင့် နှစ်စဉ် အမြဲမပြတ်ပူဇော်နေသည့် တူညီသောယဇ်များအားဖြင့် အထံတော်သို့ချဉ်းကပ်သောသူတို့ကို မစုံလင်စေနိုင်ပေ။
2. အကယ်၍ စုံလင်စေနိုင်ခဲ့လျှင် ဝတ်ပြုသောသူတို့သည် တစ်ခါတည်းနှင့် စင်ကြယ်ခြင်းသို့ရောက်လျက် အပြစ်ရှိသည်ဟူသောအသိစိတ်မရှိတော့သဖြင့် ယဇ်ပူဇော်ခြင်းကိုရပ်တန့်ကြလိမ့်မည်မဟုတ်လော။
3. သို့သော် ထိုသို့ယဇ်ပူဇော်ခြင်းအားဖြင့် နှစ်စဉ်နှစ်တိုင်း အပြစ်များကိုပြန်လည်အောက်မေ့ကြ၏။
4. အကြောင်းမူကား နွားလားနှင့်ဆိတ်တို့၏သွေးသည် အပြစ်များကိုမဖယ်ရှားနိုင်ပေ။
5. ထို့ကြောင့် ခရစ်တော်သည် ဤလောကသို့ကြွလာသောအခါ “ကိုယ်တော်သည် ယဇ်ကောင်နှင့်ပူဇော်သက္ကာတို့ကိုအလိုမရှိဘဲ အကျွန်ုပ်အတွက် ကိုယ်ခန္ဓာကိုပြင်ဆင်ထားတော်မူ၏။
6. ကိုယ်တော်သည် မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်တို့ကို နှစ်သက်တော်မမူ။
7. ထိုအခါ အကျွန်ုပ်က ‘ကျမ်းစာအုပ်၌ အကျွန်ုပ်ကိုရည်ညွှန်း၍ရေးထားသည့်အတိုင်း ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ်လာပါ၏ဘုရား’ဟု လျှောက်လေ၏”ဟူ၍ မိန့်တော်မူ၏။
8. ပထမအနေဖြင့် “ကိုယ်တော်သည် ပညတ်တရားအရပူဇော်သောအရာများတည်းဟူသော ယဇ်ကောင်နှင့်ပူဇော်သက္ကာများ၊ မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်များကို အလိုမရှိ။ နှစ်သက်တော်မူခြင်းလည်းမရှိ”ဟု ဆို၏။
9. ထို့နောက် “ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ်လာပါ၏”ဟု ဆို၏။ ဤသို့ဖြင့် ကိုယ်တော်သည် ဒုတိယပူဇော်ခြင်းကိုတည်စေရန် ပထမပူဇော်ခြင်းကို ပယ်ဖျက်တော်မူ၏။
10. ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းအားဖြင့် ငါတို့သည် သန့်ရှင်းစေခြင်းခံရကြ၏။
11. ယဇ်ပုရောဟိတ်အားလုံးသည် နေ့စဉ်နေ့တိုင်းရပ်လျက် ဝတ်ပြုကာ အပြစ်များကိုမဖယ်ရှားနိုင်သည့် တူညီသောယဇ်ကို အကြိမ်ကြိမ်ပူဇော်နေကြ၏။