ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 21:5-19 Judson Bible (BJB)

5. ခုနစ်ရက်စေ့သောအခါ တပည့်တော်အပေါင်းတို့သည် သားမယားနှင့်တကွ မြို့ပြင်သို့ ငါတို့ကို ပို့လိုက်ကြ၍ ငါတို့သည်ထွက်သွားပြီးလျှင်၊ ပင်လယ်ကမ်းပေါ်၌ ဒူးထောက်လျက်ဆုတောင်းကြ၏။

6. အချင်းချင်းနှုတ်ဆက်ပြီးမှ ငါတို့သည် သင်္ဘောပေါ်သို့တက်၍ သူတို့သည် မိမိအိမ်သို့ပြန်ကြ၏။

7. တုရုမြို့မှ ပတောလင်မြို့သို့ရောက်လျှင်၊ ပင်လယ်ကူးခြင်းနှင့် လွတ်ကြ၏။ ပတောလင်မြို့၌ ညီအစ်ကိုတို့နှင့် နှုတ်ဆက်၍ တရက်နေပြီးမှ၊

8. နက်ဖြန်နေ့၌ ထွက်သွားပြန်၍ ကဲသရိမြို့သို့ ရောက်လျှင်၊ ဆရာခုနစ်ပါးအဝင်သာသနာပြုဆရာ ဖိလိပ္ပု၏ အိမ်သို့ဝင်၍နေကြ၏။

9. ထိုသူ၌ ပရောဖက်ပြုသော သမီးကညာ လေးယောက်ရှိ၏။

10. ထိုအိမ်၌တာရှည်စွာနေကြပြီးမှ အာဂဗုအမည် ရှိသော ပရောဖက်တယောက်သည် ယုဒပြည်မှလာ၍၊

11. ငါတို့ရှိရာသို့ဝင်သဖြင့်၊ ပေါလု၏ ခါးပန်းကိုယူ၍ မိမိခြေလက်ကိုချည်နှောင်ပြီးလျှင်၊ ဤခါးပန်းရှင်ကို ယုဒလူတို့သည် ယေရုရှလင်မြို့၌ ချည်နှောင်၍၊ တပါးအမျိုးသားတို့လက်သို့အပ်နှံကြလိမ့်မည်ဟု သန့်ရှင်းသော ဝိညာဉ်တော်မိန့်တော်မူသည်ဟုဆို၏။

12. ထိုစကားကိုကြားလျှင်၊ ငါတို့နှင့် ထိုအရပ်၌ ရှိသောသူတို့က၊ ယေရုရှလင်မြို့သို့မသွားပါနှင့်ဟု ပေါလုကိုတောင်းပန်ကြ၏။

13. ပေါလုကလည်း၊ အဘယ်ကြောင့် ငိုကြွေးလျက် ငါ့စိတ်နှလုံးကို ကြေကွဲစေလျက် ပြုကြသနည်း။ သခင်ယေရှု၏ နာမတော်ကြောင့် ယေရုရှလင်မြို့၌ ချည်နှောင်ခြင်းမက၊ အသေသတ်ခြင်းကိုပင် ခံခြင်းငှါ ငါအသင့်ရှိသည်ဟုဆို၏။

14. ထိုသို့သွေးဆောင်ခြင်းသို့ မလိုက်သောအခါ ငါတို့သည် မသွေးဆောင်ဘဲနေ၍၊ သခင်ဘုရား အလိုတော်ရှိသည်အတိုင်း ဖြစ်ပါစေဟု ဆိုကြ၏။

15. ထိုနောက်မှ ငါတို့သည် အသုံးအဆောင်များကို ပြင်ဆင်၍ ယေရုရှလင်မြို့သို့သွားကြ၏။

16. ကဲသရိမြို့သားတပည့်တော်အချို့တို့သည် ငါတို့နှင့်အတူ လိုက်ကြ၍၊ ငါတို့ကိုဧည့်ခံမည့်သူ မနာသုန် အမည်ရှိသော ကုပရုကျွန်း သား အသက်ကြီးသော တပည့်တော်ဆီသို့ ပို့ဆောင်ကြ၏။

17. ယေရုရှင်လင်မြို့သို့ရောက်သောအခါ၊ ညီအစ်ကိုတို့သည် ကြည်ညိုသောစိတ်နှင့် ငါတို့ကို လတ်ခံကြ၏။

18. နက်ဖြန်နေ့၌ပေါလုသည် ငါတို့နှင့်တကွ ယာကုပ်ထံသို့ဝင်လျှင် သင်းအုပ်အပေါင်းတို့သည် စည်းဝေးကြ၏။

19. ပေါလုသည်ထိုသူများကို နှုတ်ဆက်ပြီးလျှင်၊ မိမိသည် ဓမ္မဆရာအမှုကိုဆောင်ခြင်းအားဖြင့် ဘုရားသခင်သည် တပါးအမျိုးသားတို့တွင်ပြုတော်မူသမျှတို့ကို သေချာစွာ ထုတ်ဘော်ပြသလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 21