ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 10:9-25 Judson Bible (BJB)

9. နက်ဖြန်နေ့၌ ထိုသူတို့သည် သွား၍ ယုပွေမြို့အနီးသို့ ရောက်ကြသောအခါ၊ နှစ်ချက်တီးအချိန်တွင် ပေတရုသည် ဆုတောင်းခြင်း ငှါအိမ်မိုးပေါ်သို့ တက်လေ၏။

10. ဆာမွတ်၍ အစာအာဟာရကို အလိုရှိလျှင် သူတပါးတို့သည် အစာအာဟာရကို ပြင်ဆင်ကြစဉ်အခါ ပေတရုသည် ဘဝင်ဖြစ်၍ နေသဖြင့်၊

11. ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ ခြုံထည်ကဲ့သို့ လေးထောင့်ချုပ်၍ မြေသို့ချလွှတ်သော တန်ဆာသည် မိမိဆီသို့ဆင်းသက်လာသည်ကို၎င်း မြင်လေ၏။

12. ထိုတန်ဆာထဲ၌ သားရဲမှစ၍မြေ၌ကျင်လည် သောသားမျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်မျိုးတို့သည်ရှိကြ၏။

13. စကားအသံသည်လည်း၊ ပေတရုထ၍ သတ်စားလော့ဟု လာ၏။

14. ပေတရုကလည်း၊ မဖြစ်နိုင်ပါသခင်။ ညစ်ညူးသောအရာနှင့် မစင်ကြယ်သောအရာကို အကျွန်ုပ်သည် တရံတခါမျှ မစားဘူးပါဟု ပြောဆို၏။

15. နောက်တဖန် စကားသံကား၊ ဘုရားသခင် စင်ကြယ်စေတော်မူသောအရာကို ညစ်ညူးသည်မထင်နှင့်ဟု လာပြန်၏။

16. ထိုသို့ သုံးကြိမ်မြောက်အောင်လာပြီးလျှင်၊ ထိုတန်ဆာကို ကောင်းကင်ထဲသို့ သိမ်းရုပ်ပြန်လေ၏။

17. ပေတရုသည် မိမိမြင်ရသော ဗျာဒိတ်ရူပါရုံကား၊ အဘယ်သို့ ဆိုလိုသနည်းဟု တွေးတောဆင်ခြင်၍ နေစဉ်တွင်၊ ကော်နေလိစေလွှတ် သောသူတို့သည် ရှိမုန်အိမ်ကို မေးမြန်းရှာဖွေ၍ တံခါးရှေ့မှာရပ်လျက်၊

18. ပေတရုအမည်သစ်ကိုရသော ရှိမုန်သည် ဤမှာတည်းနေပါ သလောဟု မေးမြန်းဟစ်ခေါ်ကြ၏။

19. ပေတရုသည်ထိုဗျာဒိတ်ရူပါရုကို ဆင်ခြင်၍နေစဉ်တွင် ဝိညာဉ်တော်က၊ လူသုံးယောက်တို့သည် သင့်ကိုရှာကြ၏။

20. ထ၍ဆင်းလော့။ တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ လိုက်သွားလော့။ အကြောင်းမူကား၊ ထိုသူတို့သည် ငါစေလွှတ်သော သူဖြစ်ကြသည်ဟု မိန့်တော်မူလျှင်၊

21. ပေတရုသည်ဆင်း၍၊ ငါကား၊ သင်တို့ရှာသောသူဖြစ်၏။ အဘယ်အကြောင်းရှိ၍ လာကြသနည်းဟု ထိုသူတို့အားမေး၏။

22. ထိုသူတို့ကလည်း ဘုရားသခင်ကိုကြောက်ရွံ့၍၊ ယုဒလူ အပေါင်းတို့တွင် အသရေရှိသော သူတော်ကောင်းတည်းဟူသော တပ်မှူး ကော်နေလိသည်၊ ကိုယ်တော်ကို မိမိအိမ်သို့ခေါ်ပင့်၍ ကိုယ်တော်၏ စကားကို နားထောင်ရမည်အကြောင်း၊ သန့်ရှင်းသော ကောင်းကင်တမန်အားဖြင့် ဗျာဒိတ်တော်ကို ခံရပါသည်ဟု ပြန်ပြောကြ၏။

23. ပေတရုသည်လည်းထိုသူတို့ကို အိမ်ထဲသို့ခေါ်၍ ဧည့်သည်ဝတ်ကိုပြုလေ၏။ နက်ဖြန်နေ့၌ထ၍ ထိုသူတို့နှင့်အတူ သွားသဖြင့်၊ ယုပွေမြို့သားဖြစ်သော ညီအစ်ကို အချို့တို့သည် လိုက်ကြ၏။

24. ထိုနောက်တနေ့၌ ကဲသရိမြို့သို့ဝင်ကြ၍၊ ကော်နေလိသည် မိမိအဆွေအမျိုး မိတ်ခင်ပွန်းများတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့ကို မြော်လင့်လျက်နေကြ၏။

25. ပေတရုရောက်လာသောအခါ ကော်နေလိသည် ခရီးဦးကြိုပြု၍၊ ပေတရု၏ခြေရင်း၌ပြပ်ဝပ်လျက် ကိုးကွယ်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 10