6. သို့သော် လေဝိ၏မျိုးဆက်စာရင်းမဝင်သောသူသည် အာဗြဟံထံမှ ဆယ်ဖို့တစ်ဖို့ကိုခံယူပြီး ကတိတော်ကိုရရှိထားသောသူအား ကောင်းချီးပေးခဲ့၏။
7. ကြီးသောသူသည် ငယ်သောသူအား ကောင်းချီးပေးတတ်သည်ကို ငြင်းဆိုဖွယ်မရှိ။
8. ဤနေရာ၌ သေဆုံးတတ်သောလူတို့သည် ဆယ်ဖို့တစ်ဖို့ကိုခံယူကြ၏။ အခြားသောနေရာ၌ကား ထိုသူသည် အသက်ရှင်နေသည်ဟု သက်သေခံထား၏။
9. ထို့ပြင် ဆယ်ဖို့တစ်ဖို့ကိုခံယူသောလေဝိသည်လည်း အာဗြဟံမှတစ်ဆင့် ဆယ်ဖို့တစ်ဖို့ကိုပေးလှူသည်ဟု ဆိုနိုင်၏။
10. အကြောင်းမူကား မေလခိဇေဒက်သည် အာဗြဟံကိုကြိုဆိုသောအခါ လေဝိသည် မိမိအဖ၏ကိုယ်ထဲ၌ရှိနေသေး၏။
11. လူတို့သည် လေဝိအနွယ်နှင့်ဆိုင်သည့် ယဇ်ပုရောဟိတ်အရိုက်အရာအပေါ်တွင် အခြေခံပြီး ပညတ်တရားကိုရရှိကြသည်ဖြစ်၍ ၎င်းအားဖြင့် စုံလင်ခြင်းသို့ရောက်ခဲ့လျှင် အာရုန်နှင့်အလားတူမဟုတ်ဘဲ မေလခိဇေဒက်နှင့်အလားတူသည့် အခြားသောယဇ်ပုရောဟိတ်ပေါ်ထွန်းရန် အဘယ်ကြောင့်လိုအပ်သေးသနည်း။
12. ယဇ်ပုရောဟိတ်အရိုက်အရာ၌ ပြောင်းလဲခြင်းရှိလျှင် ပညတ်တရား၌လည်း ပြောင်းလဲခြင်းရှိရန်လိုအပ်၏။
13. အကြောင်းမူကား အထက်ပါအကြောင်းအရာများက ရည်ညွှန်းထားသောအရှင်သည် ယဇ်ပလ္လင်အမှုကိုမဆောင်ရွက်ဖူးသောအခြားမျိုးနွယ်စုနှင့်စပ်ဆိုင်၏။
14. ငါတို့၏သခင်သည် ယုဒအနွယ်မှပေါ်ထွန်းတော်မူကြောင်း သိသာထင်ရှား၏။ မောရှေသည် ထိုအနွယ်နှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်နှင့်စပ်ဆိုင်သည့်အရာတစ်စုံတစ်ခုကိုမျှ မပြောဆိုခဲ့ပေ။
15. ထို့ပြင် မေလခိဇေဒက်နှင့်တူသော အခြားယဇ်ပုရောဟိတ်တစ်ပါးပေါ်ထွန်းသည်ဆိုလျှင် ဤအကြောင်းအရာသည် ပို၍သိသာထင်ရှား၏။