20. ထိုမျှမက ဤအမှုအရာသည် ကတိသစ္စာပြုခြင်းမပါဘဲဖြစ်လာသည်မဟုတ်။ အကြောင်းမူကား အခြားသောယဇ်ပုရောဟိတ်တို့သည် ကတိသစ္စာပြုခြင်းမပါဘဲ ယဇ်ပုရောဟိတ်များဖြစ်လာကြ၏။
21. ကိုယ်တော်မူကား “‘သင်သည် ထာဝရယဇ်ပုရောဟိတ်ဖြစ်၏’ဟု ထာဝရဘုရားတိုင်တည်၍မိန့်တော်မူသည်ဖြစ်သောကြောင့် စိတ်တော်ပြောင်းလဲမည်မဟုတ်”ဟူ၍ ကတိသစ္စာပြုလျက် ကိုယ်တော်အားမိန့်တော်မူသောအရှင်အားဖြင့် ယဇ်ပုရောဟိတ်ဖြစ်လာ၏။
22. ဤသို့ဖြင့် ယေရှုသည် သာ၍မြတ်သောပဋိညာဉ်၏အာမခံဖြစ်တော်မူ၏။
23. အခြားသောယဇ်ပုရောဟိတ်တို့သည် သေခြင်းတရားကြောင့် တာဝန်ကိုဆက်လက်၍မထမ်းဆောင်နိုင်ကြသဖြင့် များစွာသောသူတို့သည် ယဇ်ပုရောဟိတ်ဖြစ်လာကြ၏။
24. ကိုယ်တော်မူကား ကာလအစဉ်အဆက်တည်တော်မူသည်ဖြစ်၍ မပြောင်းလဲသောယဇ်ပုရောဟိတ်အရိုက်အရာကို ရရှိတော်မူ၏။
25. ထို့ကြောင့် ကိုယ်တော်သည် မိမိအားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သောသူတို့ကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် အစဉ်အမြဲအသက်ရှင်လျက်ရှိတော်မူ၏။
26. ထိုသို့သန့်ရှင်း၍ အပြစ်နှင့်ညစ်ညူးခြင်းတို့ကင်းစင်လျက် အပြစ်သားတို့နှင့်ခွဲခြားထားခြင်းခံရကာ ကောင်းကင်တို့ထက် မြင့်မားစွာချီးမြှောက်ခြင်းခံရသော ယဇ်ပုရောဟိတ်မင်းသည် ငါတို့အတွက်သင့်လျော်ပေ၏။
27. အခြားသောယဇ်ပုရောဟိတ်မင်းတို့သည် ဦးစွာ မိမိတို့အပြစ်များအတွက်၊ ထို့နောက် လူတို့၏အပြစ်များအတွက် နေ့စဉ်နေ့တိုင်းယဇ်ပူဇော်သကဲ့သို့ ကိုယ်တော်သည် ယဇ်ပူဇော်ရန်မလိုအပ်ပေ။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကိုတစ်ကြိမ်တည်းနှင့်အပြီးပူဇော်ခြင်းဖြင့် ဤအမှုကိုပြုတော်မူ၏။
28. ပညတ်တရားသည် အားနည်းသောလူသားတို့ကို ယဇ်ပုရောဟိတ်မင်းအရာ၌ခန့်ထား၏။ သို့သော် ပညတ်တရားနောက်၌လာသော ကတိသစ္စာစကားသည် ကာလအစဉ်အဆက်ပြည့်စုံတော်မူသောသားတော်ကို ခန့်ထား၏။