7. ထိုအခါ အကျွန်ုပ်က ‘ကျမ်းစာအုပ်၌ အကျွန်ုပ်ကိုရည်ညွှန်း၍ရေးထားသည့်အတိုင်း ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ်လာပါ၏ဘုရား’ဟု လျှောက်လေ၏”ဟူ၍ မိန့်တော်မူ၏။
8. ပထမအနေဖြင့် “ကိုယ်တော်သည် ပညတ်တရားအရပူဇော်သောအရာများတည်းဟူသော ယဇ်ကောင်နှင့်ပူဇော်သက္ကာများ၊ မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်များကို အလိုမရှိ။ နှစ်သက်တော်မူခြင်းလည်းမရှိ”ဟု ဆို၏။
9. ထို့နောက် “ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ်လာပါ၏”ဟု ဆို၏။ ဤသို့ဖြင့် ကိုယ်တော်သည် ဒုတိယပူဇော်ခြင်းကိုတည်စေရန် ပထမပူဇော်ခြင်းကို ပယ်ဖျက်တော်မူ၏။
10. ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းအားဖြင့် ငါတို့သည် သန့်ရှင်းစေခြင်းခံရကြ၏။
11. ယဇ်ပုရောဟိတ်အားလုံးသည် နေ့စဉ်နေ့တိုင်းရပ်လျက် ဝတ်ပြုကာ အပြစ်များကိုမဖယ်ရှားနိုင်သည့် တူညီသောယဇ်ကို အကြိမ်ကြိမ်ပူဇော်နေကြ၏။
12. သို့သော် ခရစ်တော်သည် တစ်ခုတည်းသောယဇ်ကို အပြစ်များအတွက် ထာဝစဉ်ပူဇော်ပြီးလျှင် ထိုအချိန်မှစ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ထိုင်လျက်
13. မိမိ၏ရန်သူတို့သည် မိမိခြေတင်ခုံအဖြစ်ချထားခြင်းခံရသည့်တိုင်အောင် စောင့်ဆိုင်းနေတော်မူ၏။
14. အကြောင်းမူကား ကိုယ်တော်သည် တစ်ခုတည်းသောပူဇော်သက္ကာအားဖြင့် သန့်ရှင်းစေခြင်းခံရသောသူတို့အား ထာဝစဉ်စုံလင်စေတော်မူ၏။
15. သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ငါတို့အားသက်သေခံ၍
16. “ထာဝရဘုရားက ‘ထိုနေ့ရက်များနောက်တွင် သူတို့နှင့် ငါပြုမည့်ပဋိညာဉ်ကား ဤသို့တည်း။ ငါသည် ငါ၏ပညတ်တရားတို့ကို သူတို့၏စိတ်နှလုံးထဲတွင် ထည့်သွင်း၍ သူတို့၏အသိဉာဏ်ပေါ်မှာ ရေးထားမည်’ဟု မိန့်တော်မူ၏”ဟူ၍ မြွက်ဆိုပြီးနောက်
17. တစ်ဖန် “ငါသည် သူတို့၏အပြစ်များနှင့်တရားမဲ့ခြင်းများကို လုံးဝသတိရတော့မည်မဟုတ်”ဟု မြွက်ဆိုတော်မူ၏။
18. ထိုသို့ အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးရှိသည့်နေရာတွင် အပြစ်အတွက်ပူဇော်သက္ကာမလိုအပ်တော့ပေ။