12. ထို့ကြောင့် အားအင်ကုန်ခန်းနေသောလက်များနှင့် ချည့်နဲ့နေသောဒူးများကို ခိုင်ခံ့တည့်မတ်စေကြလော့။
13. ခြေမသန်စွမ်းသူတို့သည် အဆစ်လွဲခြင်းမရှိဘဲ အကောင်းပကတိဖြစ်လာစေရန် သင်တို့၏ခြေအတွက် ဖြောင့်သောလမ်းတို့ကိုပြင်ဆင်ကြလော့။
14. လူအပေါင်းတို့နှင့်ငြိမ်းချမ်းစွာနေထိုင်ရန်နှင့် သန့်ရှင်းခြင်းကိုရရှိရန် ကြိုးစားကြလော့။ သန့်ရှင်းခြင်းမရှိလျှင် မည်သူမျှ ထာဝရဘုရားကိုဖူးမြင်ရလိမ့်မည်မဟုတ်။
15. မည်သူမျှ ဘုရားသခင်၏ကျေးဇူးတော်မှ ကင်းကွာမသွားစေရန်လည်းကောင်း၊ ခါးသီးသောအမြစ်တစ်စုံတစ်ခုပေါက်လျက် သင်တို့ကိုနှောင့်ယှက်သဖြင့် လူများစွာတို့သည် ထိုအရာကြောင့် ညစ်ညူးစေခြင်းမခံရစေရန်လည်းကောင်း သတိပြုကြလော့။
16. တရားနှင့်မညီမေထုန်ပြုသူ သို့မဟုတ် အစားတစ်နပ်အတွက် မိမိ၏သားဦးအရိုက်အရာကိုရောင်းသည့် ဧသောကဲ့သို့ ဘုရားတရားကိုမထီမဲ့မြင်ပြုသောသူ တစ်စုံတစ်ဦးမျှမရှိစေရန် သတိပြုကြလော့။
17. အကြောင်းမူကား သင်တို့သိကြသည့်အတိုင်း သူသည် နောက်မှ ကောင်းချီးမင်္ဂလာကိုအမွေဆက်ခံလိုသော်လည်း ငြင်းပယ်ခြင်းခံရ၍ ၎င်းကို မျက်ရည်ဖြင့်ပြန်တောင်းသော်လည်း နောင်တရသောအခွင့်ကို မရရှိခဲ့ပေ။
18. သင်တို့သည် တို့ထိစမ်းသပ်နိုင်သောတောင်တည်းဟူသော မီးတောက်လောင်ခြင်း၊ မှုန်မှိုင်းခြင်း၊ မှောင်မည်းခြင်း၊ မိုးသက်မုန်တိုင်း၊
19. တံပိုးမှုတ်သံနှင့် နှုတ်ကပတ်တော်အသံတို့ရှိရာတောင်သို့ ချဉ်းကပ်ကြသည်မဟုတ်။ ထိုအသံတော်ကိုကြားရသောသူတို့သည် မိမိတို့အား ထပ်မံ၍မိန့်တော်မမူရန် တောင်းပန်ကြ၏။
20. အကြောင်းမူကား “တိရစ္ဆာန်ပင် ထိုတောင်ကိုထိမိလျှင် ခဲနှင့်ပေါက်သတ်ရမည်”ဟူသောအမိန့်တော်ကို သူတို့မခံနိုင်ခဲ့ကြချေ။