ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 12:11-25 Myanmar Standard Bible (MSB)

11. ဆုံး​မ​ပဲ့​ပြင်​ခြင်း​ဟူ​သ​မျှ​သည် ခံ​ရ​စဉ်​တွင် ဝမ်း​မြောက်​စ​ရာ​မ​ဟုတ်​ဘဲ ဝမ်း​နည်း​စ​ရာ​ဖြစ်​သည်​ဟု ထင်​ရ​တတ်​၏။ သို့​သော် ထို​ဆုံး​မ​ပဲ့​ပြင်​ခြင်း​အား​ဖြင့် လေ့​ကျင့်​ပေး​ခြင်း​ခံ​ရ​သော​သူ​တို့​သည် နောက်​မှ ဖြောင့်​မတ်​ခြင်း​နှင့်​ဆိုင်​သည့် ငြိမ်း​ချမ်း​သော​အ​ကျိုး​ကျေး​ဇူး​ကို ပြန်​လည်​ခံ​စား​ရ​ကြ​၏။

12. ထို့​ကြောင့် အား​အင်​ကုန်​ခန်း​နေ​သော​လက်​များ​နှင့် ချည့်​နဲ့​နေ​သော​ဒူး​များ​ကို ခိုင်​ခံ့​တည့်​မတ်​စေ​ကြ​လော့။

13. ခြေ​မ​သန်​စွမ်း​သူ​တို့​သည် အ​ဆစ်​လွဲ​ခြင်း​မ​ရှိ​ဘဲ အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​စေ​ရန် သင်​တို့​၏​ခြေ​အ​တွက် ဖြောင့်​သော​လမ်း​တို့​ကို​ပြင်​ဆင်​ကြ​လော့။

14. လူ​အ​ပေါင်း​တို့​နှင့်​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​ရန်​နှင့် သန့်​ရှင်း​ခြင်း​ကို​ရ​ရှိ​ရန် ကြိုး​စား​ကြ​လော့။ သန့်​ရှင်း​ခြင်း​မ​ရှိ​လျှင် မည်​သူ​မျှ ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။

15. မည်​သူ​မျှ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​မှ ကင်း​ကွာ​မ​သွား​စေ​ရန်​လည်း​ကောင်း၊ ခါး​သီး​သော​အ​မြစ်​တစ်​စုံ​တစ်​ခု​ပေါက်​လျက် သင်​တို့​ကို​နှောင့်​ယှက်​သ​ဖြင့် လူ​များ​စွာ​တို့​သည် ထို​အ​ရာ​ကြောင့် ညစ်​ညူး​စေ​ခြင်း​မ​ခံ​ရ​စေ​ရန်​လည်း​ကောင်း သ​တိ​ပြု​ကြ​လော့။

16. တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သူ သို့​မ​ဟုတ် အ​စား​တစ်​နပ်​အ​တွက် မိ​မိ​၏​သား​ဦး​အ​ရိုက်​အ​ရာ​ကို​ရောင်း​သည့် ဧ​သော​ကဲ့​သို့ ဘု​ရား​တ​ရား​ကို​မ​ထီ​မဲ့​မြင်​ပြု​သော​သူ တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ​စေ​ရန် သ​တိ​ပြု​ကြ​လော့။

17. အ​ကြောင်း​မူ​ကား သင်​တို့​သိ​ကြ​သည့်​အ​တိုင်း သူ​သည် နောက်​မှ ကောင်း​ချီး​မင်္ဂ​လာ​ကို​အ​မွေ​ဆက်​ခံ​လို​သော်​လည်း ငြင်း​ပယ်​ခြင်း​ခံ​ရ​၍ ၎င်း​ကို မျက်​ရည်​ဖြင့်​ပြန်​တောင်း​သော်​လည်း နောင်​တ​ရ​သော​အ​ခွင့်​ကို မ​ရ​ရှိ​ခဲ့​ပေ။

18. သင်​တို့​သည် တို့​ထိ​စမ်း​သပ်​နိုင်​သော​တောင်​တည်း​ဟူ​သော မီး​တောက်​လောင်​ခြင်း၊ မှုန်​မှိုင်း​ခြင်း၊ မှောင်​မည်း​ခြင်း၊ မိုး​သက်​မုန်​တိုင်း၊

19. တံ​ပိုး​မှုတ်​သံ​နှင့် နှုတ်​က​ပတ်​တော်​အ​သံ​တို့​ရှိ​ရာ​တောင်​သို့ ချဉ်း​ကပ်​ကြ​သည်​မ​ဟုတ်။ ထို​အ​သံ​တော်​ကို​ကြား​ရ​သော​သူ​တို့​သည် မိ​မိ​တို့​အား ထပ်​မံ​၍​မိန့်​တော်​မ​မူ​ရန် တောင်း​ပန်​ကြ​၏။

20. အ​ကြောင်း​မူ​ကား “တိ​ရစ္ဆာန်​ပင် ထို​တောင်​ကို​ထိ​မိ​လျှင် ခဲ​နှင့်​ပေါက်​သတ်​ရ​မည်”​ဟူ​သော​အ​မိန့်​တော်​ကို သူ​တို့​မ​ခံ​နိုင်​ခဲ့​ကြ​ချေ။

21. ထို​မြင်​ကွင်း​သည် အ​လွန်​ကြောက်​မက်​ဖွယ်​ကောင်း​သ​ဖြင့် မော​ရှေ​က “ငါ​သည် အ​လွန်​ကြောက်​ရွံ့​လျက် တုန်​လှုပ်​နေ​၏”​ဟု ဆို​လေ​၏။

22. သို့​သော် သင်​တို့​သည် ဇိ​အုန်​တောင်​သို့​လည်း​ကောင်း၊ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​မြို့​တော်​တည်း​ဟူ​သော အ​ထက်​ကောင်း​ကင်​အ​ရပ်​ရှိ ဂျေ​ရု​ဆ​လင်​မြို့​သို့​လည်း​ကောင်း၊ အ​တိုင်း​မ​သိ​များ​စွာ​သော ကောင်း​ကင်​တ​မန်​တို့​စု​ဝေး​ရာ​အ​ခမ်း​အ​နား​သို့​လည်း​ကောင်း၊

23. ကောင်း​ကင်​ဘုံ​စာ​ရင်း​ဝင်​သော သား​ဦး​တို့​၏​အ​သင်း​တော်​သို့​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ထံ​သို့​လည်း​ကောင်း၊ စုံ​လင်​ခြင်း​သို့​ရောက်​သည့် ဖြောင့်​မတ်​သော​သူ​တို့​၏​ဝိ​ညာဉ်​များ​ထံ​သို့​လည်း​ကောင်း၊

24. ပ​ဋိ​ညာဉ်​သစ်​၏​ကြား​ဝင်​စေ့​စပ်​သူ ယေ​ရှု​ထံ​သို့​လည်း​ကောင်း၊ အာ​ဗေ​လ​၏​သွေး​ထက် သာ​၍​မြတ်​သော​အ​ရာ​ကို​မြွက်​ဆို​သည့် ပက်​ဖျန်း​သော​သွေး​တော်​ထံ​သို့​လည်း​ကောင်း ချဉ်း​ကပ်​ကြ​၏။

25. သင်​တို့​သည် မိန့်​တော်​မူ​သော​အ​ရှင်​ကို မ​ငြင်း​ပယ်​မိ​စေ​ရန် သ​တိ​ပြု​ကြ​လော့။ အ​ကြောင်း​မူ​ကား မြေ​ကြီး​ပေါ်​တွင် ဗျာ​ဒိတ်​တော်​ပေး​သော​သူ​ကို ငြင်း​ပယ်​သော​သူ​တို့​သည် အ​ပြစ်​ဒဏ်​မှ​မ​လွတ်​ပါ​က ကောင်း​ကင်​ဘုံ​မှ​ဗျာ​ဒိတ်​တော်​ပေး​သော​သူ​ကို ငါ​တို့​ငြင်း​ပယ်​လျှင် ပို​၍​ပင် လွတ်​စ​ရာ​အ​ကြောင်း​မ​ရှိ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 12