45. သို့သော် ထိုစကားကို တပည့်တော်တို့နားမလည်စေရန် ဖုံးကွယ်ထားသဖြင့် သူတို့သည် နားမလည်ကြချေ။ ထိုစကားနှင့်ပတ်သက်၍ ကိုယ်တော်အားမေးရန်လည်း သူတို့ကြောက်ကြ၏။
46. ထို့နောက် တပည့်တော်တို့သည် မိမိတို့တွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်းဟု အချင်းချင်းငြင်းခုံကြ၏။
47. ယေရှုသည် သူတို့၏စိတ်နှလုံးတွေးတောဆင်ခြင်မှုကို သိတော်မူလျက် သူငယ်တစ်ဦးကိုခေါ်၍ မိမိအနားတွင်ရပ်စေပြီးလျှင်
48. “ဤသူငယ်တစ်ဦးကို ငါ၏နာမ၌ လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလက်ခံ၏။ အကြောင်းမူကား သင်တို့အားလုံးတွင် အငယ်ဆုံးသောသူသည် ကြီးမြတ်သောသူဖြစ်၏”ဟု မိန့်တော်မူ၏။
49. ထိုအခါ ယောဟန်က “သခင်၊ သခင်၏နာမဖြင့် နတ်ဆိုးများနှင်ထုတ်နေသူတစ်ဦးကို အကျွန်ုပ်တို့တွေ့ခဲ့ပါသည်။ သူသည် အကျွန်ုပ်တို့နှင့်အတူမလိုက်သောကြောင့် သူ့ကိုတားမြစ်ခဲ့ပါသည်”ဟု လျှောက်လေ၏။
50. သို့သော် ယေရှုက “မတားမြစ်ကြနှင့်။ အကြောင်းမူကား သင်တို့ကိုမဆန့်ကျင်သောသူသည် သင်တို့ဘက်သားဖြစ်၏”ဟု မိန့်တော်မူ၏။
51. ကိုယ်တော်သည် ကောင်းကင်ဘုံသို့ဆောင်ယူခြင်းခံတော်မူမည့်နေ့ရက် နီးကပ်လာသောအခါ ဂျေရုဆလင်မြို့သို့ကြွရန် ရှေးရှုလျက်
52. စေတမန်တို့ကို မိမိရှေ့မှစေလွှတ်တော်မူ၏။ သူတို့သည်သွား၍ ကိုယ်တော်အတွက်ပြင်ဆင်ထားရန် ရှမာရိနယ်သားတို့၏ရွာတစ်ရွာသို့ဝင်ကြ၏။
53. သို့သော် ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ဦးတည်လျက် ခရီးသွားနေသည်ဖြစ်သောကြောင့် ထိုရွာသားတို့သည် ကိုယ်တော်ကိုလက်မခံကြ။
54. တပည့်တော်ယာကုပ်နှင့်ယောဟန်တို့သည် ထိုအဖြစ်ကိုမြင်လျှင် “သခင်ဘုရား၊ အကျွန်ုပ်တို့သည် မိုးကောင်းကင်မှ မီးကျလာစေ၍ သူတို့ကိုလောင်ကျွမ်းစေရန် ကိုယ်တော်အလိုရှိပါသလော”ဟု မေးလျှောက်ကြ၏။