22. “လူ့သားသည် ဒုက္ခဝေဒနာများစွာခံစားရလျက် သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာတို့၏ငြင်းပယ်ခြင်းကိုခံရ၍ အသေသတ်ခြင်းခံရပြီး သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်ဖြစ်၏”ဟု မိန့်တော်မူ၏။
23. ထို့နောက် လူအပေါင်းတို့အား “မည်သူမဆို ငါ့နောက်သို့လိုက်လိုလျှင် မိမိကိုယ်ကိုငြင်းပယ်ပြီး မိမိ၏လက်ဝါးကပ်တိုင်ကို နေ့စဉ်ထမ်းလျက် ငါ့နောက်သို့လိုက်ရမည်။
24. အကြောင်းမှာ မိမိအသက်ကိုကယ်တင်လိုသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ ငါ့အတွက် မိမိအသက်ကိုဆုံးရှုံးရသောသူမူကား မိမိအသက်ကိုကယ်တင်လိမ့်မည်။
25. လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း သူကိုယ်တိုင်ပျက်စီးလျှင် သို့မဟုတ် ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။
26. မည်သူမဆို ငါနှင့်ငါ့တရားစကားအတွက်ရှက်လျှင် လူ့သားသည်လည်း မိမိ၏ဘုန်းအသရေ၊ ခမည်းတော်၏ဘုန်းအသရေနှင့် သန့်ရှင်းသောကောင်းကင်တမန်များ၏ဘုန်းအသရေတို့ကိုဆောင်လျက် ကြွလာသောအခါ ထိုသူအတွက်ရှက်လိမ့်မည်။
27. သင်တို့အား ငါအမှန်ဆိုမည်။ ဤနေရာ၌ရပ်နေသောသူတို့တွင် ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်မီ သေခြင်းကိုမမြည်းစမ်းရသောသူအချို့ရှိ၏”ဟု မိန့်တော်မူ၏။
28. ဤတရားစကားတို့ကို မိန့်တော်မူပြီးနောက် ရှစ်ရက်ခန့်ကြာသောအခါ ကိုယ်တော်သည် ပေတရု၊ ယောဟန်နှင့် ယာကုပ်တို့ကိုခေါ်၍ ဆုတောင်းရန် တောင်ပေါ်သို့တက်သွားတော်မူ၏။
29. ကိုယ်တော်ဆုတောင်းလျက်နေတော်မူစဉ် မျက်နှာတော်၏အဆင်းသဏ္ဌာန်သည် ထူးခြားလာ၍ အဝတ်တော်သည် ဖြူဖွေးတောက်ပလာ၏။