13. သခင်ဘုရားသည် ထိုအမျိုးသမီးကိုမြင်သောအခါ သူ့အပေါ်ကြင်နာစိတ်ရှိတော်မူ၍ “မငိုနှင့်”ဟု မိန့်တော်မူ၏။
14. ထို့နောက် ချဉ်းကပ်လျက် အလောင်းစင်ကို တို့ထိတော်မူရာ အလောင်းစင်ထမ်းသောသူတို့သည် ရပ်တန့်ကြ၏။ ထိုအခါ ကိုယ်တော်က “အချင်းလူငယ်၊ သင့်အား ငါဆိုမည်။ ထလော့”ဟု မိန့်တော်မူရာ
15. သေသောသူသည် ထထိုင်ပြီး စကားပြောလေ၏။ ကိုယ်တော်သည်လည်း သူ့ကို သူ့မိခင်ထံပြန်အပ်တော်မူ၏။
16. လူတို့သည်ထိတ်လန့်အံ့ဩလျက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကာ “ပရောဖက်ကြီးတစ်ပါးသည် ငါတို့တွင် ပေါ်ထွန်းလေပြီ”ဟူ၍လည်းကောင်း၊ “ဘုရားသခင်သည် မိမိလူမျိုးတော်ကိုအကြည့်အရှု ကြွလာတော်မူပြီ”ဟူ၍လည်းကောင်း ပြောဆိုကြ၏။
17. ကိုယ်တော်၏သတင်းသည်လည်း ယုဒနယ်တစ်လျှောက်လုံးနှင့် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။
18. ယောဟန်၏တပည့်များသည် ဤအကြောင်းအရာအလုံးစုံတို့ကို ယောဟန်အား ပြောပြကြ၏။ ထိုအခါ ယောဟန်သည် မိမိတပည့်နှစ်ဦးကိုခေါ်၍
19. သခင်ဘုရားထံသို့စေလွှတ်ကာ “ကိုယ်တော်သည် ကြွလာတော်မူသောအရှင်ဖြစ်ပါသလော။ သို့မဟုတ် အခြားသောသူကို စောင့်မျှော်ရပါမည်လော”ဟု မေးလျှောက်စေ၏။
20. သူတို့သည် ကိုယ်တော်ထံသို့ရောက်လာကြသောအခါ “ဗတ္တိဇံဆရာယောဟန်သည် အကျွန်ုပ်တို့ကို ကိုယ်တော့်ထံသို့စေလွှတ်၍ ‘ကိုယ်တော်သည် ကြွလာတော်မူသောအရှင်ဖြစ်ပါသလော။ သို့မဟုတ် အခြားသောသူကို စောင့်မျှော်ရပါမည်လော’ဟု မေးလျှောက်စေပါသည်”ဟူ၍ လျှောက်ထားကြ၏။
21. ထိုအချိန်တွင် ကိုယ်တော်သည် လူများစွာတို့ကို ရောဂါဝေဒနာများနှင့် နတ်ဆိုးတို့ဘေးမှ လွတ်ငြိမ်းချမ်းသာစေ၍ မျက်မမြင်တို့ကို မျက်စိမြင်ရသောအခွင့်ပေးတော်မူ၏။
22. ကိုယ်တော်ကလည်း ယောဟန်၏တပည့်တို့အား “သင်တို့မြင်ရ၊ ကြားရသမျှတို့ကို သွား၍ ယောဟန်အား ပြောပြကြလော့။ မျက်မမြင်တို့သည် မျက်စိမြင်ကြရ၏။ ခြေမသန်စွမ်းသူတို့သည် လမ်းလျှောက်ကြရ၏။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ခြင်းသို့ရောက်ကြ၏။ နားမကြားသောသူတို့သည် ကြားကြရ၏။ သေသောသူတို့သည် ထမြောက်စေခြင်းကိုခံရကြ၏။ ဆင်းရဲသားတို့သည် ကောင်းမြတ်သောသတင်းကိုကြားကြရ၏။
23. ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
24. ယောဟန်၏စေတမန်များပြန်သွားကြသောအခါ ကိုယ်တော်သည် လူထုပရိသတ်တို့အား ယောဟန်နှင့်ပတ်သက်၍ မြွက်ဆိုတော်မူသည်မှာ “သင်တို့သည် မည်သည့်အရာကိုကြည့်ရှုရန် တောကန္တာရသို့ ထွက်သွားကြသနည်း။ လေတိုက်၍လှုပ်နေသော ကျူပင်ကိုလော။