12. ထိုနေ့ရက်များ၌ ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့ကြွ၍ ဘုရားသခင်ထံ တစ်ညလုံးဆုတောင်းလျက်နေတော်မူ၏။
13. မိုးလင်းသောအခါ တပည့်တော်များကိုခေါ်၍ ထိုသူတို့အထဲမှ တစ်ဆယ့်နှစ်ပါးတို့ကိုရွေးကောက်ပြီးလျှင် တမန်တော်ဟူ၍ ခေါ်ဝေါ်သမုတ်တော်မူ၏။ ထိုသူတို့မှာ
14. ပေတရုဟုကိုယ်တော်မှည့်ခေါ်ထားသောရှိမုန်နှင့် သူ၏ညီအန္ဒြေ၊ ယာကုပ်နှင့်ယောဟန်၊ ဖိလိပ္ပုနှင့်ဗာသောလမဲ၊
15. မဿဲနှင့်သောမ၊ အာလဖဲ၏သားယာကုပ်နှင့် မျိုးချစ်ပုဂ္ဂိုလ်ဟုခေါ်ကြသောရှိမုန်၊
16. ယာကုပ်၏သားယုဒနှင့် သစ္စာဖောက်သောသူဖြစ်သွားသည့် ယုဒဣရှကာရုတ်တို့ဖြစ်ကြ၏။
17. ထို့နောက် ကိုယ်တော်သည် သူတို့နှင့်အတူ တောင်ပေါ်မှကြွဆင်းလာ၍ မြေပြန့်သည့်အရပ်တွင် ရပ်တော်မူ၏။ ထိုနေရာ၌ တပည့်တော်တို့၏အစုအဝေးကြီးမှစ၍ ယုဒနယ်အရပ်ရပ်တို့နှင့် ဂျေရုဆလင်မြို့မှလည်းကောင်း၊ ပင်လယ်ကမ်းခြေရှိ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့မှလည်းကောင်း လာကြသော လူအမြောက်အမြားရှိကြ၏။
18. သူတို့သည် တရားတော်ကိုကြားနာရန်နှင့် မိမိတို့ရောဂါများငြိမ်းစေခြင်းကိုခံယူရန် ရောက်လာသူများဖြစ်ကြ၏။ ညစ်ညူးသောနတ်တို့၏ညှဉ်းဆဲခြင်းခံရသောသူများသည်လည်း အကောင်းပကတိဖြစ်လာကြ၏။
19. ကိုယ်တော်ထံမှတန်ခိုးတော်ထွက်၍ လူအပေါင်းတို့ကိုကျန်းမာစေသောကြောင့် လူထုပရိသတ်အားလုံးသည် ကိုယ်တော်ကိုတို့ထိနိုင်ရန် ကြိုးစားကြ၏။
20. ထိုအခါ ကိုယ်တော်သည် တပည့်တော်တို့ဘက်သို့မျက်နှာမူလျက် မြွက်ဆိုတော်မူသည်မှာ “ဆင်းရဲနွမ်းပါးသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။
21. ယခုဆာလောင်နေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝပြောခြင်းသို့ရောက်ကြလိမ့်မည်။ ယခုငိုကြွေးနေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ရယ်မောကြလိမ့်မည်။