14. ထိုအခါ ကိုယ်တော်သည် မည်သူ့ကိုမျှမပြောရန် သူ့အားမိန့်မှာလျက် “ယဇ်ပုရောဟိတ်ထံသို့သာသွား၍ သင့်ကိုယ်သင်ပြပြီးလျှင် လူတို့ရှေ့၌ သက်သေဖြစ်စေရန် မောရှေပညတ်ထားသည့်အတိုင်း သင်၏စင်ကြယ်ခြင်းဝတ်အတွက် ပူဇော်သက္ကာကို ဆက်သလော့”ဟု မိန့်တော်မူ၏။
15. သို့ရာတွင် ကိုယ်တော်၏သတင်းသည် ပို၍ပျံ့နှံ့သွားသဖြင့် များစွာသောလူထုပရိသတ်တို့သည် တရားတော်ကိုကြားနာရန်နှင့် မိမိတို့၏အနာရောဂါများငြိမ်းစေခြင်းကိုခံယူရန် စုဝေးလာကြ၏။
16. သို့သော် ကိုယ်တော်သည် လူသူကင်းဝေးရာအရပ်သို့သွား၍ ဆုတောင်းလေ့ရှိတော်မူ၏။
17. တစ်နေ့သ၌ ကိုယ်တော်သည် သွန်သင်လျက်နေတော်မူစဉ် ဂါလိလဲနယ်နှင့် ယုဒနယ်ရှိ ကျေးရွာအပေါင်းတို့မှလည်းကောင်း၊ ဂျေရုဆလင်မြို့မှလည်းကောင်း ရောက်လာကြသော ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့သည် ထိုင်နေကြ၏။ အနာရောဂါငြိမ်းစေရန် ထာဝရဘုရား၏တန်ခိုးတော်သည် ကိုယ်တော်၌ရှိ၏။
18. ထိုအခါ လူတို့သည် လေဖြတ်သောသူတစ်ဦးကို အိပ်ရာနှင့်တကွသယ်ဆောင်လာပြီး သူ့ကိုအထဲသို့သွင်း၍ ကိုယ်တော်ရှေ့၌ချထားရန် ကြိုးစားကြ၏။
19. သို့ရာတွင် လူအစုအဝေးတို့ကြောင့် သူ့ကိုသယ်သွားရမည့်လမ်းကို မတွေ့သဖြင့် လေသာဆောင်အပေါ်သို့တက်ကာ အုတ်ကြွပ်ကိုခွာ၍ လူနာကို ပရိသတ်အလယ် ယေရှု၏ရှေ့တော်သို့ အိပ်ရာနှင့်တကွလျှောချကြ၏။
20. ကိုယ်တော်သည် ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျှင် “အချင်းလူ၊ သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီ”ဟု မိန့်တော်မူ၏။
21. ထိုအခါ ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့က “ဘုရားသခင်ကိုစော်ကားပြောဆိုသောဤသူကား မည်သူနည်း။ ဘုရားသခင်မှတစ်ပါး မည်သူသည် အပြစ်များကိုခွင့်လွှတ်နိုင်သနည်း”ဟု တွေးတောဆင်ခြင်ကြ၏။
22. ယေရှုသည် သူတို့၏တွေးတောဆင်ခြင်မှုများကို သိတော်မူ၍ “အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ ထိုသို့တွေးတောဆင်ခြင်နေကြသနည်း။
23. ‘သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီ’ဟု ဆိုရန်နှင့် ‘ထ၍ လမ်းလျှောက်လော့’ဟု ဆိုရန် မည်သည့်အရာက ပို၍လွယ်ကူသနည်း။
24. သို့သော် လူ့သားသည် မြေကြီးပေါ်တွင် အပြစ်များခွင့်လွှတ်ပိုင်ခွင့်ရှိကြောင်း သင်တို့သိစေရန်”ဟု သူတို့အား မိန့်တော်မူပြီးလျှင် လေဖြတ်သောသူအား “သင့်ကို ငါဆိုမည်။ ထလော့။ သင်၏အိပ်ရာကိုဆောင်ယူ၍ အိမ်သို့ပြန်လော့”ဟု မိန့်တော်မူ၏။
25. ထိုအခါ လေဖြတ်သောသူသည် လူတို့ရှေ့တွင် ချက်ချင်းထ၍ မိမိလဲလျောင်းခဲ့သောအိပ်ရာကို ဆောင်ယူပြီးလျှင် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် မိမိအိမ်သို့ပြန်သွားလေ၏။