30. သူတို့နှင့်အတူ စားပွဲ၌ထိုင်တော်မူသောအခါ ကိုယ်တော်သည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူ၏။
31. ထိုစဉ် သူတို့၏မျက်စိသည်ပွင့်လာ၍ ကိုယ်တော်ဖြစ်ကြောင်းသိကြ၏။ ထိုအခါ ကိုယ်တော်သည် သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားလေ၏။
32. သူတို့ကလည်း “လမ်း၌ ငါတို့နှင့်စကားပြောတော်မူသောအခါ၌ဖြစ်စေ၊ ငါတို့အား ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၌ဖြစ်စေ ငါတို့၏စိတ်နှလုံးထဲတွင် မီးတောက်လောင်သကဲ့သို့ဖြစ်ခဲ့သည်မဟုတ်လော”ဟု အချင်းချင်းပြောဆိုကြ၏။
33. သူတို့သည် ချက်ချင်းထ၍ ဂျေရုဆလင်မြို့သို့ပြန်သွားကြရာ တစ်ဆယ့်တစ်ပါးသောတပည့်တော်တို့နှင့် သူတို့၏အပေါင်းအဖော်များ စုဝေးနေကြသည်ကိုတွေ့ရကြ၏။
34. ထိုသူအပေါင်းတို့က “သခင်ဘုရားသည် အမှန်ပင်ထမြောက်တော်မူ၍ ရှိမုန်ထံထင်ရှားပြတော်မူပြီ”ဟု ပြောဆိုနေကြ၏။
35. ထိုသူနှစ်ဦးတို့ကလည်း လမ်း၌ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများနှင့် မုန့်ကိုဖဲ့တော်မူစဉ် ကိုယ်တော်ဖြစ်ကြောင်းသိခဲ့ရပုံတို့ကို ပြောပြကြ၏။
36. ဤအကြောင်းအရာများကို သူတို့ပြောဆိုနေကြစဉ် ကိုယ်တော်သည် သူတို့အလယ်၌ရပ်လျက် “သင်တို့၌ငြိမ်သက်ခြင်းရှိပါစေ”ဟု မိန့်တော်မူ၏။
37. သို့သော် သူတို့သည် တစ္ဆေကိုမြင်နေကြသည်ဟုထင်မှတ်၍ ထိတ်လန့်ကြောက်ရွံ့ကြ၏။
38. ကိုယ်တော်ကလည်း “အဘယ်ကြောင့်တုန်လှုပ်ချောက်ချားကြသနည်း။ အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ သံသယဖြစ်ကြသနည်း။
39. ငါ့လက်နှင့်ငါ့ခြေတို့ကိုကြည့်ကြလော့။ ငါကိုယ်တိုင်ပင်ဖြစ်၏။ ငါ့ကိုတို့ထိစမ်းသပ်၍ ကြည့်ရှုကြလော့။ အကြောင်းမူကား တစ္ဆေ၌ အရိုးအသားမရှိ။ ငါ၌မူကား သင်တို့မြင်ရသည့်အတိုင်း အရိုးအသားရှိ၏”ဟု
40. မိန့်တော်မူပြီးလျှင် မိမိ၏လက်တော်နှင့်ခြေတော်တို့ကို သူတို့အား ပြတော်မူ၏။
41. သူတို့သည် ဝမ်းမြောက်သဖြင့် မယုံနိုင်သေးဘဲရှိ၍ အံ့ဩလျက်နေကြစဉ် ကိုယ်တော်က “ဤနေရာတွင် စားစရာတစ်စုံတစ်ခုရှိသလော”ဟု မေးတော်မူ၏။
42. ထိုအခါ သူတို့သည် ငါးကင်တစ်ပိုင်းကို ကိုယ်တော်အား ပေးကြရာ
43. ကိုယ်တော်သည်ယူ၍ သူတို့ရှေ့တွင် သုံးဆောင်တော်မူ၏။
44. တစ်ဖန် ကိုယ်တော်က “သင်တို့နှင့်အတူရှိစဉ် သင်တို့အား ငါပြောခဲ့သောစကားမှာ မောရှေ၏ပညတ်တရားကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းတို့တွင် ငါနှင့်ပတ်သက်၍ ရေးထားသမျှတို့သည် ပြည့်စုံခြင်းသို့ရောက်ရမည်ဟူ၍ဖြစ်၏”ဟု မိန့်တော်မူ၏။
45. ထို့နောက် ကျမ်းစာကိုနားလည်ကြစေရန် သူတို့၏အသိစိတ်ကိုဖွင့်ပေးတော်မူပြီးလျှင်
46. သူတို့အားမြွက်ဆိုတော်မူသည်မှာ “ကျမ်းစာ၌ရေးထားသည်ကား ခရစ်တော်သည် ဒုက္ခဝေဒနာခံစားရ၍ သုံးရက်မြောက်သောနေ့၌ သေသောသူတို့ထဲမှ ထမြောက်ရမည်။
47. ထို့နောက် သူ၏နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးနှင့်ဆိုင်သောနောင်တတရားကို ဂျေရုဆလင်မြို့မှအစပြု၍ လူမျိုးတကာတို့အား ဟောပြောရမည်ဟူ၍ဖြစ်၏။
48. သင်တို့သည် ဤအကြောင်းအရာတို့၏သက်သေများဖြစ်ကြ၏။