41. ငါတို့သည် ငါတို့ပြုခဲ့သည့်အမှုများနှင့် ထိုက်သင့်သောဒဏ်ကိုခံရကြသည်ဖြစ်၍ အမှန်ပင်တရားပါသည်။ ဤအရှင်မူကား မည်သည့်အပြစ်ကိုမျှ မပြုခဲ့ပါ”ဟု ဆို၏။
42. ထို့နောက် “ယေရှု၊ ကိုယ်တော်၏နိုင်ငံတော်ထဲသို့ ကိုယ်တော်ကြွတော်မူသောအခါ အကျွန်ုပ်ကိုသတိရတော်မူပါ”ဟု လျှောက်လေ၏။
43. ကိုယ်တော်ကလည်း “သင့်အား ငါအမှန်ဆိုမည်။ သင်သည် ယနေ့ပင် ငါနှင့်အတူပရဒိသုဘုံ၌ရှိမည်”ဟု သူ့အား မိန့်တော်မူ၏။
44. ထိုအချိန်ကား မွန်းတည့်ချိန်ခန့်ဖြစ်၏။ ထိုမှမွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လေ၏။
45. နေ၏အလင်းကွယ်ပျောက်သွားပြီး ဗိမာန်တော်ကန့်လန့်ကာသည် အလယ်မှကွဲသွားလေ၏။
46. ထိုအခါ ယေရှုသည် ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လျက် “အို အဖ၊ အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်၏လက်သို့ အပ်နှံပါ၏”ဟု မြွက်ဆိုတော်မူ၏။ ထိုသို့မြွက်ဆိုပြီးနောက် အသက်ချုပ်ငြိမ်းတော်မူ၏။
47. ဤအဖြစ်အပျက်များကို တွေ့မြင်သောတပ်မှူးသည် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် “ဤသူသည် အမှန်ပင်ဖြောင့်မတ်သောသူဖြစ်၏”ဟု ဆိုလေ၏။
48. ထိုအမှုအရာကိုကြည့်ရှုရန် စုဝေးလာကြသောလူထုပရိသတ်အပေါင်းတို့သည်လည်း ဤအဖြစ်အပျက်များကိုမြင်၍ ရင်ဘတ်စည်တီးလျက်ပြန်သွားကြ၏။
49. ကိုယ်တော်ကိုသိကျွမ်းသောသူအပေါင်းတို့မှစ၍ ဂါလိလဲနယ်မှ ကိုယ်တော်၏နောက်သို့လိုက်လာကြသော အမျိုးသမီးတို့သည် အဝေးမှရပ်လျက် ဤအခြင်းအရာများကိုကြည့်နေကြ၏။
50. ထိုအချိန်အခါ၌ ဖြောင့်မတ်၍သူတော်ကောင်းဖြစ်သည့် ယောသပ်အမည်ရှိသော လွှတ်တော်အဖွဲ့ဝင်တစ်ဦးရှိ၏။
51. သူသည် လွှတ်တော်၏ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်တို့ကို သဘောမတူခဲ့ပေ။ ယောသပ်သည် ယုဒပြည်၊ အရိမသဲမြို့သားဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသူလည်းဖြစ်၏။
52. သူသည် ပိလတ်မင်းထံသို့သွား၍ ယေရှု၏အလောင်းတော်ကို တောင်းပြီးလျှင်
53. အလောင်းတော်ကို လက်ဝါးကပ်တိုင်ပေါ်မှချ၍ ပိတ်ချောဖြင့်ပတ်ရစ်ကာ မည်သူ့ကိုမျှမသင်္ဂြိုဟ်ရသေးသော ကျောက်သင်္ချိုင်းဂူထဲတွင် သွင်းထား၏။