3. ပိလတ်မင်းကလည်း “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော”ဟု ကိုယ်တော်အား မေးလျှင် ကိုယ်တော်က “သင်ပြောသည့်အတိုင်းပေတည်း”ဟု ပြန်ဖြေတော်မူ၏။
4. ထိုအခါ ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုပရိသတ်တို့အား “ဤသူ၌ အပြစ်တစ်စုံတစ်ခုကိုမျှ ငါမတွေ့”ဟု ဆို၏။
5. သို့သော် သူတို့က “သူသည် ဂါလိလဲနယ်မှစ၍ ဤအရပ်ဒေသတိုင်အောင် ယုဒနယ်တစ်နယ်လုံး၌သွန်သင်လျက် လူထုကိုလှုံ့ဆော်ခဲ့ပါသည်”ဟု အပြင်းအထန်ပြောဆိုကြ၏။
6. ပိလတ်မင်းသည် ထိုစကားကိုကြားလျှင် ဤသူသည် ဂါလိလဲနယ်သားဖြစ်သလောဟုမေးမြန်းပြီးမှ
7. ဟေရုဒ်အုပ်စိုးသည့်နယ်မှဖြစ်ကြောင်း သိသောအခါ ကိုယ်တော်ကို ဟေရုဒ်ထံသို့ပို့လိုက်၏။ ထိုနေ့ရက်များတွင် ဟေရုဒ်သည်လည်း ဂျေရုဆလင်မြို့၌ရောက်ရှိနေ၏။
8. ဟေရုဒ်သည် ယေရှုကိုမြင်လျှင် အလွန်ဝမ်းမြောက်လေ၏။ အကြောင်းမူကား သူသည် ကိုယ်တော်အကြောင်းကိုကြားသိထား၍ ကိုယ်တော်ကိုတွေ့မြင်လိုသည်မှာ အချိန်ကြာမြင့်ပြီဖြစ်ပြီးကိုယ်တော်ပြုသည့် နိမိတ်လက္ခဏာတစ်စုံတစ်ခုကိုမြင်ရရန်မျှော်လင့်နေ၏။
9. သို့ဖြစ်၍ သူသည် ကိုယ်တော်ကိုမေးခွန်းများစွာမေးလေ၏။ သို့သော် ကိုယ်တော်သည် မည်သည့်အရာကိုမျှ ဖြေကြားတော်မမူခဲ့ချေ။
10. ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာတို့သည် ထ၍ ကိုယ်တော်ကိုပြင်းထန်စွာစွပ်စွဲကြ၏။
11. ဟေရုဒ်သည်လည်း မိမိစစ်သားများနှင့်အတူ ကိုယ်တော်ကိုမထီမဲ့မြင်ပြုလျက် ပြောင်လှောင်ကာ တင့်တယ်သောဝတ်လုံကိုဝတ်စေပြီးလျှင် ပိလတ်မင်းထံသို့ ပြန်ပို့လေ၏။
12. ဟေရုဒ်နှင့်ပိလတ်မင်းတို့သည် ယခင်က တစ်ဦးနှင့်တစ်ဦးရန်ဘက်ဖြစ်ခဲ့သော်လည်း ထိုနေ့တွင် မိတ်ဆွေဖြစ်လာကြ၏။
13. ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီးအကဲများ၊ အုပ်ချုပ်သူများနှင့် လူထုတို့ကို စုဝေးစေ၍
14. “သင်တို့သည် လူထုကိုမှားယွင်းစေရန်လှုံ့ဆော်သူအဖြစ် ဤသူကို ငါ့ထံသို့ခေါ်ဆောင်လာကြ၏။ သို့သော် ကြည့်လော့။ ငါသည် သင်တို့ရှေ့မှာပင် သူ့ကိုစစ်ဆေးခဲ့သော်လည်း ဤသူအပေါ် သင်တို့စွပ်စွဲသည့်အပြစ်တစ်စုံတစ်ခုမျှမတွေ့။
15. ဟေရုဒ်သည်လည်း အပြစ်မတွေ့သဖြင့် သူ့ကို ငါတို့ထံသို့ ပြန်ပို့လိုက်၏။ သူသည် သေထိုက်သောအပြစ်တစ်စုံတစ်ခုကိုမျှ မပြုခဲ့ချေ။
16. ထို့ကြောင့် သူ့ကိုဆုံးမပြီး လွှတ်လိုက်မည်”ဟု ဆို၏။
17. [ထိုသို့ဆိုခြင်းမှာ ပိလတ်မင်းသည် ပွဲတော်တွင် လူတစ်ဦးကို လွှတ်ပေးရသောကြောင့်ဖြစ်၏။]
18. သို့သော် သူတို့က “ထိုသူကိုသုတ်သင်လိုက်ပါ။ အကျွန်ုပ်တို့အတွက် ဗာရဗ္ဗကိုလွှတ်ပေးပါ”ဟု တစ်ပြိုင်တည်းအော်ဟစ်ကြ၏။
19. ဗာရဗ္ဗသည် မြို့ထဲတွင်ဖြစ်ခဲ့သည့် ဆူပူအုံကြွမှုနှင့် လူသတ်မှုတို့ကြောင့် ထောင်ထဲ၌ ထည့်ထားခြင်းခံရသူဖြစ်၏။
20. ပိလတ်မင်းသည် ယေရှုကိုလွှတ်လို၍ လူတို့အား နောက်တစ်ဖန်မိန့်ကြားလေ၏။
21. သို့သော် သူတို့သည် “လက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ။ သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု အော်ဟစ်ကြ၏။