13. သူတို့သည်လည်း သွား၍ မိမိတို့အား ကိုယ်တော်မိန့်တော်မူသည့်အတိုင်းတွေ့သဖြင့် ပသခါပွဲတော်ကိုပြင်ဆင်ကြ၏။
14. အချိန်ရောက်သောအခါ ကိုယ်တော်သည် တမန်တော်တို့နှင့်အတူ စားပွဲ၌ထိုင်တော်မူ၏။
15. ကိုယ်တော်က “ငါသည် ဒုက္ခဝေဒနာမခံစားရမီ ဤပသခါပွဲတော်ကို သင်တို့နှင့်အတူစားရန် အလွန်အလိုရှိ၏။
16. သင်တို့အား ငါဆိုသည်ကား ပသခါပွဲတော်သည် ဘုရားသခင်၏နိုင်ငံတော်တွင် ပြည့်စုံခြင်းသို့မရောက်မီတိုင်အောင် ဤပွဲတော်ကို ငါလုံးဝစားလိမ့်မည်မဟုတ်”ဟု သူတို့အား မိန့်တော်မူ၏။
17. ထို့နောက် ခွက်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် “ဤခွက်ကိုယူ၍ အချင်းချင်းဝေသောက်ကြလော့။
18. သင်တို့အား ငါဆိုသည်ကား ယခုမှစ၍ ဘုရားသခင်၏နိုင်ငံတော်မပေါ်ထွန်းမီတိုင်အောင် စပျစ်သီးမှဖြစ်သောအရည်ကို ငါလုံးဝသောက်လိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။
19. တစ်ဖန် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ သူတို့အားပေးလျက် “ဤမုန့်ကား သင်တို့အတွက်စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့ဖို့ရန် ဤသို့ပြုကြလော့”ဟု မိန့်တော်မူ၏။
20. ထိုနည်းတူ ညစာစားပြီးနောက် ခွက်ကိုလည်းယူ၍ “ဤခွက်ကား သင်တို့အတွက်သွန်းလောင်းသော ငါ၏သွေး၌တည်သည့် ပဋိညာဉ်သစ်ဖြစ်၏။
21. သို့သော် ငါ့ကိုအပ်နှံမည့်သူ၏လက်သည် ငါနှင့်အတူစားပွဲပေါ်၌ရှိ၏။
22. လူ့သားသည်ချမှတ်ထားခြင်းခံရသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် လူ့သားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။