21. ထိုအခါ ယုဒနယ်၌ရှိသောသူတို့သည် တောင်များပေါ်သို့ထွက်ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ထွက်ကြစေ။ ကျေးလက်ဒေသ၌ရှိသောသူတို့သည်လည်း မြို့ထဲသို့မဝင်ကြစေနှင့်။
22. အကြောင်းမူကား ထိုနေ့ရက်များသည် ကျမ်းစာ၌ရေးထားသောအရာအားလုံးပြည့်စုံမည့် ပြစ်ဒဏ်ပေးရာနေ့ရက်များဖြစ်၏။
23. ထိုနေ့ရက်များ၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့စို့ကလေးငယ်ရှိသောမိခင်များသည် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤပြည်အပေါ်၌ ကြီးစွာသောဒုက္ခဆင်းရဲခြင်းကျရောက်၍ ဤလူမျိုးအပေါ်၌အမျက်တော်သက်ရောက်လိမ့်မည်။
24. သူတို့သည် ဓားဘေးဖြင့်ကျဆုံး၍ အခြားသောပြည်အရပ်ရပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ လူမျိုးခြားတို့သည်လည်း မိမိတို့အချိန်အခါများပြည့်စုံသည်အထိ ဂျေရုဆလင်မြို့ကို နင်းခြေကြလိမ့်မည်။
25. ထို့နောက် နေ၊ လ၊ ကြယ်တာရာများ၌ အတိတ်နိမိတ်များဖြစ်ပေါ်လာလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးတကာတို့သည် ပင်လယ်လှိုင်းတံပိုးသံကြောင့် စိတ်မငြိမ်မသက်ဖြစ်လျက် တုန်လှုပ်ချောက်ချားကြလိမ့်မည်။
26. အာကာသကောင်းကင်၏စွမ်းအားတို့သည် တုန်လှုပ်ကြမည်ဖြစ်၍ လူတို့သည် ကမ္ဘာပေါ်တွင်သက်ရောက်လာမည့်အရာများကို ကြိုတွေးလျက် ကြောက်ရွံ့သဖြင့် သတိလစ်မေ့မြောကြလိမ့်မည်။
27. ထိုအခါ လူ့သားသည် တန်ခိုးနှင့် ကြီးမားသောဘုန်းအသရေတို့ဖြင့် မိုးတိမ်ကိုစီးလျက် ကြွလာသည်ကို လူတို့မြင်ရကြလိမ့်မည်။
28. ဤအရာများစတင်ဖြစ်ပျက်လာသောအခါ သင်တို့ကို ရွေးနုတ်တော်မူသောအချိန်နီးကပ်လာပြီဖြစ်၍ တည့်မတ်စွာရပ်လျက် သင်တို့ခေါင်းကိုမော့ထားကြလော့”ဟု မိန့်တော်မူ၏။
29. ထို့နောက် ကိုယ်တော်သည် သူတို့အား ပုံဥပမာတစ်ခုမြွက်ဆိုတော်မူသည်မှာ “သဖန်းပင်နှင့် အခြားသစ်ပင်အားလုံးတို့ကို ကြည့်ကြလော့။