1. ထို့နောက် ကိုယ်တော်သည် မျှော်ကြည့်၍ ချမ်းသာသောသူတို့သည် အလှူခံသေတ္တာထဲသို့ မိမိတို့၏အလှူငွေများထည့်နေကြသည်ကို မြင်တော်မူ၏။
2. ဆင်းရဲသောမုဆိုးမတစ်ဦးသည်လည်း ထိုအလှူခံသေတ္တာထဲသို့ လတ္တာနှစ်ပြားထည့်နေသည်ကို မြင်တော်မူ၏။
3. ထိုအခါ ကိုယ်တော်က “သင်တို့အား ငါအမှန်ဆိုသည်ကား ဤဆင်းရဲသောမုဆိုးမသည် အခြားသူအားလုံးထက် ပို၍ထည့်လေပြီ။
4. အကြောင်းမူကား ဤသူအားလုံးတို့သည် မိမိတို့၏ကြွယ်ဝပြည့်စုံမှုထဲမှ အလှူငွေကိုထည့်ကြ၏။ ဤမုဆိုးမမူကား မိမိ၏ဆင်းရဲချို့တဲ့မှုထဲမှ သူ၌ရှိသောအသက်မွေးစရာအားလုံးကို ထည့်လေပြီ”ဟု မိန့်တော်မူ၏။
5. ဗိမာန်တော်ကို လှပသောကျောက်တုံးများမှစ၍ လှူဒါန်းထားသောဝတ္ထုပစ္စည်းများဖြင့် တန်ဆာဆင်ထားကြောင်း လူအချို့တို့ကပြောဆိုနေကြ၏။
6. ကိုယ်တော်က “ဤအရာများကို သင်တို့မြင်ရကြ၏။ ၎င်းထဲမှ ကျောက်တုံးတစ်တုံးသည် ဖြိုချမခံရဘဲ အခြားကျောက်တုံးတစ်တုံးပေါ်၌ ကျန်ရစ်ခဲ့သည်ဟူ၍မရှိသောနေ့ရက်ကာလရောက်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
7. သူတို့ကလည်း “ဆရာ၊ သို့ဖြစ်လျှင် ထိုအခြင်းအရာများသည် မည်သည့်အချိန်၌ ဖြစ်ပျက်လာမည်နည်း။ ၎င်းတို့ဖြစ်ပျက်လာတော့မည့်အချိန်တွင် မည်သည့်အတိတ်နိမိတ်ပေါ်ထွန်းလာမည်နည်း”ဟု မေးလျှောက်ကြ၏။
8. ကိုယ်တော်ကလည်း “သင်တို့သည် လှည့်ဖြားခြင်းမခံရစေရန် သတိပြုကြလော့။ အကြောင်းမူကား များစွာသောသူတို့သည် ငါ့အဖြစ်အယောင်ဆောင်လျက်ရောက်လာ၍ ‘ငါသည် ထိုသူပင်ဖြစ်၏’ဟူ၍လည်းကောင်း၊ ‘အချိန်နီးကပ်လာပြီ’ဟူ၍လည်းကောင်း ဆိုကြလိမ့်မည်။ ထိုသူတို့၏နောက်သို့မလိုက်ကြနှင့်။
9. သင်တို့သည် စစ်ပွဲများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းအကြောင်းတို့ကို ကြားရသောအခါ ထိတ်လန့်ခြင်းမရှိကြနှင့်။ အကြောင်းမူကား ထိုအရာများသည် ဦးစွာဖြစ်ပျက်ရမည်။ သို့သော် အဆုံးသည် ချက်ချင်းမရောက်သေး”ဟု မိန့်တော်မူ၏။