11. တစ်ဖန် အခြားအစေအပါးတစ်ဦးကို ထပ်၍စေလွှတ်လေ၏။ သို့သော် သူ့ကိုလည်းရိုက်နှက်၍ အရှက်ခွဲပြီးလျှင် လက်ချည်းသက်သက်ပြန်လွှတ်ကြ၏။
12. နောက်တစ်ဖန် တတိယအစေအပါးကို ထပ်၍စေလွှတ်လေ၏။ သို့သော် ထိုအစေအပါးကိုလည်း အနာတရဖြစ်စေပြီးမှ နှင်ထုတ်ကြ၏။
13. ထိုအခါ စပျစ်ခြံပိုင်ရှင်က ‘ငါမည်သို့ပြုရမည်နည်း။ ငါ၏ချစ်သားကို ငါစေလွှတ်မည်။ သူတို့သည် သူ့ကိုရိုသေကောင်းရိုသေကြလိမ့်မည်’ဟု ဆို၏။
14. သို့သော် ခြံသမားတို့သည် သူ့သားကိုမြင်လျှင် ‘ဤသူသည်အမွေခံဖြစ်၏။ အမွေသည် ငါတို့ဥစ္စာဖြစ်လာရန် သူ့ကိုသတ်ကြစို့’ဟု အချင်းချင်းဆွေးနွေးပြောဆိုကြပြီးလျှင်
15. သူ့ကို စပျစ်ခြံအပြင်သို့နှင်ထုတ်ကာ သတ်ပစ်ကြ၏။ သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်သည် ထိုသူတို့ကို မည်သို့ပြုမည်နည်း။
16. သူသည်လာ၍ ထိုခြံသမားတို့ကို အဆုံးစီရင်ကာ စပျစ်ခြံကို အခြားသောသူတို့အား ပေးလိမ့်မည်”ဟု မိန့်တော်မူ၏။ ကြားရသောသူတို့ကလည်း “ထိုသို့မဖြစ်ပါစေနှင့်”ဟု ဆိုကြ၏။
17. ကိုယ်တော်သည် သူတို့ကိုစူးစိုက်ကြည့်လျက် “‘တိုက်ဆောက်သူများပယ်ထားသောကျောက်သည် ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာ၏’ဟုရေးထားသောအရာသည် မည်သည့်အရာကိုဆိုလိုသနည်း။
18. ထိုကျောက်ပေါ်သို့ကျသောသူတိုင်းသည် အပိုင်းပိုင်းကျိုးလိမ့်မည်။ ထိုကျောက်သည် တစ်စုံတစ်ဦးအပေါ်သို့ကျလျှင် ထိုသူသည် ညက်ညက်ကြေလိမ့်မည်”ဟု မိန့်တော်မူ၏။
19. ကျမ်းပြုဆရာများနှင့် ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် မိမိတို့အားရည်ညွှန်း၍ ဤပုံဥပမာကိုမိန့်တော်မူကြောင်း သိကြသဖြင့် ထိုအချိန်မှာပင် ကိုယ်တော်ကိုဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော်သူတို့သည် လူတို့ကိုကြောက်ကြ၏။
20. ထို့ကြောင့် သူတို့သည် ကိုယ်တော်ကိုစောင့်ကြည့်လျက် နှုတ်တော်ထွက်စကားတွင် အပြစ်ရှာ၍ ကိုယ်တော်ကို ဘုရင်ခံ၏အုပ်ချုပ်မှုအာဏာအောက်သို့ အပ်နှံနိုင်ရန် ဖြောင့်မတ်သူအဖြစ် ဟန်ဆောင်သောသူလျှိုများကို စေလွှတ်ကြ၏။
21. ထိုသူလျှိုတို့က “ဆရာ၊ ဆရာသည် မှန်ကန်စွာဟောပြောသွန်သင်၍ လူ့မျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီသွန်သင်ကြောင်း အကျွန်ုပ်တို့သိကြပါ၏။
22. ဆီဇာဧကရာဇ်ကို အကျွန်ုပ်တို့အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီသလော သို့မဟုတ် မညီသလော”ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။