7. ထိုတစ်အိမ်တည်းမှာပင် တည်းခို၍ သူတို့ထံ၌ စားသောက်ကြလော့။ အကြောင်းမူကား အလုပ်လုပ်သောသူသည် လုပ်အားခကိုရထိုက်၏။ တစ်အိမ်မှ တစ်အိမ်သို့ မပြောင်းကြနှင့်။
8. မည်သည့်မြို့သို့မဆို သင်တို့ဝင်၍ လူတို့သည် သင်တို့ကိုလက်ခံလျှင် သင်တို့ရှေ့၌တည်ခင်းသောအရာများကို စားကြလော့။
9. ထိုမြို့ရှိ နာမကျန်းဖြစ်သူများကိုကျန်းမာစေ၍ ‘ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ပေါ်ထွန်းလုနီးပြီ’ဟု သူတို့အား ဟောပြောကြလော့။
10. မည်သည့်မြို့သို့မဆို သင်တို့ဝင်၍ လူတို့သည် သင်တို့ကိုလက်မခံလျှင် ထိုမြို့၏လမ်းမပေါ်သို့ ထွက်ပြီးလျှင်
11. ‘ငါတို့ခြေတွင်ကပ်နေသည့် သင်တို့မြို့မှ မြေမှုန့်ကိုပင် ငါတို့ခါချခဲ့၏။ သို့သော် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ပေါ်ထွန်းလုနီးပြီဖြစ်ကြောင်း သိမှတ်ကြလော့’ဟု ဟောပြောကြလော့။
12. သင်တို့အား ငါဆိုမည်။ ထိုနေ့၌ သောဒုံမြို့သည် ထိုမြို့ထက် ခံသာလိမ့်မည်။
13. ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့၌ပြုခဲ့သောတန်ခိုးလက္ခဏာများကို တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့၌ပြုခဲ့လျှင် သူတို့သည် ရှေးယခင်ကပင် လျှော်တေအဝတ်ကိုဝတ်လျက် ပြာထဲ၌ထိုင်ကာ နောင်တရခဲ့ကြပေလိမ့်မည်။
14. သို့သော် တရားစီရင်တော်မူသောအခါ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့သည် သင်တို့ထက် ခံသာကြလိမ့်မည်။
15. ကပေရနောင်မြို့၊ သင်သည် ကောင်းကင်အထိ ချီးမြှောက်ခြင်းကိုခံရပါမည်လော။ သင်သည် မရဏာနိုင်ငံတိုင်အောင် ကျဆင်းရလိမ့်မည်။