24. သင်တို့အား ငါဆိုသည်ကား များစွာသောပရောဖက်တို့နှင့် ရှင်ဘုရင်တို့သည် သင်တို့မြင်နေရသောအရာတို့ကို မြင်လိုကြသော်လည်း မမြင်ခဲ့ကြရပေ။ သင်တို့ကြားနေရသောအရာတို့ကို ကြားလိုကြသော်လည်း မကြားခဲ့ကြရပေ”ဟု သူတို့ကိုသာ သီးခြားမိန့်တော်မူ၏။
25. တစ်ခါက ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးသည် ထ၍ “ဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် မည်သည့်အမှုကို အကျွန်ုပ်ပြုရပါမည်နည်း”ဟု ကိုယ်တော်ကိုအကဲစမ်း၍မေးလျှောက်လေ၏။
26. ကိုယ်တော်ကလည်း “ပညတ်တရားကျမ်းတွင် မည်သို့ရေးထားသနည်း။ သင်မည်သို့ဖတ်ရသနည်း”ဟု မေးတော်မူလျှင်
27. ထိုသူက “သင်၏ဘုရားသခင်ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ သင်၏စိတ်ဝိညာဉ်တစ်ခုလုံး၊ သင်၏အစွမ်းသတ္တိရှိသမျှနှင့် သင်၏အသိဉာဏ်ရှိသမျှတို့ဖြင့် ချစ်ရမည်ဟူ၍လည်းကောင်း၊ ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်ဟူ၍လည်းကောင်း ဖြစ်ပါသည်”ဟု လျှောက်လေ၏။
28. ကိုယ်တော်ကလည်း “မှန်ပေ၏။ ထိုအတိုင်းပြုလော့။ သို့ပြုလျှင် အသက်ရှင်လိမ့်မည်”ဟု မိန့်တော်မူ၏။
29. ထိုသူသည် မိမိကိုယ်ကိုဖြောင့်မတ်ကြောင်း ဖော်ပြလို၍ “သို့ဖြစ်လျှင် မည်သူသည် အကျွန်ုပ်၏ဝန်းကျင်၌ရှိသောသူဖြစ်သနည်း”ဟု ယေရှုအား မေးလျှောက်လေ၏။
30. ယေရှုက “လူတစ်ဦးသည် ဂျေရုဆလင်မြို့မှ ဂျေရိခေါမြို့သို့ဆင်းလာစဉ် ဓားပြများနှင့်ကြုံတွေ့ရ၏။ ဓားပြတို့သည် သူ၏အဝတ်များကိုချွတ်ယူပြီး ရိုက်နှက်ကာ သူ့ကိုသေလုမြောပါးအခြေအနေ၌ထားခဲ့၍ ထွက်သွားကြ၏။
31. ယဇ်ပုရောဟိတ်တစ်ပါးသည် အကြောင်းတိုက်ဆိုင်၍ ထိုလမ်းအတိုင်းဆင်းလာပြီး ထိုသူကိုမြင်လျှင် လမ်း၏အခြားတစ်ဖက်မှ ရှောင်ကွင်းသွားလေ၏။
32. ထိုနည်းတူ လေဝိအနွယ်ဝင်တစ်ဦးသည်လည်း ထိုနေရာသို့ရောက်လာ၍ သူ့ကိုမြင်လျှင် လမ်း၏အခြားတစ်ဖက်မှ ရှောင်ကွင်းသွားလေ၏။