ဓမ္မသစ်ကျမ်း

ရှင်​လု​ကာ​ခ​ရစ်​ဝင် 10:20-36 Myanmar Standard Bible (MSB)

20. သို့​သော် နတ်​ဆိုး​တို့​သည် သင်​တို့​ကို​နာ​ခံ​ကြ​သည့်​အ​တွက် ဝမ်း​မြောက်​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​၏​နာ​မည်​များ​ကို ကောင်း​ကင်​၌​ရေး​မှတ်​ထား​သည့်​အ​တွက် ဝမ်း​မြောက်​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

21. ထို​အ​ချိန်​တွင် ကိုယ်​တော်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့်​အ​လွန်​ဝမ်း​မြောက်​၍ “ကောင်း​ကင်​နှင့်​မြေ​ကြီး​၏​အ​ရှင်​သ​ခင်​ဖြစ်​တော်​မူ​သော​အ​ဖ၊ ကိုယ်​တော်​သည် ပ​ညာ​ရှိ​များ​နှင့် ဉာဏ်​ထက်​မြက်​သော​သူ​တို့​အား ဤ​အ​ရာ​များ​ကို​ဝှက်​ထား​လျက် က​လေး​သူ​ငယ်​တို့​ကို​ဖွင့်​ပြ​တော်​မူ​သော​ကြောင့် ကိုယ်​တော်​ကို​ချီး​မွမ်း​ပါ​၏။ မှန်​ပါ​၏​အ​ဖ၊ ဤ​သည်​ကား ရှေ့​တော်​၌ နှစ်​သက်​တော်​မူ​သော​အ​ရာ​ဖြစ်​ပါ​၏။

22. ငါ​၏​ခ​မည်း​တော်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို ငါ့​အား​အပ်​နှင်း​တော်​မူ​ပြီ။ သား​တော်​သည် မည်​သူ​ဖြစ်​ကြောင်း​ကို ခ​မည်း​တော်​မှ​တစ်​ပါး မည်​သူ​မျှ​မ​သိ။ ခ​မည်း​တော်​သည် မည်​သူ​ဖြစ်​ကြောင်း​ကို​လည်း သား​တော်​နှင့် သား​တော်​က​ဖွင့်​ပြ​လို​သော​သူ​တို့​မှ​တစ်​ပါး မည်​သူ​မျှ​မ​သိ”​ဟု မြွက်​ဆို​တော်​မူ​၏။

23. ထို့​နောက် တ​ပည့်​တော်​တို့​ဘက်​သို့​လှည့်​၍ “သင်​တို့​မြင်​နေ​ရ​သည့်​အ​ရာ​များ​ကို မြင်​ရ​သော​မျက်​စိ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

24. သင်​တို့​အား ငါ​ဆို​သည်​ကား များ​စွာ​သော​ပ​ရော​ဖက်​တို့​နှင့် ရှင်​ဘု​ရင်​တို့​သည် သင်​တို့​မြင်​နေ​ရ​သော​အ​ရာ​တို့​ကို မြင်​လို​ကြ​သော်​လည်း မ​မြင်​ခဲ့​ကြ​ရ​ပေ။ သင်​တို့​ကြား​နေ​ရ​သော​အ​ရာ​တို့​ကို ကြား​လို​ကြ​သော်​လည်း မ​ကြား​ခဲ့​ကြ​ရ​ပေ”​ဟု သူ​တို့​ကို​သာ သီး​ခြား​မိန့်​တော်​မူ​၏။

25. တစ်​ခါ​က ကျမ်း​တတ်​ပုဂ္ဂိုလ်​တစ်​ဦး​သည် ထ​၍ “ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို​အ​မွေ​ဆက်​ခံ​ရန် မည်​သည့်​အ​မှု​ကို အ​ကျွန်ုပ်​ပြု​ရ​ပါ​မည်​နည်း”​ဟု ကိုယ်​တော်​ကို​အ​ကဲ​စမ်း​၍​မေး​လျှောက်​လေ​၏။

26. ကိုယ်​တော်​က​လည်း “ပ​ညတ်​တ​ရား​ကျမ်း​တွင် မည်​သို့​ရေး​ထား​သ​နည်း။ သင်​မည်​သို့​ဖတ်​ရ​သ​နည်း”​ဟု မေး​တော်​မူ​လျှင်

27. ထို​သူ​က “သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို သင်​၏​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့၊ သင်​၏​စိတ်​ဝိ​ညာဉ်​တစ်​ခု​လုံး၊ သင်​၏​အ​စွမ်း​သတ္တိ​ရှိ​သ​မျှ​နှင့် သင်​၏​အ​သိ​ဉာဏ်​ရှိ​သ​မျှ​တို့​ဖြင့် ချစ်​ရ​မည်​ဟူ​၍​လည်း​ကောင်း၊ ကိုယ့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်​ဟူ​၍​လည်း​ကောင်း ဖြစ်​ပါ​သည်”​ဟု လျှောက်​လေ​၏။

28. ကိုယ်​တော်​က​လည်း “မှန်​ပေ​၏။ ထို​အ​တိုင်း​ပြု​လော့။ သို့​ပြု​လျှင် အ​သက်​ရှင်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

29. ထို​သူ​သည် မိ​မိ​ကိုယ်​ကို​ဖြောင့်​မတ်​ကြောင်း ဖော်​ပြ​လို​၍ “သို့​ဖြစ်​လျှင် မည်​သူ​သည် အ​ကျွန်ုပ်​၏​ဝန်း​ကျင်​၌​ရှိ​သော​သူ​ဖြစ်​သ​နည်း”​ဟု ယေ​ရှု​အား မေး​လျှောက်​လေ​၏။

30. ယေ​ရှု​က “လူ​တစ်​ဦး​သည် ဂျေ​ရု​ဆ​လင်​မြို့​မှ ဂျေ​ရိ​ခေါ​မြို့​သို့​ဆင်း​လာ​စဉ် ဓား​ပြ​များ​နှင့်​ကြုံ​တွေ့​ရ​၏။ ဓား​ပြ​တို့​သည် သူ​၏​အ​ဝတ်​များ​ကို​ချွတ်​ယူ​ပြီး ရိုက်​နှက်​ကာ သူ့​ကို​သေ​လု​မြော​ပါး​အ​ခြေ​အ​နေ​၌​ထား​ခဲ့​၍ ထွက်​သွား​ကြ​၏။

31. ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည် အ​ကြောင်း​တိုက်​ဆိုင်​၍ ထို​လမ်း​အ​တိုင်း​ဆင်း​လာ​ပြီး ထို​သူ​ကို​မြင်​လျှင် လမ်း​၏​အ​ခြား​တစ်​ဖက်​မှ ရှောင်​ကွင်း​သွား​လေ​၏။

32. ထို​နည်း​တူ လေ​ဝိ​အ​နွယ်​ဝင်​တစ်​ဦး​သည်​လည်း ထို​နေ​ရာ​သို့​ရောက်​လာ​၍ သူ့​ကို​မြင်​လျှင် လမ်း​၏​အ​ခြား​တစ်​ဖက်​မှ ရှောင်​ကွင်း​သွား​လေ​၏။

33. သို့​သော် ရှ​မာ​ရိ​နယ်​သား​တစ်​ဦး​သည် ခ​ရီး​သွား​ရင်း သူ့​အ​နား​သို့​ရောက်​လာ​၍ သူ့​ကို​မြင်​လျှင် ကြင်​နာ​စိတ်​ရှိ​သ​ဖြင့်

34. ချဉ်း​ကပ်​လျက် သူ​၏​ဒဏ်​ရာ​များ​အ​ပေါ် ဆီ​နှင့်​စ​ပျစ်​ဝိုင်​ကို​လောင်း​ထည့်​ကာ အ​ဝတ်​နှင့်​ပတ်​စည်း​ပေး​၏။ ထို့​နောက် သူ့​ကို မိ​မိ​၏​တိ​ရစ္ဆာန်​ပေါ်​တင်​လျက် တည်း​ခို​ခန်း​သို့ ခေါ်​ဆောင်​သွား​၍ ပြု​စု​စောင့်​ရှောက်​လေ​၏။

35. နောက်​တစ်​နေ့​တွင် ဒေ​နာ​ရိ​နှစ်​ပြား​ကို​ထုတ်​၍ တည်း​ခို​ခန်း​ပိုင်​ရှင်​အား​ပေး​ပြီး​လျှင် ‘ဤ​သူ​ကို ပြု​စု​စောင့်​ရှောက်​ပေး​ပါ။ နောက်​ထပ် ကုန်​ကျ​သ​မျှ​ကို အ​ကျွန်ုပ်​ပြန်​လာ​သော​အ​ခါ သင့်​အား ပြန်​ပေး​ပါ​မည်’​ဟု ပြော​လေ​၏။

36. ထို​သူ​သုံး​ဦး​တို့​တွင် မည်​သူ​သည် ဓား​ပြ​လက်​တွင်း​သို့​ကျ​ရောက်​ခဲ့​သူ​၏ ဝန်း​ကျင်​၌​ရှိ​သော​သူ​ဖြစ်​သည်​ဟု သင်​ထင်​သ​နည်း”​ဟူ​၍ မေး​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​လု​ကာ​ခ​ရစ်​ဝင် 10