25. ထိုအခါ ဂျေရုဆလင်မြို့သားအချို့တို့က “ဤသူသည် သူတို့သတ်ရန် ရှာကြံနေသောသူမဟုတ်လော။
26. ကြည့်ပါ။ သူသည် ထင်ရှားစွာဟောပြောနေပါလျက် သူတို့သည် မည်သည့်အရာကိုမျှ မပြောကြပါတကား။ ဤသူခရစ်တော်ဖြစ်ကြောင်းကို အကြီးအကဲတို့သည် အမှန်ပင်သိကြပြီလော။
27. သို့ရာတွင် ဤသူသည် အဘယ်ကလာသည်ကို ငါတို့သိကြ၏။ ခရစ်တော်ကြွလာတော်မူသောအခါ၌မူကား အဘယ်ကလာသည်ကို မည်သူမျှမသိနိုင်ရာ”ဟု ဆိုကြ၏။
28. ထို့ကြောင့် ယေရှုသည် ဗိမာန်တော်၌ သွန်သင်တော်မူစဉ် “သင်တို့သည် ငါ့ကိုသိ၍ ငါအဘယ်ကလာသည်ကိုလည်း သိကြ၏။ သို့ရာတွင် ငါသည် ကိုယ့်ဆန္ဒအလျောက်လာသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် ဖြောင့်မှန်သောအရှင်ဖြစ်တော်မူ၏။ သင်တို့သည် ထိုအရှင်ကိုမသိကြ။
29. ငါမူကား သိ၏။ အကြောင်းမူကား ငါသည် ထိုအရှင်ထံမှလာ၍ ထိုအရှင်သည် ငါ့ကိုစေလွှတ်တော်မူ၏”ဟု ကြွေးကြော်တော်မူ၏။
30. ထိုအခါ လူတို့သည် ကိုယ်တော်ကိုဖမ်းဆီးရန်ကြိုးစားကြသော်လည်း ကိုယ်တော်၏အချိန်မရောက်သေးသောကြောင့် မည်သူမျှကိုယ်တော်ကိုမဖမ်းဆီးကြချေ။
31. သို့ရာတွင် လူထုပရိသတ်ထဲမှအများစုသည် ကိုယ်တော်ကိုယုံကြည်လျက် “ခရစ်တော်ကြွလာသောအခါတွင် ဤသူပြုသည်ထက် ပို၍များသောနိမိတ်လက္ခဏာတို့ကို ပြုပါမည်လော”ဟု ဆိုကြ၏။
32. လူထုပရိသတ်သည် ယေရှုနှင့်ပတ်သက်၍ ထိုသို့တီးတိုးပြောဆိုနေကြသည်ကို ဖာရိရှဲတို့ကြားလျှင် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်ဖာရိရှဲတို့သည် ကိုယ်တော်ကိုဖမ်းဆီးရန် အစောင့်တပ်သားများကိုစေလွှတ်ကြ၏။
33. ထိုအခါ ယေရှုက “ငါသည် သင်တို့နှင့်အတူ နောက်ထပ် ခဏနေပြီးလျှင် ငါ့ကိုစေလွှတ်တော်မူသောအရှင်ထံသို့ သွားမည်။
34. သင်တို့သည် ငါ့ကိုရှာကြသော်လည်း တွေ့မည်မဟုတ်။ ငါရှိရာအရပ်သို့လည်း သင်တို့မလာနိုင်ကြ”ဟု မိန့်တော်မူ၏။