2. သို့ရာတွင် ဂျူးလူမျိုးတို့၏ပွဲတော်တည်းဟူသော ယာယီတဲစုပွဲတော်နီးကပ်လာသောအခါ
3. ညီတော်တို့က ကိုယ်တော်အား “သင်ပြုနေသောအမှုအရာများကို သင်၏တပည့်တို့သည်လည်း မြင်ရရန် ဤအရပ်မှ ထွက်ခွာ၍ ယုဒနယ်သို့ သွားပါလော့။
4. မိမိကိုယ်ကိုထင်ပေါ်ကျော်စောစေလို၍ တစ်စုံတစ်ခုကို လျှို့ဝှက်စွာပြုသောသူမရှိ။ သင်သည် ဤအမှုအရာများကိုပြုသည်ဆိုလျှင် ဤလောက၌ သင့်ကိုယ်သင်ထင်ရှားစေပါ”ဟု ဆိုကြ၏။
5. ထိုသို့ဆိုကြခြင်းမှာ ညီတော်တို့ပင် ကိုယ်တော်ကိုမယုံကြည်ကြသောကြောင့်ဖြစ်၏။
6. ထို့ကြောင့် ယေရှုက ညီတော်တို့အား “ငါ့အချိန်မရောက်သေး။ သင်တို့အချိန်ကား အမြဲအဆင်သင့်ဖြစ်၏။
7. လောကီသားတို့သည် သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကား မုန်းကြ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့ပြုသောအမှုများမကောင်းကြောင်းကို ထောက်ပြသောကြောင့်ဖြစ်၏။
8. ပွဲတော်သို့ သင်တို့တက်သွားကြလော့။ ငါ့အချိန်မပြည့်စုံသေးသဖြင့် ဤပွဲတော်သို့ ငါမသွား”ဟု
9. မိန့်တော်မူပြီးလျှင် ဂါလိလဲနယ်တွင် နေရစ်တော်မူ၏။
10. သို့ရာတွင် ပွဲတော်သို့ ညီတော်တို့သွားကြပြီးနောက် ကိုယ်တော်သည်လည်း မထင်မရှား လျှို့ဝှက်စွာကြွတော်မူ၏။
11. ထိုပွဲတော်တွင် ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုလိုက်ရှာလျက် “ထိုသူသည် အဘယ်မှာရှိသနည်း”ဟု မေးမြန်းကြ၏။
12. လူထုပရိသတ်တို့ထဲတွင် ကိုယ်တော်နှင့်ပတ်သက်၍ အမျိုးမျိုးတီးတိုးပြောဆိုနေကြ၏။ လူအချို့တို့က “သူသည် သူတော်ကောင်းဖြစ်သည်”ဟု ဆိုကြ၏။ အခြားသောသူတို့ကမူ “မဟုတ်ပါ။ သူသည် လူထုပရိသတ်ကိုလှည့်ဖြားနေသည်”ဟု ဆိုကြ၏။
13. သို့ရာတွင် ဂျူးလူမျိုးတို့ကိုကြောက်ကြသောကြောင့် မည်သူမျှ ကိုယ်တော်အကြောင်းကို ပွင့်လင်းစွာမပြောဆိုကြချေ။
14. ပွဲတော်ကာလ ထက်ဝက်မျှလွန်သောအခါ ယေရှုသည် ဗိမာန်တော်သို့တက်သွား၍ သွန်သင်တော်မူ၏။
15. ထိုအခါ ဂျူးလူမျိုးတို့သည်အံ့ဩလျက် “ဤသူသည် သင်ယူခြင်းမရှိဘဲ ကျမ်းများကို မည်သို့တတ်သနည်း”ဟု ဆိုကြ၏။
16. ယေရှုကလည်း “ငါ၏သွန်သင်ချက်သည် ငါကိုယ်တိုင်၏သွန်သင်ချက်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏သွန်သင်ချက်ဖြစ်၏။
17. မည်သူမဆို ထိုအရှင်၏အလိုတော်ကို ဆောင်ရွက်လိုသောဆန္ဒရှိလျှင် ဤသွန်သင်ချက်သည် ဘုရားသခင်ထံမှလာသလော သို့မဟုတ် ငါသည် ကိုယ့်ဆန္ဒအလျောက်ဟောပြောနေသလောဆိုသည်ကို သိလိမ့်မည်။