10. သို့ရာတွင် ပွဲတော်သို့ ညီတော်တို့သွားကြပြီးနောက် ကိုယ်တော်သည်လည်း မထင်မရှား လျှို့ဝှက်စွာကြွတော်မူ၏။
11. ထိုပွဲတော်တွင် ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုလိုက်ရှာလျက် “ထိုသူသည် အဘယ်မှာရှိသနည်း”ဟု မေးမြန်းကြ၏။
12. လူထုပရိသတ်တို့ထဲတွင် ကိုယ်တော်နှင့်ပတ်သက်၍ အမျိုးမျိုးတီးတိုးပြောဆိုနေကြ၏။ လူအချို့တို့က “သူသည် သူတော်ကောင်းဖြစ်သည်”ဟု ဆိုကြ၏။ အခြားသောသူတို့ကမူ “မဟုတ်ပါ။ သူသည် လူထုပရိသတ်ကိုလှည့်ဖြားနေသည်”ဟု ဆိုကြ၏။
13. သို့ရာတွင် ဂျူးလူမျိုးတို့ကိုကြောက်ကြသောကြောင့် မည်သူမျှ ကိုယ်တော်အကြောင်းကို ပွင့်လင်းစွာမပြောဆိုကြချေ။
14. ပွဲတော်ကာလ ထက်ဝက်မျှလွန်သောအခါ ယေရှုသည် ဗိမာန်တော်သို့တက်သွား၍ သွန်သင်တော်မူ၏။
15. ထိုအခါ ဂျူးလူမျိုးတို့သည်အံ့ဩလျက် “ဤသူသည် သင်ယူခြင်းမရှိဘဲ ကျမ်းများကို မည်သို့တတ်သနည်း”ဟု ဆိုကြ၏။
16. ယေရှုကလည်း “ငါ၏သွန်သင်ချက်သည် ငါကိုယ်တိုင်၏သွန်သင်ချက်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏သွန်သင်ချက်ဖြစ်၏။
17. မည်သူမဆို ထိုအရှင်၏အလိုတော်ကို ဆောင်ရွက်လိုသောဆန္ဒရှိလျှင် ဤသွန်သင်ချက်သည် ဘုရားသခင်ထံမှလာသလော သို့မဟုတ် ငါသည် ကိုယ့်ဆန္ဒအလျောက်ဟောပြောနေသလောဆိုသည်ကို သိလိမ့်မည်။
18. မိမိဆန္ဒအလျောက်ဟောပြောသောသူသည် မိမိ၏ဘုန်းအသရေကိုရှာတတ်၏။ မိမိကိုစေလွှတ်သောအရှင်၏ဘုန်းအသရေကိုရှာသောသူမူကား ဖြောင့်မှန်သောသူဖြစ်ပြီး ထိုသူ၌မတရားမှုမရှိ။
19. မောရှေသည် သင်တို့အား ပညတ်တရားကိုပေးခဲ့သည်မဟုတ်လော။ သို့သော် သင်တို့တွင် ထိုပညတ်တရားကို လိုက်နာကျင့်သုံးသောသူတစ်စုံတစ်ယောက်မျှမရှိ။ သင်တို့သည် အဘယ်ကြောင့် ငါ့ကိုသတ်ရန် ရှာကြံနေကြသနည်း”ဟု ပြန်၍မိန့်တော်မူ၏။
20. လူထုပရိသတ်က “သင့်ကိုနတ်ဆိုးပူးနေ၏။ သင့်ကိုသတ်ရန် မည်သူရှာကြံနေသနည်း”ဟု ဆိုကြ၏။
21. ယေရှုကလည်း “အမှုတစ်ခုကို ငါပြုသောအခါ သင်တို့အားလုံးသည် အံ့ဩကြ၏။
22. မောရှေသည် အရေဖျားလှီးခြင်းဓလေ့ကို သင်တို့အားပေးခဲ့သောကြောင့် သင်တို့သည် ဥပုသ်နေ့၌ပင် လူကိုအရေဖျားလှီးခြင်းပေးကြ၏။ (အမှန်မှာ ဤဓလေ့သည် မောရှေထံမှမဟုတ်ဘဲ ဘိုးဘေးများထံမှလာ၏။)
23. လူသည် မောရှေ၏ပညတ်တရားကိုမချိုးဖောက်ရန် ဥပုသ်နေ့တွင် အရေဖျားလှီးခြင်းကိုခံသည်ဆိုလျှင် ငါသည် ဥပုသ်နေ့၌ လူတစ်ကိုယ်လုံးကို အကောင်းပကတိဖြစ်စေသည့်အတွက် ငါ့ကိုစိတ်ဆိုးရသလော။
24. အပြင်ပန်းအားဖြင့် လူကိုမစီရင်ဘဲ တရားမျှတစွာစီရင်ကြလော့”ဟု မိန့်တော်မူ၏။
25. ထိုအခါ ဂျေရုဆလင်မြို့သားအချို့တို့က “ဤသူသည် သူတို့သတ်ရန် ရှာကြံနေသောသူမဟုတ်လော။