11. ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍ ပိုက်ကွန်ကို ကုန်းပေါ်သို့ဆွဲတင်ရာ ငါးကြီးတစ်ရာငါးဆယ့်သုံးကောင်နှင့်ပြည့်လျက်ရှိ၏။ ထိုမျှလောက်များသော်လည်း ပိုက်ကွန်သည်မစုတ်ပြဲခဲ့ပေ။
12. ယေရှုက “လာ၍နံနက်စာကိုစားကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ တပည့်တော်တို့သည် သခင်ဘုရားဖြစ်ကြောင်း သိကြသောကြောင့် မည်သူကမျှ “အရှင်သည်မည်သူနည်း”ဟု မမေးဝံ့ကြ။
13. ယေရှုသည်လာ၍ မုန့်ကိုယူပြီးလျှင် သူတို့အားပေးတော်မူ၏။ ငါးကိုလည်း ထိုနည်းတူပေးတော်မူ၏။
14. ဤသည်ကား ယေရှုသည် သေသောသူတို့ထဲမှ ထမြောက်တော်မူပြီးနောက် တပည့်တော်တို့အား တတိယအကြိမ် ကိုယ်ထင်ရှားပြတော်မူခြင်းဖြစ်၏။
15. ထိုသို့ နံနက်စာကို သူတို့စားကြပြီးသောအခါ ယေရှုက ရှိမုန်ပေတရုအား “ယောဟန်၏သားရှိမုန်၊ ဤသူတို့ငါ့ကိုချစ်သည်ထက် သင်သည် ငါ့ကိုပို၍ချစ်သလော”ဟု မေးတော်မူ၏။ ပေတရုက “ဟုတ်ပါ၏ သခင်ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း “ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့”ဟု မိန့်တော်မူ၏။
16. တစ်ဖန် “ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလော”ဟု ဒုတိယအကြိမ်မေးတော်မူ၏။ ပေတရုက “ဟုတ်ပါ၏ သခင်ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း “ငါ၏သိုးတို့ကို အုပ်ထိန်းလော့”ဟု မိန့်တော်မူ၏။
17. တတိယအကြိမ်၌ ကိုယ်တော်က “ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူ၏။ ကိုယ်တော်က တတိယအကြိမ်၌ “သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူသောကြောင့် ပေတရုသည် စိတ်မကောင်းဖြစ်၍ “သခင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ယေရှုကလည်း “ငါ၏သိုးတို့ကို ကျွေးမွေးလော့။