7. ယေရှုက “ဤရေအိုးများကို ရေဖြည့်ကြလော့”ဟု အစေခံတို့အား မိန့်တော်မူလျှင် သူတို့သည် အိုးနှုတ်ခမ်းအထိဖြည့်ကြ၏။
8. တစ်ဖန် “ယခုခပ်၍ ပွဲအုပ်ထံသို့ယူသွားကြလော့”ဟု မိန့်တော်မူသည့်အတိုင်း သူတို့သည်ယူသွားကြရာ
9. ပွဲအုပ်သည် စပျစ်ဝိုင်ဖြစ်သွားသော ထိုရေကိုမြည်းစမ်း၏။ ရေခပ်ခဲ့သောအစေခံတို့သည် ထိုစပျစ်ဝိုင်ကို အဘယ်ကရသည်ကိုသိကြသော်လည်း ပွဲအုပ်သည် မသိသဖြင့် သတို့သားကိုခေါ်၍
10. “လူတိုင်း ကောင်းသောစပျစ်ဝိုင်ကို ဦးစွာချပေးပြီး လူတို့ယစ်မူးကြသောအခါမှ အညံ့ကိုချပေးလေ့ရှိ၏။ သင်မူကား ကောင်းသောစပျစ်ဝိုင်ကို ယခုအထိ သိမ်းထားပြီတကား”ဟု ဆို၏။
11. ယေရှုသည် ဤပထမနိမိတ်လက္ခဏာကို ဂါလိလဲနယ်၊ ကာနမြို့၌ပြုလျက် မိမိ၏ဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
12. ထို့နောက် ကိုယ်တော်သည် မယ်တော်၊ ညီတော်များ၊ တပည့်တော်များနှင့်အတူ ကပေရနောင်မြို့သို့ကြွ၍ ထိုမြို့၌ ရက်အနည်းငယ်နေတော်မူ၏။
13. ဂျူးလူမျိုးတို့၏ပသခါပွဲတော်နီးကပ်လာပြီဖြစ်သဖြင့် ယေရှုသည် ဂျေရုဆလင်မြို့သို့ကြွတော်မူ၏။
14. ဗိမာန်တော်၌ သိုး၊ နွားနှင့် ချိုးငှက်များကိုရောင်းနေသောသူတို့မှစ၍ ငွေလဲပွဲစားများထိုင်နေသည်ကို တွေ့တော်မူရာ
15. ကိုယ်တော်သည် ကြိုးများဖြင့် ကျာပွတ်ကိုပြုလုပ်ပြီးလျှင် သိုး၊ နွားတို့နှင့်တကွ ထိုသူအပေါင်းတို့ကို ဗိမာန်တော်ထဲမှနှင်ထုတ်၍ ငွေကြေးလဲလှယ်သူတို့၏ဒင်္ဂါးများကိုသွန်ချကာ သူတို့၏စားပွဲများကိုမှောက်လှန်တော်မူ၏။
16. ချိုးငှက်များကိုရောင်းနေသောသူတို့အားလည်း “ဤဥစ္စာများကို ဤနေရာမှယူသွားကြလော့။ ငါ့ခမည်းတော်၏အိမ်တော်ကို ဈေးရုံမဖြစ်စေကြနှင့်”ဟု မိန့်တော်မူ၏။
17. တပည့်တော်တို့သည် “ကိုယ်တော်၏အိမ်တော်အတွက် ထက်သန်သောစိတ်သည် အကျွန်ုပ်ကိုလွှမ်းမိုးလျက်ရှိပါ၏”ဟု ကျမ်းစာ၌ရေးထားသည်ကို သတိရကြ၏။
18. ထိုအခါ ဂျူးလူမျိုးတို့က ကိုယ်တော်အား “သင်သည် ဤသို့ပြုခြင်းအတွက် မည်သည့်နိမိတ်လက္ခဏာကို ငါတို့အားပြမည်နည်း”ဟု ဆိုကြ၏။
19. ယေရှုကလည်း “ဤဗိမာန်တော်ကိုဖြိုဖျက်ကြလော့။ ငါသည် ၎င်းကို သုံးရက်အတွင်းတည်ဆောက်မည်”ဟု သူတို့အား ပြန်၍မိန့်တော်မူ၏။
20. ဂျူးလူမျိုးတို့ကလည်း “ဤဗိမာန်တော်ကိုတည်ဆောက်ရန် လေးဆယ့်ခြောက်နှစ်ကြာ၏။ သင်မူကား ၎င်းကို သုံးရက်အတွင်းတည်ဆောက်မည်လော”ဟု ဆိုကြ၏။
21. သို့ရာတွင် ယေရှုသည် မိမိကိုယ်ခန္ဓာတည်းဟူသောဗိမာန်တော်ကို ရည်ညွှန်း၍ မိန့်တော်မူခြင်းဖြစ်၏။
22. ထို့ကြောင့် ယေရှုသည် သေသောသူတို့ထဲမှ ထမြောက်တော်မူသောအခါ တပည့်တော်တို့သည် ကိုယ်တော်မိန့်တော်မူခဲ့သောဤစကားကို ပြန်လည်သတိရကာ ကျမ်းစာနှင့် ယေရှုမိန့်တော်မူသောစကားကို ယုံကြည်ကြ၏။