23. ထိုနေ့၌ သင်တို့သည် မည်သည့်အရာကိုမျှ ငါ့အားမေးမြန်းကြလိမ့်မည်မဟုတ်။ သင်တို့အား ငါအမှန်အကန်ဆိုမည်။ သင်တို့သည် တစ်စုံတစ်ခုကို ငါ၏နာမ၌ ခမည်းတော်ထံ တောင်းလျှောက်ကြလျှင် ခမည်းတော်သည်ပေးတော်မူမည်။
24. သင်တို့သည် ယခုတိုင်အောင် ငါ့နာမ၌ မည်သည့်အရာကိုမျှ မတောင်းကြသေး။ သင်တို့၏ဝမ်းမြောက်ခြင်းပြည့်ဝစုံလင်စေရန် တောင်းကြလော့။ တောင်းလျှင်ရကြလိမ့်မည်။
25. ဤအရာများကို ပုံဥပမာအားဖြင့် သင်တို့အား ငါဟောပြောခဲ့သော်လည်း ပုံဥပမာအားဖြင့် မဟောပြောတော့ဘဲ ခမည်းတော်၏အကြောင်းကို သင်တို့အား အတိအလင်းငါဖော်ပြမည့်အချိန်ကာလရောက်လာတော့မည်။
26. ထိုနေ့တွင် သင်တို့သည် ငါ့နာမ၌ တောင်းလျှောက်ကြလိမ့်မည်။ သင်တို့အတွက် ခမည်းတော်ထံ ငါတောင်းပေးမည်ဟု ငါမဆိုပေ။
27. အကြောင်းမူကား သင်တို့သည် ငါ့ကိုချစ်၍ ငါသည် ဘုရားသခင်ထံမှကြွလာသည်ကို ယုံကြည်ကြသောကြောင့် ခမည်းတော်ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏။
28. ငါသည် ခမည်းတော်ထံမှ ကြွလာ၍ ဤလောကသို့ ရောက်ခဲ့၏။ တစ်ဖန် ဤလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ သွားတော့မည်”ဟု မိန့်တော်မူ၏။
29. တပည့်တော်တို့က “ယခု ကိုယ်တော်သည် ပုံဥပမာကိုမဆောင်တော့ဘဲ အတိအလင်းမြွက်ဆိုတော်မူ၏။
30. ကိုယ်တော်သည် အလုံးစုံတို့ကို သိမြင်တော်မူ၍ မည်သူမျှ ကိုယ်တော်ကို မေးလျှောက်စရာမလိုကြောင်း ယခု အကျွန်ုပ်တို့သိကြပါပြီ။ ဤအကြောင်းကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်ထံမှကြွလာတော်မူသည်ကို အကျွန်ုပ်တို့ယုံကြည်ကြပါ၏”ဟု လျှောက်ကြ၏။
31. ယေရှုကလည်း “ယခု သင်တို့ယုံကြည်ကြသလော။
32. ကြည့်ရှုလော့။ သင်တို့သည် တစ်ကွဲတစ်ပြားစီဖြစ်လျက် မိမိတို့အိမ်သို့ အသီးသီးပြန်သွားကြကာ ငါ့ကို တစ်ကိုယ်တည်းပစ်ထားမည့်အချိန်ရောက်လာမည်ဖြစ်ရာ ယခုပင်ရောက်လာလေပြီ။ သို့ရာတွင် ခမည်းတော်သည် ငါနှင့်အတူရှိတော်မူသောကြောင့် ငါသည် တစ်ကိုယ်တည်းမဟုတ်။
33. သင်တို့သည် ငါ့အားဖြင့် ငြိမ်သက်ခြင်းရှိကြစေရန် ဤအရာများကို သင်တို့အား ငါဟောပြောပြီ။ သင်တို့သည် ဤလောက၌ ဆင်းရဲဒုက္ခနှင့်ကြုံတွေ့ရကြလိမ့်မည်။ သို့သော် မစိုးရိမ်ကြနှင့်။ ငါသည် ဤလောကကိုအောင်နိုင်ပြီ”ဟု ပြန်၍မိန့်တော်မူ၏။