ဓမ္မသစ်ကျမ်း

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 16:15-28 Myanmar Standard Bible (MSB)

15. ခ​မည်း​တော်​၌​ရှိ​သော​အ​ရာ​အား​လုံး​တို့​သည် ငါ​နှင့်​ဆိုင်​သော​အ​ရာ​ဖြစ်​၏။ ထို့​ကြောင့် ဝိ​ညာဉ်​တော်​သည် ငါ​နှင့်​ဆိုင်​သော​အ​ရာ​ကို​ယူ​၍ သင်​တို့​အား​ဖော်​ပြ​မည်​ဟု ငါ​ဆို​ခဲ့​၏။

16. ခ​ဏ​ကြာ​လျှင် သင်​တို့​သည် ငါ့​ကို​မြင်​ကြ​ရ​တော့​မည်​မ​ဟုတ်။ သို့​ရာ​တွင် နောက်​ထပ် ခ​ဏ​ကြာ​လျှင် ငါ့​ကို​ပြန်​တွေ့​မြင်​ကြ​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

17. ထို​အ​ခါ တ​ပည့်​တော်​အ​ချို့​တို့​သည် “‘ခ​ဏ​ကြာ​လျှင် သင်​တို့​သည် ငါ့​ကို​မြင်​ကြ​ရ​မည်​မ​ဟုတ်။ သို့​ရာ​တွင် နောက်​ထပ် ခ​ဏ​ကြာ​လျှင် ငါ့​ကို​ပြန်​တွေ့​မြင်​ကြ​ရ​လိမ့်​မည်’​ဟူ​၍​လည်း​ကောင်း၊ ‘ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား​တော့​မည်’​ဟူ​၍​လည်း​ကောင်း ငါ​တို့​အား မိန့်​တော်​မူ​သော​ဤ​စ​ကား​မှာ မည်​သို့​နည်း”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

18. တစ်​ဖန် သူ​တို့​က “‘ခ​ဏ​ကြာ​လျှင်’​ဟူ​၍ မိန့်​တော်​မူ​သော​ဤ​စ​ကား​မှာ မည်​သို့​နည်း။ ကိုယ်​တော်​မိန့်​တော်​မူ​သော​အ​ရာ​ကို ငါ​တို့​နား​မ​လည်​ကြ”​ဟု ပြော​ဆို​ကြ​၏။

19. ယေ​ရှု​သည် မိ​မိ​အား တ​ပည့်​တော်​တို့​မေး​လျှောက်​လို​ကြ​သည်​ကို သိ​မြင်​တော်​မူ​လျှင် “‘ခ​ဏ​ကြာ​လျှင် သင်​တို့​သည် ငါ့​ကို​မြင်​ကြ​ရ​မည်​မ​ဟုတ်။ သို့​ရာ​တွင် နောက်​ထပ် ခ​ဏ​ကြာ​လျှင် ငါ့​ကို​ပြန်​တွေ့​မြင်​ကြ​ရ​လိမ့်​မည်’​ဟု ငါ​ပြော​သော​စ​ကား​နှင့်​ပတ်​သက်​၍ အ​ချင်း​ချင်း​မေး​မြန်း​ပြော​ဆို​နေ​ကြ​သ​လော။

20. သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ သင်​တို့​သည် ငို​ကြွေး​လျက်​မြည်​တမ်း​ကြ​လိမ့်​မည်။ ဤ​လော​က​မူ​ကား ဝမ်း​မြောက်​လိမ့်​မည်။ သင်​တို့​သည် ဝမ်း​နည်း​ကြ​သော်​လည်း သင်​တို့​၏​ဝမ်း​နည်း​ခြင်း​သည် ဝမ်း​မြောက်​ခြင်း​ဖြစ်​သွား​လိမ့်​မည်။

21. အ​မျိုး​သ​မီး​တစ်​ဦး​သည် သား​ဖွား​သော​အ​ခါ မွေး​ဖွား​ချိန်​ရောက်​လာ​သော​ကြောင့် ပူ​ဆွေး​ခြင်း​ရှိ​တတ်​၏။ သို့​ရာ​တွင် က​လေး​မွေး​ဖွား​ပြီး​သော​အ​ခါ ဤ​လော​က​တွင် လူ​တစ်​ယောက်​ဖွား​မြင်​သည့်​အ​တွက် ဝမ်း​မြောက်​ခြင်း​ရှိ​သ​ဖြင့် ခံ​စား​ခဲ့​ရ​သော​ဒုက္ခ​ဝေ​ဒ​နာ​ကို သ​တိ​မ​ရ​တော့​ပေ။

22. ထို့​အ​တူ သင်​တို့​သည် ယ​ခု​ဝမ်း​နည်း​ခြင်း​ရှိ​ကြ​သော်​လည်း ငါ​သည် သင်​တို့​နှင့် တစ်​ဖန် ပြန်​တွေ့​မည်​ဖြစ်​သော​ကြောင့် သင်​တို့​၏​စိတ်​နှ​လုံး​သည် ဝမ်း​မြောက်​ခြင်း​ဖြင့် ပြည့်​စုံ​ကြ​လိမ့်​မည်။ ထို​ဝမ်း​မြောက်​ခြင်း​ကို မည်​သူ​မျှ သင်​တို့​ထံ​မှ မ​နုတ်​ယူ​နိုင်​ရာ။

23. ထို​နေ့​၌ သင်​တို့​သည် မည်​သည့်​အ​ရာ​ကို​မျှ ငါ့​အား​မေး​မြန်း​ကြ​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ သင်​တို့​သည် တစ်​စုံ​တစ်​ခု​ကို ငါ​၏​နာ​မ​၌ ခ​မည်း​တော်​ထံ တောင်း​လျှောက်​ကြ​လျှင် ခ​မည်း​တော်​သည်​ပေး​တော်​မူ​မည်။

24. သင်​တို့​သည် ယ​ခု​တိုင်​အောင် ငါ့​နာ​မ​၌ မည်​သည့်​အ​ရာ​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​၏​ဝမ်း​မြောက်​ခြင်း​ပြည့်​ဝ​စုံ​လင်​စေ​ရန် တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​ကြ​လိမ့်​မည်။

25. ဤ​အ​ရာ​များ​ကို ပုံ​ဥ​ပ​မာ​အား​ဖြင့် သင်​တို့​အား ငါ​ဟော​ပြော​ခဲ့​သော်​လည်း ပုံ​ဥ​ပ​မာ​အား​ဖြင့် မ​ဟော​ပြော​တော့​ဘဲ ခ​မည်း​တော်​၏​အ​ကြောင်း​ကို သင်​တို့​အား အ​တိ​အ​လင်း​ငါ​ဖော်​ပြ​မည့်​အ​ချိန်​ကာ​လ​ရောက်​လာ​တော့​မည်။

26. ထို​နေ့​တွင် သင်​တို့​သည် ငါ့​နာ​မ​၌ တောင်း​လျှောက်​ကြ​လိမ့်​မည်။ သင်​တို့​အ​တွက် ခ​မည်း​တော်​ထံ ငါ​တောင်း​ပေး​မည်​ဟု ငါ​မ​ဆို​ပေ။

27. အ​ကြောင်း​မူ​ကား သင်​တို့​သည် ငါ့​ကို​ချစ်​၍ ငါ​သည် ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​သည်​ကို ယုံ​ကြည်​ကြ​သော​ကြောင့် ခ​မည်း​တော်​ကိုယ်​တော်​တိုင် သင်​တို့​ကို​ချစ်​တော်​မူ​၏။

28. ငါ​သည် ခ​မည်း​တော်​ထံ​မှ ကြွ​လာ​၍ ဤ​လော​က​သို့ ရောက်​ခဲ့​၏။ တစ်​ဖန် ဤ​လော​က​မှ ထွက်​ခွာ​၍ ခ​မည်း​တော်​ထံ​သို့ သွား​တော့​မည်”​ဟု မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 16