15. ခမည်းတော်၌ရှိသောအရာအားလုံးတို့သည် ငါနှင့်ဆိုင်သောအရာဖြစ်၏။ ထို့ကြောင့် ဝိညာဉ်တော်သည် ငါနှင့်ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြမည်ဟု ငါဆိုခဲ့၏။
16. ခဏကြာလျှင် သင်တို့သည် ငါ့ကိုမြင်ကြရတော့မည်မဟုတ်။ သို့ရာတွင် နောက်ထပ် ခဏကြာလျှင် ငါ့ကိုပြန်တွေ့မြင်ကြရလိမ့်မည်”ဟု မိန့်တော်မူ၏။
17. ထိုအခါ တပည့်တော်အချို့တို့သည် “‘ခဏကြာလျှင် သင်တို့သည် ငါ့ကိုမြင်ကြရမည်မဟုတ်။ သို့ရာတွင် နောက်ထပ် ခဏကြာလျှင် ငါ့ကိုပြန်တွေ့မြင်ကြရလိမ့်မည်’ဟူ၍လည်းကောင်း၊ ‘ငါသည် ခမည်းတော်ထံသို့ သွားတော့မည်’ဟူ၍လည်းကောင်း ငါတို့အား မိန့်တော်မူသောဤစကားမှာ မည်သို့နည်း”ဟု အချင်းချင်းပြောဆိုကြ၏။
18. တစ်ဖန် သူတို့က “‘ခဏကြာလျှင်’ဟူ၍ မိန့်တော်မူသောဤစကားမှာ မည်သို့နည်း။ ကိုယ်တော်မိန့်တော်မူသောအရာကို ငါတို့နားမလည်ကြ”ဟု ပြောဆိုကြ၏။
19. ယေရှုသည် မိမိအား တပည့်တော်တို့မေးလျှောက်လိုကြသည်ကို သိမြင်တော်မူလျှင် “‘ခဏကြာလျှင် သင်တို့သည် ငါ့ကိုမြင်ကြရမည်မဟုတ်။ သို့ရာတွင် နောက်ထပ် ခဏကြာလျှင် ငါ့ကိုပြန်တွေ့မြင်ကြရလိမ့်မည်’ဟု ငါပြောသောစကားနှင့်ပတ်သက်၍ အချင်းချင်းမေးမြန်းပြောဆိုနေကြသလော။
20. သင်တို့အား ငါအမှန်အကန်ဆိုမည်။ သင်တို့သည် ငိုကြွေးလျက်မြည်တမ်းကြလိမ့်မည်။ ဤလောကမူကား ဝမ်းမြောက်လိမ့်မည်။ သင်တို့သည် ဝမ်းနည်းကြသော်လည်း သင်တို့၏ဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းဖြစ်သွားလိမ့်မည်။
21. အမျိုးသမီးတစ်ဦးသည် သားဖွားသောအခါ မွေးဖွားချိန်ရောက်လာသောကြောင့် ပူဆွေးခြင်းရှိတတ်၏။ သို့ရာတွင် ကလေးမွေးဖွားပြီးသောအခါ ဤလောကတွင် လူတစ်ယောက်ဖွားမြင်သည့်အတွက် ဝမ်းမြောက်ခြင်းရှိသဖြင့် ခံစားခဲ့ရသောဒုက္ခဝေဒနာကို သတိမရတော့ပေ။
22. ထို့အတူ သင်တို့သည် ယခုဝမ်းနည်းခြင်းရှိကြသော်လည်း ငါသည် သင်တို့နှင့် တစ်ဖန် ပြန်တွေ့မည်ဖြစ်သောကြောင့် သင်တို့၏စိတ်နှလုံးသည် ဝမ်းမြောက်ခြင်းဖြင့် ပြည့်စုံကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို မည်သူမျှ သင်တို့ထံမှ မနုတ်ယူနိုင်ရာ။
23. ထိုနေ့၌ သင်တို့သည် မည်သည့်အရာကိုမျှ ငါ့အားမေးမြန်းကြလိမ့်မည်မဟုတ်။ သင်တို့အား ငါအမှန်အကန်ဆိုမည်။ သင်တို့သည် တစ်စုံတစ်ခုကို ငါ၏နာမ၌ ခမည်းတော်ထံ တောင်းလျှောက်ကြလျှင် ခမည်းတော်သည်ပေးတော်မူမည်။
24. သင်တို့သည် ယခုတိုင်အောင် ငါ့နာမ၌ မည်သည့်အရာကိုမျှ မတောင်းကြသေး။ သင်တို့၏ဝမ်းမြောက်ခြင်းပြည့်ဝစုံလင်စေရန် တောင်းကြလော့။ တောင်းလျှင်ရကြလိမ့်မည်။
25. ဤအရာများကို ပုံဥပမာအားဖြင့် သင်တို့အား ငါဟောပြောခဲ့သော်လည်း ပုံဥပမာအားဖြင့် မဟောပြောတော့ဘဲ ခမည်းတော်၏အကြောင်းကို သင်တို့အား အတိအလင်းငါဖော်ပြမည့်အချိန်ကာလရောက်လာတော့မည်။
26. ထိုနေ့တွင် သင်တို့သည် ငါ့နာမ၌ တောင်းလျှောက်ကြလိမ့်မည်။ သင်တို့အတွက် ခမည်းတော်ထံ ငါတောင်းပေးမည်ဟု ငါမဆိုပေ။
27. အကြောင်းမူကား သင်တို့သည် ငါ့ကိုချစ်၍ ငါသည် ဘုရားသခင်ထံမှကြွလာသည်ကို ယုံကြည်ကြသောကြောင့် ခမည်းတော်ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏။