ဓမ္မသစ်ကျမ်း

ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 1:11-25 Myanmar Standard Bible (MSB)

11. နေ​သည် အ​ပူ​ရှိန်​နှင့်​တ​ကွ​ထွက်​လာ​သော​အ​ခါ မြက်​ပင်​ကို ညှိုး​နွမ်း​ခြောက်​သွေ့​စေ​တတ်​၏။ ထို​အ​ခါ မြက်​ပွင့်​သည်​ကြွေ​၍ ၎င်း​၏​တင့်​တယ်​သော​အ​ဆင်း​သည်​ပျက်​စီး​သွား​၏။ ထို​နည်း​တူ ချမ်း​သာ​သော​သူ​သည်​လည်း မိ​မိ​၏​စီး​ပွား​ရှာ​ဖွေ​မှု​အ​လယ်​၌​ပင် မှေး​မှိန်​ကွယ်​ပျောက်​သွား​လိမ့်​မည်။

12. စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​သည်း​ခံ​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။ အ​ကြောင်း​မူ​ကား စုံ​စမ်း​စစ်​ဆေး​ခြင်း​ကို​အောင်​မြင်​သော​အ​ခါ ကိုယ်​တော်​ကို​ချစ်​သော​သူ​တို့​အား က​တိ​ထား​တော်​မူ​သော အ​သက်​သ​ရ​ဖူ​ကို ရ​လိမ့်​မည်။

13. ဖြား​ယောင်း​သွေး​ဆောင်​ခြင်း​ကို​ခံ​ရ​သည့်​အ​ခါ “ဘု​ရား​သ​ခင်​သည် ငါ့​ကို​ဖြား​ယောင်း​သွေး​ဆောင်​သည်”​ဟု မည်​သူ​မျှ မ​ပြော​နှင့်။ အ​ကြောင်း​မူ​ကား မ​ကောင်း​မှု​သည် ဘု​ရား​သ​ခင်​ကို မ​သွေး​ဆောင်​နိုင်​ရာ။ ကိုယ်​တော်​သည်​လည်း မည်​သူ့​ကို​မျှ ဖြား​ယောင်း​သွေး​ဆောင်​တော်​မ​မူ။

14. လူ​သည် မိ​မိ​တပ်​မက်​ခြင်း​၏​ဆွဲ​ငင်​ရာ​သို့​လိုက်​ပါ​လျက် လှည့်​ဖြား​ဆွဲ​ဆောင်​ခြင်း​ခံ​ရ​ကာ ဖြား​ယောင်း​သွေး​ဆောင်​ရာ​သို့ ရောက်​တတ်​၏။

15. ထို​အ​ခါ တပ်​မက်​ခြင်း​သည် သန္ဓေ​တည်​၍ အ​ပြစ်​ကို​ဖွား​မြင်​ပြီး အ​ပြစ်​သည် ကြီး​ပြင်း​ရင့်​မာ​သော​အ​ခါ သေ​ခြင်း​ကို​ဖြစ်​ပွား​စေ​၏။

16. ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ အ​ယူ​မ​လွဲ​ကြ​နှင့်။

17. ကောင်း​မြတ်​သော​လက်​ဆောင်​ရှိ​သ​မျှ​နှင့် စုံ​လင်​သော​ဆု​ကျေး​ဇူး​ရှိ​သ​မျှ​တို့​သည် အ​ထက်​အ​ရပ်​မှ​လာ​၍ အ​လင်း​တို့​၏​အ​ဖ​ထံ​တော်​မှ​ဆင်း​သက်​၏။ ထို​အ​ဖ​ထံ​တော်​၌ ပြောင်း​လဲ​ခြင်း သို့​မ​ဟုတ် ရွေ့​လျား​တတ်​သည့်​အ​ရိပ်​ဟူ​၍​မ​ရှိ။

18. ကိုယ်​တော်​သည် မိ​မိ​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​တို့​တွင် ငါ​တို့​ကို အ​သီး​ဦး​သ​ဖွယ်​ဖြစ်​စေ​ရန် အ​လို​တော်​ရှိ​သည့်​အ​တိုင်း သမ္မာ​တ​ရား​၏​နှုတ်​က​ပတ်​တော်​အား​ဖြင့် ငါ​တို့​ကို​ဖြစ်​ပွား​စေ​တော်​မူ​၏။

19. ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ ဤ​အ​ချက်​ကို သိ​မှတ်​ကြ​လော့။ လူ​တိုင်း​သည် ကြား​နာ​ခြင်း​အ​ရာ​၌ လျင်​မြန်​၍ စ​ကား​ပြော​ခြင်း​နှင့်​အ​မျက်​ထွက်​ခြင်း​အ​ရာ​တို့​၌ နှေး​ကွေး​ကြ​စေ။

20. အ​ကြောင်း​မူ​ကား လူ​၏​အ​မျက်​ဒေါ​သ​သည် ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​ဖြစ်​ထွန်း​စေ​နိုင်​ပေ။

21. ထို့​ကြောင့် ညစ်​ညူး​ခြင်း​ရှိ​သ​မျှ​နှင့် ပြည့်​လျှံ​ကဲ​လွန်​သော​မ​ကောင်း​မှု​တို့​ကို ဖယ်​ရှား​၍ သင်​တို့​အ​ထဲ​၌ ထည့်​သွင်း​ထား​သော​နှုတ်​က​ပတ်​တော်​ကို နူး​ညံ့​သိမ်​မွေ့​သော​စိတ်​ဖြင့်​ခံ​ယူ​ကြ​လော့။ ထို​နှုတ်​က​ပတ်​တော်​သည် သင်​တို့​၏​စိတ်​ဝိ​ညာဉ်​ကို ကယ်​တင်​နိုင်​၏။

22. နှုတ်​က​ပတ်​တော်​ကို လိုက်​နာ​ကျင့်​သုံး​သော​သူ​များ​ဖြစ်​ကြ​လော့။ မိ​မိ​တို့​ကိုယ်​ကို​လှည့်​စား​၍ ကြား​နာ​သူ​သက်​သက်​မ​ဖြစ်​ကြ​နှင့်။

23. မည်​သူ​မ​ဆို နှုတ်​က​ပတ်​တော်​ကို ကြား​နာ​သော်​လည်း လိုက်​နာ​ကျင့်​သုံး​ခြင်း​မ​ရှိ​လျှင် ထို​သူ​သည် မိ​မိ​၏​ပ​က​တိ​မျက်​နှာ​ကို မှန်​ထဲ​၌​ကြည့်​သော​သူ​နှင့်​တူ​၏။

24. အ​ကြောင်း​မူ​ကား သူ​သည် မိ​မိ​ကိုယ်​ကို​ကြည့်​ပြီး ထွက်​ခွာ​သွား​သည်​နှင့် မိ​မိ​သည် မည်​သည့်​ပုံ​သဏ္ဌာန်​ရှိ​သည်​ကို ချက်​ချင်း​မေ့​လျော့​သွား​တတ်​၏။

25. သို့​သော် လွတ်​လပ်​ခြင်း​နှင့်​ဆိုင်​သော​စုံ​လင်​သည့်​တ​ရား​တော်​ကို သေ​ချာ​စွာ​ကြည့်​ရှု​လျက် စောင့်​ထိန်း​သော​သူ​သည် ကြား​နာ​၍​မေ့​လျော့​တတ်​သူ​မ​ဟုတ်​ဘဲ လက်​တွေ့​လိုက်​နာ​ကျင့်​သုံး​သော​သူ​ဖြစ်​၏။ ထို​သူ​သည် မိ​မိ​ပြု​သော​အ​မှု​၌ ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​ရ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 1