အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

ဓမ္မသစ်ကျမ်း

ရော​မ​ဩ​ဝါ​ဒ​စာ 1 Myanmar Standard Bible (MSB)

ဘု​ရား​သ​ခင်​၏​ကောင်း​မြတ်​သော​သ​တင်း

1. ဘု​ရား​သ​ခင်​၏​ကောင်း​မြတ်​သော​သ​တင်း​အ​တွက် သီး​သန့်​ရွေး​ချယ်​ထား​ခြင်း​ခံ​ရ​၍ တ​မန်​တော်​အ​ဖြစ်​ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော ခ​ရစ်​တော်​ယေ​ရှု​၏​အ​စေ​အ​ပါး​ငါ​ပေါ​လု​သည် စာ​ရေး​လိုက်​ပါ​၏။

2. ဤ​ကောင်း​မြတ်​သော​သ​တင်း​သည် မိ​မိ​၏​ပ​ရော​ဖက်​များ​အား​ဖြင့် သန့်​ရှင်း​သော​ကျမ်း​စာ​၌ ရှေး​မ​ဆွ​က​ပင် ဘု​ရား​သ​ခင်​က​တိ​ပေး​ထား​တော်​မူ​သော​အ​ရာ​ဖြစ်​ပြီး

3. ဘု​ရား​သ​ခင်​၏​သား​တော်​အ​ကြောင်း​ဖြစ်​၏။ သား​တော်​သည် လူ​သား​အ​နေ​ဖြင့် ဒါ​ဝိဒ်​၏​အ​မျိုး​အ​နွယ်​မှ ပေါ်​ထွန်း​တော်​မူ​၍

4. မြင့်​မြတ်​သန့်​ရှင်း​ခြင်း​၏​ဝိ​ညာဉ်​တော်​အ​နေ​ဖြင့်​ဆို​လျှင် သေ​သော​သူ​တို့​ထဲ​မှ ရှင်​ပြန်​ထ​မြောက်​ခြင်း​ဖြင့် တန်​ခိုး​နှင့်​တ​ကွ ဘု​ရား​သ​ခင်​၏​သား​တော်​အ​ရာ​၌ ခန့်​အပ်​ထား​ခြင်း​ခံ​ရ​သော ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ဖြစ်​၏။

5. ထို​သ​ခင်​၏​နာ​မ​တော်​အ​တွက် လူ​မျိုး​အ​ပေါင်း​တို့​ထဲ​တွင် ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော​နာ​ခံ​မှု​ရှိ​စေ​ရန် ကျေး​ဇူး​တော်​ကို​လည်း​ကောင်း၊ တ​မန်​တော်​ဖြစ်​ခြင်း​အ​ခွင့်​ကို​လည်း​ကောင်း ကိုယ်​တော်​အား​ဖြင့် ငါ​တို့​ရ​ရှိ​ကြ​၏။

6. သင်​တို့​သည်​လည်း ထို​လူ​မျိုး​တို့​ထဲ​တွင်​ပါ​ဝင်​၍ ယေ​ရှု​ခ​ရစ်​တော်​နှင့်​သက်​ဆိုင်​မည့်​အ​ကြောင်း ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သူ​များ​ဖြစ်​ကြ​၏။

7. ထို​သို့ ဘု​ရား​သ​ခင်​ချစ်​တော်​မူ​၍ သန့်​ရှင်း​သူ​များ​အ​ဖြစ်​ခေါ်​ယူ​တော်​မူ​သော ရော​မ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ထံ​သို့ ဤ​စာ​ကို ငါ​ရေး​လိုက်​ပါ​၏။ ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ထံ​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါ​စေ​သော။

ရော​မ​မြို့​သို့​သွား​လို​သော​ဆန္ဒ​ကို​ဖော်​ပြ​ခြင်း

8. သင်​တို့​၏​ယုံ​ကြည်​ခြင်း​သည် ကမ္ဘာ​တစ်​ဝန်း​လုံး​တွင် ကျော်​ကြား​လျက်​ရှိ​သည်​ဖြစ်​၍ ငါ​သည် သင်​တို့​အား​လုံး​အ​တွက် ငါ​၏​ဘု​ရား​သ​ခင်​ကို ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ပ​ထ​မ​ဦး​စွာ​ကျေး​ဇူး​တင်​၏။

9-10. ငါ​သည်​ဆု​တောင်း​သော​အ​ခါ သင်​တို့​ကို​အ​မြဲ​မ​ပြတ်​သ​တိ​ရ​လျက် ဘု​ရား​သ​ခင်​၏​အ​လို​တော်​ရှိ​လျှင် တစ်​ချိန်​ချိန်​တွင် တစ်​နည်း​နည်း​ဖြင့် သင်​တို့​ထံ​သို့​လာ​ရ​သော​အ​ခွင့်​ရှိ​ပါ​မည်​အ​ကြောင်း အ​စဉ်​တောင်း​လျှောက်​နေ​၏။ ဤ​အ​ကြောင်း​အ​ရာ​နှင့်​ပတ်​သက်​၍ ငါ့​အ​တွက်​သက်​သေ​ခံ​ပေး​သော​သူ​မှာ သား​တော်​၏​ကောင်း​မြတ်​သော​သ​တင်း​ကို ငါ​ဟော​ပြော​လျက် ငါ​၏​ဝိ​ညာဉ်​အား​ဖြင့် ဝတ်​ပြု​သော​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​၏။

11. သင်​တို့​ကို ငါ​အ​လွန်​တွေ့​မြင်​လို​သည်​မှာ သင်​တို့​အား ဝိ​ညာဉ်​ဆု​ကျေး​ဇူး​အ​ချို့​ကို​ဝေ​မျှ​ပေး​၍ သင်​တို့​ကို​ခိုင်​ခံ့​မြဲ​မြံ​စေ​ရန်​ဖြစ်​၏။

12. ထို​သို့​ဆို​သော် သင်​တို့​နှင့်​အ​တူ​ရှိ​စဉ် ငါ​နှင့်​သင်​တို့​နှစ်​ဦး​နှစ်​ဖက်​၏​ယုံ​ကြည်​ခြင်း​အား​ဖြင့် နှစ်​သိမ့်​မှု​ကို အ​တူ​တ​ကွ​ခံ​စား​နိုင်​ရန်​ဖြစ်​၏။

13. ညီ​အစ်​ကို​တို့၊ ငါ​သည် အ​ခြား​သော​လူ​မျိုး​ခြား​တို့​တွင် အ​သီး​အ​ပွင့်​ရ​ရှိ​သ​ကဲ့​သို့ သင်​တို့​တွင်​လည်း အ​သီး​အ​ပွင့်​တစ်​စုံ​တစ်​ခု​ရ​ရှိ​ရန် သင်​တို့​ထံ​သို့​လာ​မည်​ဟု အ​ကြိမ်​ကြိမ်​စီ​စဉ်​ခဲ့​သော်​လည်း ယ​ခု​တိုင်​အောင် တား​ဆီး​ခြင်း​ခံ​ရ​ကြောင်း​ကို သင်​တို့​မ​သိ​ဘဲ​မ​နေ​စေ​လို​ပါ။

14. ငါ​သည် ဂ​ရိ​လူ​မျိုး​နှင့်​လူ​ရိုင်း​တို့​အ​ပေါ်​၌​ဖြစ်​စေ၊ ပ​ညာ​ရှိ​နှင့်​ပ​ညာ​မဲ့​တို့​အ​ပေါ်​၌​ဖြစ်​စေ အ​ကြွေး​တင်​သူ​ဖြစ်​၏။

15. ထို့​ကြောင့် ငါ့​အ​နေ​ဖြင့် ရော​မ​မြို့​၌​ရှိ​သော သင်​တို့​အား​လည်း ဤ​ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​ရန် စိတ်​အား​ထက်​သန်​လျက်​ရှိ​၏။

ကောင်း​မြတ်​သော​သ​တင်း​၏​တန်​ခိုး

16. ငါ​သည် ကောင်း​မြတ်​သော​သ​တင်း​အ​တွက် ရှက်​ကြောက်​ခြင်း​မ​ရှိ။ အ​ကြောင်း​မူ​ကား ဤ​သ​တင်း​သည် ဦး​စွာ​ဂျူး​လူ​မျိုး ထို့​နောက် ဂ​ရိ​လူ​မျိုး​အ​ပါ​အ​ဝင် ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​အား ကယ်​တင်​ခြင်း​ရ​ရှိ​စေ​သော ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​ဖြစ်​၏။

17. အ​ဘယ်​ကြောင့်​ဆို​သော် “ဖြောင့်​မတ်​သော​သူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း ယုံ​ကြည်​ခြင်း​အ​ပေါ်​အ​ခြေ​ခံ​လျက် ယုံ​ကြည်​ခြင်း​သို့​ပို့​ဆောင်​သည့်​ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​ခြင်း​တ​ရား​သည် ဤ​ကောင်း​မြတ်​သော​သ​တင်း​၌​ထင်​ရှား​လျက်​ရှိ​၏။

လော​ကီ​သား​တို့​၏​အ​ပြစ်

18. ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​သည် ကောင်း​ကင်​မှ​ထင်​ရှား​လျက် သမ္မာ​တ​ရား​ကို မ​တ​ရား​မှု​ဖြင့်​တား​ဆီး​ပိတ်​ပင်​သော​သူ​တို့​၏ ဘု​ရား​တ​ရား​မဲ့​ခြင်း​နှင့်​မ​တ​ရား​မှု​အ​လုံး​စုံ​တို့​အ​ပေါ်​သို့ သက်​ရောက်​၏။

19. အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​သည် မိ​မိ​နှင့်​ပတ်​သက်​၍ သိ​အပ်​သော​အ​ရာ​တို့​ကို သူ​တို့​အား​ထင်​ရှား​စေ​တော်​မူ​ပြီ​ဖြစ်​၍ ထို​အ​ရာ​တို့​သည် သူ​တို့​၌ ထင်​ရှား​လျက်​ရှိ​၏။

20. တစ်​နည်း​အား​ဖြင့် ကမ္ဘာ​လော​က​ကို​ဖန်​ဆင်း​တော်​မူ​ချိန်​မှ​စ​၍ ဘု​ရား​သ​ခင်​၏​မ​မြင်​ရ​သော​ဂုဏ်​အင်္ဂါ​များ​တည်း​ဟူ​သော ကိုယ်​တော်​၏​ထာ​ဝ​ရ​တန်​ခိုး​တော်​နှင့် ဘု​ရား​ဖြစ်​တော်​မူ​ခြင်း​တို့​သည် ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​များ​အား​ဖြင့် ရှင်း​လင်း​စွာ​သိ​နိုင်​သည်​ဖြစ်​၍ သူ​တို့​သည် ဆင်​ခြေ​ပေး​၍​မ​ရ​နိုင်​ကြ။

21. အ​ကြောင်း​မူ​ကား သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​သိ​လျက်​နှင့်​ပင် ဘု​ရား​အ​ဖြစ်​ဘုန်း​တော်​ကို​မ​ချီး​မွမ်း၊ ကျေး​ဇူး​လည်း​မ​တင်​ကြ​ပေ။ သူ​တို့​၏​တွေး​တော​ဆင်​ခြင်​မှု​များ​သည် အ​ချည်း​နှီး​ဖြစ်​သွား​၍ သူ​တို့​၏​အ​သိ​တ​ရား​ကင်း​မဲ့​သော​စိတ်​နှ​လုံး​ကို​လည်း အ​မှောင်​ဖုံး​လွှမ်း​လေ​၏။

22. သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​ပ​ညာ​ရှိ​များ​ဖြစ်​သည်​ဟု​ဆို​လျက်​နှင့် မိုက်​မဲ​သော​သူ​များ​ဖြစ်​လာ​ကြ​ပြီး

23. ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့်​ကင်း​သော ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ဖောက်​ပြန်​ပျက်​စီး​တတ်​သော လူ၊ ကျေး​ငှက်၊ ခြေ​လေး​ချောင်း​သတ္တ​ဝါ​နှင့် တွား​သွား​သတ္တ​ဝါ​တို့​၏​သဏ္ဌာန်​နှင့်​တူ​သော ရုပ်​တု​ဖြင့် လဲ​လှယ်​ကြ​၏။

24. ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် သူ​တို့​အ​ချင်း​ချင်း မိ​မိ​တို့​ကိုယ်​ခန္ဓာ​အ​သ​ရေ​ကို​ဖျက်​ဆီး​စေ​ရန် သူ​တို့​ကို မိ​မိ​တို့​စိတ်​နှ​လုံး​တပ်​မက်​သည့်​အ​တိုင်း ညစ်​ညူး​ခြင်း​လက်​သို့ အပ်​လိုက်​လေ​၏။

25. သူ​တို့​သည် ဘု​ရား​သ​ခင်​၏​သမ္မာ​တ​ရား​ကို မု​သား​နှင့်​လဲ​လှယ်​၍ ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​အ​စား ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​ကို ကိုး​ကွယ်​ဝတ်​ပြု​ကြ​၏။ ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​သည် ကာ​လ​အ​စဉ်​အ​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​၏။ အာ​မင်။

လူ​သား​တို့​အ​ကျင့်​စာ​ရိတ္တ​ပျက်​ပြား​ခြင်း

26. ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် သူ​တို့​ကို ရှက်​ဖွယ်​ကောင်း​သော​ကိ​လေ​သာ​လက်​သို့ အပ်​လိုက်​သ​ဖြင့် သူ​တို့​ထဲ​မှ မိန်း​မ​တို့​ပင်​လျှင် သ​ဘာ​ဝ​နှင့်​လျော်​ညီ​သော​ဆက်​ဆံ​မှု​ကို သ​ဘာ​ဝ​နှင့်​ဆန့်​ကျင်​သော​ဆက်​ဆံ​မှု​ဖြင့် လဲ​လှယ်​ကြ​၏။

27. ထို​နည်း​တူ ယောက်ျား​တို့​သည်​လည်း မိန်း​မ​နှင့်​သ​ဘာ​ဝ​နှင့်​လျော်​ညီ​သော​ဆက်​ဆံ​မှု​ကို​စွန့်​၍ သူ​တို့​အ​ချင်း​ချင်း​ရာ​ဂ​မီး​တောက်​လောင်​စေ​လျက် ရှက်​ဖွယ်​ကောင်း​သော​အ​မှု​ကို ယောက်ျား​အ​ချင်း​ချင်း​ပြု​ကြ​သ​ဖြင့် သူ​တို့​၏​မှား​ယွင်း​ခြင်း​နှင့်​ထိုက်​သင့်​သော​အ​ပြစ်​ဒဏ်​ကို သူ​တို့​ကိုယ်​တိုင်​ခံ​ရ​ကြ​၏။

28. ထို​မှ​တစ်​ပါး သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​မ​သိ​မ​မှတ်​လို​သော​ကြောင့် ဘု​ရား​သ​ခင်​သည် သူ​တို့​ကို ယုတ်​ညံ့​သော​စိတ်​ထံ​သို့ အပ်​လိုက်​တော်​မူ​သ​ဖြင့် သူ​တို့​သည် မ​ပြု​အပ်​သော​အ​ရာ​များ​ကို ပြု​ကြ​ကုန်​၏။

29. သူ​တို့​သည် အ​လုံး​စုံ​သော မ​တ​ရား​မှု၊ ဆိုး​ညစ်​မှု၊ လော​ဘ​လွန်​ကျူး​မှု​နှင့် မ​ကောင်း​မှု​တို့​ဖြင့် ပြည့်​ဝ​လျက်​ရှိ​ကြ​ပြီး မ​လို​မုန်း​ထား​ခြင်း၊ လူ​သတ်​ခြင်း၊ ပ​ဋိ​ပက္ခ​ဖြစ်​ခြင်း၊ စဉ်း​လဲ​ခြင်း၊ ရန်​ငြိုး​ဖွဲ့​ခြင်း​တို့​ဖြင့် ပြည့်​နှက်​ကြ​ကာ အ​တင်း​အ​ဖျင်း​ပြော​ဆို​သော​သူ၊

30. ပုတ်​ခတ်​ပြော​ဆို​သော​သူ၊ ဘု​ရား​သ​ခင်​ကို​မုန်း​သော​သူ၊ မိုက်​ရိုင်း​သော​သူ၊ မာ​န​ထောင်​လွှား​သော​သူ၊ ကြွား​ဝါ​သော​သူ၊ မ​ကောင်း​သော​အ​မှု​များ​ကို တီ​ထွင်​ကြံ​စည်​သော​သူ၊ မိ​ဘ​စ​ကား​ကို​နား​မ​ထောင်​သော​သူ၊

31. အ​သိ​တ​ရား​ကင်း​မဲ့​သော​သူ၊ က​တိ​မ​တည်​သော​သူ၊ ကြင်​နာ​စိတ်​ကင်း​မဲ့​သော​သူ၊ သ​နား​ခြင်း​စိတ်​မ​ရှိ​သော​သူ​များ​ဖြစ်​ကြ​၏။

32. ဤ​အ​ရာ​များ​ကို​ပြု​ကျင့်​သော​သူ​တို့​သည် သေ​ဒဏ်​ခံ​ထိုက်​၏​ဟူ​သော​ဘု​ရား​သ​ခင်​၏​ပြဋ္ဌာန်း​ချက်​ကို သူ​တို့​သိ​လျက်​နှင့်​ပင် သူ​တို့​ကိုယ်​တိုင်​ပြု​ကြ​သည်​သာ​မ​က ထို​သို့​ပြု​ကျင့်​သော​သူ​များ​ကို​လည်း သ​ဘော​တူ​ထောက်​ခံ​ကြ​၏။