ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 9:21-30 Judson Bible (BJB)

21. ယောရံမင်းကလည်း၊ မြင်းရထားကို ပြင်ဆင် လော့ဟုဆိုသည်အတိုင်း၊ မြင်းရထားကို ပြင်ဆင်ကြ၏။ ဣသရေလရှင်ဘုရင်ယောရံနှင့် ယုဒရှင်ဘုရင် အာခဇိတို့ သည် ရထားတော်တခုစီစီးလျက်ယေဟုကို ဆီးကြို မည်ဟု ထွက်သွား၍၊ ယေဇရေလမြို့သား နာဗုတ်၏ မြေကွက်တွင် တွေ့ကြ၏။

22. ယောရံသည် ယေဟုကိုမြင်လျှင်၊ ယေဟု ငြိမ်သက်ခြင်းရှိသလောဟု မေးသော်၊ ယေဟုက။ သင့်အမိယေဇဗေလပြုသော အဓမ္မမေထုန်အမှု၊ ပြုစားသော အမှုများသော ကာလအတွင်းတွင်၊ အဘယ်သို့သော ငြိမ်သက် ခြင်းရှိလိမ့်မည်နည်းဟု ပြန်ပြောသော်၊

23. ယောရံက၊ အိုအာခဇိ၊ ပုန်ကန်မှုပါတကားဟု ဆိုလျက် လှည့်၍ ပြေး၏။

24. ယေဟုသည်လည်း လေးကိုတင်၍ ပစ်သဖြင့်၊ ယောရံကို ပခုံးကြားမှာမှန်၏။ မြှားသည်လည်း နှလုံးကို ထုတ်ချင်းဖောက်၍၊ ယောရံသည် ရထားတော်ပေါ်မှာ လဲနေ၏။

25. ယေဟုကလည်း၊ သူ့ကိုဆွဲ၍ ယေဇရေလမြို့ သားနာဗုတ်မြေကွက်၌ ချပစ်လော့။ သင်နှင့်ငါသည် သူ့အဘအာဟပ်နောက်သို့ မြင်းစီး၍ လိုက်သောအခါ၊ ဤအမှုကို ထာဝရဘုရားဗျာဒိတ်ထားတော်မူသည်ကို မမှတ်မိသလော။

26. အကယ်စင်စစ်နာဗုတ်အသွေး၊ သူ့သားတို့၏အသွေးကို မနေ့က ငါကြည့်မြင်ပြီဟု ထာဝရဘုရားမိန့်တော်မူ၏။ ဤမြေကွက်၌ သင့်ကို အပြစ်နှင့် အလျောက် ငါဒဏ်ပေးမည်ဟု ထာဝရဘုရားမိန့်တော် မူ၏။ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ရှိသည် အတိုင်း၊ ဤမြေကွက်၌ အလောင်းကိုချပစ်လော့ဟု မိမိရထားမှူးဗိဒကကို ဆို၏။

27. ထိုအမှုကို ယုဒရှင်ဘုရင် အာခဇိသည်မြင်လျှင်၊ ဥယျာဉ်စံနန်းလမ်းဖြင့် ပြေး၏။ ယေဟုကလည်း၊ သူ့ကို ရထားပေါ်မှာ ထိုးတော့ဟု လိုက်လျက်ဆိုသည်အတိုင်း၊ ဣဗလံမြို့နား၊ ဂုရမြို့သို့သွားလောလမ်းတွင် ပြုကြသဖြင့်၊ သူသည်မေဂိဒ္ဒေါမြို့သို့ပြေး၍ သေ၏။

28. သူ၏ကျွန်တို့သည် အလောင်းကို ရထားပေါ်သို့ တင်ပြီးလျှင်၊ ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဒါဝိဒ်မြို့တွင် မိမိသင်္ချၖိုင်း၌ ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြ၏။

29. ထိုမင်းအာခဇိသည် အာဟပ်သား ယောရံနန်းစံ ဆယ်နှစ်နှစ်တွင် ယုဒနိုင်ငံ၌ နန်းထိုင်၏။

30. ယေဟုသည် ယေဇရေလမြို့သို့ရောက်သည်ကို ယေဇဗေလသည် ကြားလျှင်၊ မျက်ခမ်းတို့ကို ဆေးသုတ်၍ ဆံပင်ကိုတန်ဆာဆင်ပြီးမှ၊ ပြတင်းပေါက်ဝ၌ ကြည့်ရှုလျက် နေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 9