ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 6:1-15 Judson Bible (BJB)

1. ပရောဖက်အမျိုးသားတို့က၊ ကိုယ်တော်နှင့်အတူ ယခုနေသော အရပ်သည် ကျဉ်းမြောင်းပါ၏။

2. အကျွန်ုပ်တို့သည် ယော်ဒန်မြစ်နားသို့ သွားပါရစေ။ ထိုအရပ်၌ဝိုင်း၍ သစ်သားကိုခုတ်ပြီးလျှင်၊ ကိုယ်နေစရာဘို့ လုပ်ပါရစေဟု ဧလိရှဲထံ၌ အခွင့်တောင်း လျှင်၊ သွားကြလော့ဟု အခွင့်ပေး၏။

3. အချို့ကလည်း မငြင်းပါနှင့်။ ကိုယ်တော်ကျွန် တို့နှင့် ကြွတော်မူပါဟု တောင်းပန်လျှင်၊ ငါသွားမည်ဟု ဝန်ခံသည်အတိုင်း၊

4. သူတို့နှင့်အတူ လိုက်လေ၏။ ယော်ဒန်မြစ်နားသို့ ရောက်သောအခါ သစ်သားကိုခုတ်ကြ၏။

5. တယောက်သောသူသည် ခုတ်စဉ်တွင်၊ ရေထဲသို့ ပုဆိန်ကျ၏။ ခုတ်သောသူကလည်း၊ ခက်လှပြီသခင်။ ထိုပုဆိန်သည် ငှါးခဲ့သောဥစ္စာ ဖြစ်ပါ၏ဟု အော်ဟစ်လျှင်၊

6. ဘုရားသခင်၏လူက၊ အဘယ်မှာ ကျသနည်းဟု မေးသော်၊ ကျရာအရပ်ကိုပြပြီးမှ၊ ဒုတ်ကိုခုတ်၍ ထိုအရပ်၌ချသဖြင့် ပုဆိန်သည် ပေါလောနေ၏။

7. ဆယ်ယူလော့ဟု ဧလိရှဲဆိုသည်အတိုင်း၊ တပည့်သည် လက်ကို ဆန့်၍ ဆယ်ယူ၏။

8. တဖန် ရှုရိရှင်ဘုရင်သည် ဣသရေလပြည်ကို စစ်တိုက်၍၊ ဤမည်သောအရပ်၊ ဤမည်သောအရပ်၌ ငါတို့သည် တပ်ချကြ ကုန်အံ့ဟု ကျွန်တို့နှင့် တိုင်ပင်သောအခါ၊

9. ဘုရားသခင်၏လူသည် ဣသရေလရှင်ဘုရင်ထံသို့ လူကိုစေလွှတ်၍၊ ဤမည်သောအရပ်ကို သတိပြုပါ။ ထိုအရပ်သို့ ရှုရိလူတို့သည် လာကြပြီဟု၊

10. သတိပေးသောအရပ်သို့ ဣသရေလရှင်ဘုရင်သည် လူကိုစေလွှတ်၍ တကြိမ်နှစ်ကြိမ်မက ရန်သူတို့ကို ရှောင်လေ၏။

11. ထိုအကြောင်းကြောင့် ရှုရိရှင်ဘုရင်သည် စိတ်ပူပန်၍ ကျွန်တို့ကို ခေါ်ပြီးလျှင်၊ ငါတို့တွင် အဘယ်သူသည် ဣသရေလရှင်ဘုရင်ဘက်၌ နေသည်ကို ငါ့အား မပြဘဲနေကြသနည်းဟုမေးသော်၊

12. ကျွန်တယောက်က၊ ထိုသို့မဟုတ်ပါ အရှင်မင်းကြီး၊ ကိုယ်တော်စက်တော်မူခန်းထဲ၌ မိန့်တော်မူသောစကားကိုပင်၊ ဣသရေလပြည်၌ရှိသော ပရောဖက်ဧလိရှဲသည်၊ ဣသရေလရှင်ဘုရင်အား ပြန်ပြောတတ်ပါသည် ဟု လျှောက်လေ၏။

13. ရှင်ဘုရင်ကလည်း၊ သူသည်အဘယ်အရပ်၌ ရှိသည်ကို သွား၍ ချောင်းကြည့်လော့။ သူ့ကို ဘမ်းဆီးစေခြင်းငှါ ငါစေလွှတ်မည်ဟု မိန့်တော်မူပြီးမှ၊ ဒေါသန်မြို့ ၌ ရှိပါသည်ဟု လျှောက်လေ၏။

14. ထိုမြို့သို့မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေများကို စေလွှတ်သဖြင့်၊ ညဉ့်အခါရောက်၍ မြို့ကိုဝိုင်းကြ၏။

15. နံနက် စောစောဘုရားသခင့်လူ၏ ကျွန်သည်ထ၍ ပြင်သို့ ထွက်သောအခါ၊ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေတို့သည် မြို့ကို ဝိုင်းလျက်ရှိကြသည်ဖြစ်၍၊ အိုသခင်၊ အဘယ်သို့ ပြုရပါမည်နည်းဟု မိမိသခင်အား ဆို၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 6