ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 25:12-29 Judson Bible (BJB)

12. သို့ရာတွင် စပျစ်ဥယျာဉ်ကိုပြုစု၍ လယ်လုပ်စေခြင်းငှါ၊ ဆင်းရဲသားအချို့တို့ကိုထားခဲ့လေ၏။

13. ဗိမာန်တော်၌ ကြေးဝါတိုင်တို့ကို၎င်း၊ ကြေးဝါရေကန်ကို၎င်း၊ ရေချိုးအင်တုံအခြေအမြစ်တို့ကို၎င်း၊ ခါလဒဲလူတို့သည် ချိုးဖဲ့၍၊ ကြေးဝါရှိသမျှကို ဗာဗုလုန်မြို့သို့ ယူသွားကြ၏။

14. အိုးကင်း၊ တူးရွင်းပြား၊ မီးညှပ်၊ ဇွန်းမှစ၍ အမှုတော်ထမ်းစရာ ကြေးဝါတန်ဆာရှိသမျှ တို့ကိုလည်း ယူသွားကြ၏။

15. ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော လင်ပန်း၊ အိုးအစရှိသော တန်ဆာများကို ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည် ယူသွားလေ၏။

16. ဗိမာန်တော်၌ ရှောလမုန်မင်းလုပ်သော တိုင်နှစ်တိုင်၊ ရေကန်တခု၊ အခြေအမြစ်များ၌ပါသော ကြေးဝါသည် အချိန်အားဖြင့် အတိုင်းမသိများ၏။

17. တိုင်အမြင့်ကားတဆယ်ရှစ်တောင်ရှိ၏။ ကြေးဝါတိုင်ထိပ်လည်း ရှိ၏။ တိုင်ထိပ်အမြင့်ကားသုံးတောင်ရှိ၍၊ ထိပ်ပတ်လည်း ကြေးဝါကွန်ရွက်၊ ကြေးဝါသလဲသီးတို့နှင့် ပြည့်စုံ၏။ အခြားသောတိုင်သည်လည်း ထိုအတူဖြစ်၍ ကွန်ရွက်နှင့် ပြည့်စုံ၏။

18. ကိုယ်ရံတော်မှူးသည် ယဇ်ပုရောဟိတ်မင်း စရာယ၊ ဒုတိယယဇ်ပုရောဟိတ်ဇေဖနိ၊ ဗိမာန်တော် တံခါးမှူးသုံးယောက်တို့ကို ဘမ်းဆီးလေ၏။

19. စစ်သူရဲတို့ကိုအုပ်သော ဗိုလ်တယောက်၊ မြို့ထဲ ၌တွေ့မိသော တိုင်ပင်မှူးမတ်ငါးယောက်၊ ပြည်သူ ပြည်သားများကို နှိုးဆော်သော တပ်စာရေးကြီး တယောက်၊ မြို့ထဲ၌တွေ့မိသော ပြည်သားခြောက်ဆယ်တို့ကို မြို့ထဲကခေါ်သွား၍၊

20. ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ဆောင်ခဲ့ပြီးလျှင်၊

21. ဗာဗုလုန်ရှင်ဘုရင်သည် ဟာမတ်ပြည်ရိဗလမြို့၌ ထိုသူတို့ကို ဒဏ်ပေး၍ ကွပ်မျက်လေ၏။ ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှ သိမ်းသွားခြင်းကို ခံရသတည်း။

22. ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏အခွင့်နှင့် ယုဒပြည်၌ ကျန်ကြွင်းသေးသော လူတို့ကို အုပ်ရသောမင်းအရာ၌၊ ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိကို ခန့်ထားတော်မူ၏။

23. ဗာဗုလုန်ရှင်ဘုရင်သည် ဂေဒလိကို ပြည်အုပ်အရာ၌ခန့်ထားကြောင်းကို တပ်မှူးတို့နှင့် စစ်သူရဲများတို့သည် ကြားသိသောအခါ၊ နာသနိသားဣရှမေလ၊ ကာရာသားယောဟနန်၊ နေတောဖတ်အမျိုး၊ တာနုမက် သားစရာယ၊ မာခလိအမျိုးသားယေဇနိတို့သည် မိမိလူများနှင့်တကွ၊ ဂေဒလိရှိရာမိဇပါမြို့သို့လာ၍၊

24. ဂေဒလိက၊ ခါလဒဲမင်းအမှုကို ဆောင်ရွက်ရမည်အခွင့်ကို မစိုးရိမ်ကြနှင့်။ ဤပြည်၌နေကြလော့။ ဗာဗုလုန်ရှင်ဘုရင်၏အမှုကို ဆောင်ရွက်ကြလော့။ သို့ပြုလျှင် ချမ်းသာရကြလိမ့်မည်ဟူ၍ ထိုသူတို့အား ကျိန်ဆိုလေ၏။

25. သတ္တမလတွင်၊ ဆွေတော်မျိုးတော် ဧလိရှမာသားနာသနိ၏ သားဣရှမေလသည် လူတကျိပ်နှင့်တကွ လာ၍ ဂေဒလိကို၎င်း၊ မိဇပါမြို့၌ ဂေဒလိထံမှာရှိသော ယုဒလူတို့နှင့် ခါလဒဲလူတို့ကို၎င်း သေအောင် လုပ်ကြံလေ၏။

26. ထိုအခါ တပ်မှူးများနှင့် ပြည်သူပြည်သား အကြီးအငယ်အပေါင်းတို့သည် ခါလဒဲလူတို့ကို ကြောက်သောကြောင့် ထ၍ အဲဂုတ္တုပြည်သို့ သွားကြ၏။

27. ယုဒရှင်ဘုရင်ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ်သုံးဆယ်ခုနစ်နှစ်၊ ဒွါဒသမလနှစ်ဆယ် ခုနစ်ရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် ဧဝိလမေရောဒက်နန်းစံ စက၊ ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲကနှုတ်၍ ချမ်းသာပေးလေ၏။

28. ကောင်းမွန်စွာ နှုတ်ဆက်၍ သူ၏ပလ္လင်ကို ဗာဗုလုန်မြို့မှာ အထံတော်၌ ရှိသောမင်းကြီးများထိုင်ရာ ပလ္လင်တို့ထက် ချီးမြှင့်လေ၏။

29. ယေခေါနိမင်းသည် ထောင်ထဲမှာဝတ်သော အဝတ်ကိုလဲ၍၊ အသက်ရှည်သမျှကာလပတ်လုံး အစဉ်မပြတ်အထံတော်၌ စားသောက်ရ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 25